ခရီးသည်တင်ယာဉ်နှစ်စီးတိုက်မိ၊ ၁၈ ဦးဒဏ်ရာရ

မင်္ဂလာဒုံမြို့နယ် ပြည်လမ်းပေါ်တွင် Grand Starex ခရီးသည်တင်ယာဉ်နှင့် YBS (၉၁)ယာဉ်တို့တိုက်မိရာ ၁၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဇန်န၀ါရီ ၈ ရက် နံနက် ၈ နာရီခန့်တွင် Grand Starex ခရီးသည်တင်ယာဉ်သည် လမ်းသွယ်မှ ပြည်လမ်းပေါ်သို့တက်ရန်မောင်းလာစဉ် ထောက်ကြန့်မှ မင်္ဂလာဒုံဘက်သို့ မောင်းနှင်လာသည့် YBS (၉၁) ခရီးသည်တင်ယာဉ်နှင့် ၀င်တိုက်မိခဲ့ကြောင်း  ပုလဲအရန်မီးသတ်တပ်ဖွဲ့ဝင် ကိုထင်လင်းအောင်က ပြောသည်။

‘‘ကားလေး (Grand Starex) ပေါ်က အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦးထိတယ်။ အမျိုးသမီးတစ်ဦးကတော့ခေါင်းကိုထိပြီး စိုးရိမ်ရတယ်’’ဟု ၎င်းက ပြောသည်။

YBS (၉၁) ယာဉ်ပေါ်တွင် အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီးလေးဦးထိခိုက်ဒဏ်ရာရရှိပြီး ဒဏ်ရာရရှိသူများကို မြောက်ဥက္ကလာပဆေးရုံသို့ တင်ပို့ထားပြီး စိုးရိမ်ရသူမရှိကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘ကားလေးပေါ်က လေးယောက်ကိုတော့ ဒဏ်ရာပြင်းလို့ အင်းစိန်ဆေးရုံမှာတင်ထားပေးတယ်’’ဟု ၎င်းက ပြောသည်။ YBS ယာဉ်ပေါ်မှ ခရီးသည်များသည် ပွန်းပဲ့ဒဏ်ရာများသာရရှိသော်လည်း (၁၀) နှစ်အရွယ်ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ရဲအရာရှိက ဆက်လက်ပြောသည်။