ရိုက်တာသတင်းထောက်နှစ်ဦး လွတ်မြောက်ရေး ဆူးလေစေတီတွင် ဆုတောင်းပွဲပြုလုပ်

ကိုဝလုံးနှင့် ကိုကျော်စိုးဦး လွတ်မြောက်ရန် ဆူးလေစေတီတွင် ဆုတောင်းနေစဉ်(ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

 နိုင်ငံတော်လျှို့ဝှက်ချက် များအက်ဥပဒေဖြင့် အမှုဖွင့်ဖမ်း ဆီးခံရသော ရိုက်တာသတင်း ထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ လွတ်မြောက်ရန် ကိုဝလုံး၏ သူငယ်ချင်းများက ဆူးလေစေတီ ၌ ဆုတောင်းပွဲပြုလုပ်ခဲ့သည်။

သတင်းထောက် ကိုဝလုံး၏ သူငယ်ချင်းများဖြစ်သော ရန်ကုန် အခြေစိုက် ပရဟိတလူငယ်များ ကွန်ရက်အဖွဲ့မှ လူငယ် ၁၅ ဦး သည် ဖမ်းဆီးခံ ရိုက်တာသတင်း ထောက်နှစ်ဦး လွတ်မြောက်ရန် ယမန်နေ့က ဆူးလေစေတီတွင် မောရသုတ်ရွတ်ဆိုခြင်း၊ ဆီမီးထွန်းဆုတောင်းခြင်းများ ပြုလုပ်ခဲ့သည်။


‘‘ကျွန်တော်တို့ ပရဟိတ လုပ်ဖော်ကိုင်ဖက် ကိုဝလုံး အ လုပ်လုပ်ရင်းနဲ့ အဖမ်းခံနေရတယ်။ သူ့ကို ပြန်လွှတ်စေချင်တယ်။ အဲဒါကြောင့် သူ့ရုံးချိန်း မတိုင်မီလေးမှာ စိတ်ခွန်အားရအောင် ကျွန်တော်တို့ လုပ်ပေးတာပေါ့’’ဟု ဆုတောင်းပွဲပြုလုပ်ရာတွင် ဦးဆောင်သူ ကိုဝလုံး၏ သူငယ်ချင်း ကိုသန့်ဇင်စိုးက ပြောသည်။

ကိုဝလုံးသည် စေတနာရှင် လူငယ်များ (ရန်ကုန်) ပရဟိတအဖွဲ့ကို ပူးတွဲတည်ထောင်သူဖြစ်ပြီး ချင်းပြည်နယ်နှင့် ရန်ကုန်မြို့အနီး ဝန်းကျင်ရှိ နွမ်းပါးသည့် ကလေးငယ်များကို အာဟာရများ ကျွေးမွေးခြင်း၊ ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ခြင်းစသည့် ပရဟိတလုပ်ငန်းများ လစဉ်လုပ်ကိုင်နေသူဖြစ်ကြောင်း ကိုသန့်ဇင်စိုးက ပြောသည်။

 မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ (PCMJ) အဖွဲ့ကလည်း လာမည့် ဇန်နဝါရီ ရုံးချိန်းတွင် ဆန္ဒပြကန့်ကွက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ယမန်နေ့ က ဆုတောင်းပွဲတွင် ပါဝင်သူ PCMJ အဖွဲ့မှ ကိုဂျေပိုင်က ပြော သည်။

‘‘ဝလုံးကို တကယ်လွတ်စေ ချင်လို့ သူငယ်ချင်းတွေက လာပြီး ဆုတောင်းပေးတာပေါ့။ သူက ဂျာနယ်လစ်တစ်ယောက်လည်း ဖြစ်တယ်။ ပရဟိတသမားတစ် ယောက်လည်းဖြစ်တယ်။ အဲဒါ ကြောင့် သူ့ကို လွတ်စေချင်တယ်။ ကျွန်တော်တို့ မေတ္တာပို့တယ်။ အမျှဝေတယ်။ သူ့ကို ရစေချင် တယ်’’ဟု ကိုဂျေပိုင်က ပြောသည်။

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက် ချက်များအက်ဥပဒေပုဒ်မ ၃ ဖြင့် ဖမ်းဆီးထားသော ရိုက်တာ သတင်းထောက်နှစ်ဦးကို ဒီဇင်ဘာ၂၇ ရက်က ပထမဆုံးရုံးထုတ်၍ ဒုတိယအကြိမ် ချုပ်ရမန် ၁၄ ရက် ထပ်ယူပြီး အင်းစိန်ထောင်သို့ ပို့ဆောင်ကာ နောက်တစ်ကြိမ် ရုံးချိန်းကို ဇန်နဝါရီ ၁၀ ရက် သို့ ချိန်းဆိုထားသည်။

ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ သတင်းသမားကျင့်ဝတ်ချိုးဖောက် ခဲ့ခြင်းမရှိကြောင်း ဖမ်းဆီးခံရိုက် တာသတင်းထောက်နှစ်ဦးက ဒီဇင်ဘာ ၂၇ ရက် ရုံးထုတ်စဉ် သတင်းထောက်များအား ပြော ကြားသည်။

 အမှုဖွင့်ဖမ်းဆီးခံရသော သတင်းထောက် နှစ်ဦးသည် သတင်းပေးမည်ဟုခေါ်၍ ရဲနှစ်ဦး ကပေးသော စက္ကူလိပ်များတွင် မည်သည့်အရာများပါသည်ကို မသိရသေးမီ ဖမ်းဆီးခံခဲ့ရခြင်းဖြစ် ကြောင်း ရိုက်တာသတင်းထောက် နှစ်ဦး၏ မိသားစုဝင်များက ဒီဇင် ဘာ ၂၈ ရက်၌ သတင်းစာရှင်း လင်းပွဲပြုလုပ်၍ ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် လုံခြုံရေးတာဝန်ထမ်းဆောင်ပြီးနောက် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာ သည့် ရဲတပ်ဖွဲ့ဝင်များကို ချဉ်း ကပ်စည်းရုံးဆက်သွယ်ပြီး အရေး ကြီးလုံခြုံရေးစာရွက်စာတမ်း အ ထောက်အထားများကို ပြည်ပ သတင်းဌာနများသို့ ပေးပို့ရန် ရည် ရွယ်ချက်ဖြင့် တရားမဝင်သတင်း ရယူဆောင်ရွက်ခဲ့သည်ဆိုကာ ရိုက်တာသတင်းဌာနမှ မြန်မာ သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များအက် ဥပဒေပုဒ်မ ၃ ဖြင့် ဒီဇင်ဘာ ၁၂ ရက် ညက ဖမ်းဆီးထားသည်။

၎င်းတို့နှင့်အတူ ရဲတပ်ဖွဲ့ဝင် နှစ်ဦးကို ဖမ်းဆီးထားသည်ဆို သော်လည်း ယနေ့အထိ အဆိုပါ တပ်ဖွဲ့ဝင်နှစ်ဦးကို အရေးယူမှု အခြေအနေ ထပ်မံထုတ်ပြန်ခြင်း မရှိပေ။

More in News Section