မိတ္ထီလာတွင် နေအိမ်ထဲဝင်ပြီး ဓားထောက်အနုကြမ်းစီးသူ ဖမ်းမမိသေး

မိတ္ထီလာမြို့ ပြည်သာယာ(တောင်)ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ဇနီးမောင်နှံ နှစ်ဦး အိပ်ပျော်နေစဉ် အမျိုးသားတစ်ဦးက နေ အိမ်အတွင်းဝင်ရောက်၍ ဓားဖြင့်ထောက်ကာ အနုကြမ်းစီးမှုဖြစ်ပွားခဲ့သည်။

ဇန်နဝါရီ ၇ ရက် နံနက် ၃ နာရီခန့်က အမျိုး သားတစ်ဦး အိပ်ခန်းအတွင်းသို့ ဝင်လာပြီးနောက် ဇနီးမောင်နှံနှစ်ဦးကို ‘‘မလှုပ်နဲ့၊ အသံမထွက်နဲ့၊ အော်ရင်ထိုးမှာ’’ဟု ပြောဆိုပြီးနောက် လုယက်ခဲ့ကြောင်း မိတ္ထီလာအမှတ် (၃) နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

 ‘‘သူတို့လင်မယား နှစ် ယောက်စလုံးကို လက်ပြန်ကြိုး တုပ်တယ်။ ပါးစပ်ကိုလည်း တိပ် ကပ်ထားတယ်။ လုတဲ့အမျိုးသား ကတော့ အညိုရောင်အဝတ်ကို မျက်နှာမှာအုပ်ထားတယ်လို့ ပြောတယ်။ အိမ်ရှင်အမျိုးသားကတော့ မျက်နှာကိုမြင်လိုက်တယ်။ အပြင် မှာတွေ့ရင် မှတ်မိတယ်လို့ ပြော ပါတယ်’’ဟု ၎င်းက ပြောကြား သည်။

အနုကြမ်းစီးသည့် အမျိုး သားသည် စားပွဲခုံပေါ်တင်ထားသည့် စိန်လက်စွပ်နှစ်ကွင်း၊ ရွှေလက်စွပ်တစ်ကွင်း၊ ငွေကျပ်သုံးသိန်း၊ Lenovo လက်ပ်တော့တစ်လုံး၊ Vivo ဟန်းဆက်တစ်လုံး စုစုပေါင်းခန့်မှန်းတန်ဖိုး ကျပ် ၁၈ သိန်းခန့် လုယူခဲ့သည်။

‘‘အခုချိန်ထိတော့ တရားခံကို ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။ လူတွေကိုတော့ အန္တရာယ်မပြုဘူး။ သံသယရှိတဲ့သူတွေကို လိုက်ပြီးရှာနေပါတယ်’’ဟု အမှတ်(၃)နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဇန်နဝါရီ ၇ ရက် ည တွင်ပြောသည်။

 ဓားထောက် လုယက်သူ အမည်မသိအမျိုးသားကို အမှတ် (၃) နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၈၆ (ခြောက်လှန့်တောင်းယူမှု)ဖြင့် အမှုဖွင့်ကာ လိုက်လံရှာဖွေနေကြောင်း သိရသည်။

More in Crime Section