KNPP တပ်ဖွဲ့ဝင်များကို သတ်ဖြတ်ခြင်း ရှုတ်ချကြောင်း ဆန္ဒပြသည့် လူငယ်ငါးဦးကို တရားရုံး၌ စတင်စစ်ဆေး

 ကယားပြည်နယ် အခြေစိုက် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ဖြစ်သော ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ (KNPP)ရဲဘော်သုံးဦးနှင့် အရပ် သားတစ်ဦး သတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်၍ ရှုတ်ချကြောင်း ဆန္ဒ ပြမှုကြောင့် ဖမ်းဆီးခဲ့သည့် လူငယ်ငါးဦးကို ဇန်နဝါရီ ၈ ရက် တွင် လွိုင်ကော်မြို့နယ် တရားရုံး၌စတင်စစ်ဆေးခဲ့ပြီး ဇန်နဝါရီ ၁၀ ရက်သို့ ထပ်မံချိန်းဆိုခဲ့ကြောင်း ဒေသခံ ခွန်းဘီထူးက ပြောသည်။

KNPP တပ်ဖွဲ့ဝင်များ အသတ်ခံရမှုအပေါ် အမှန်တရား ဖော်ထုတ်ပေးရန် ဆန္ဒထုတ်ဖော် ခဲ့သည့် စစ်မုန်း (ဒီးဒီ)၊ ခွန်းဘိုဘို၊ ခွန်ရဲမင်းကျော်၊ မျိုးလှိုင်ဝင်း၊ ခွန်းဂျွန်ပေါလ်တို့ကို ဇန်နဝါရီ ၅ ရက်က မြို့ခံများကိုယ်တိုင် ရဲတပ် ဖွဲ့နှင့် တရားရုံးထံ အပ်နှံခဲ့သည်။ ထိုသို့ အပ်နှံရာတွင်လည်းဒေသခံ ငါးရာကျော်တို့သည် လူငယ်များ အပေါ် တရားစွဲဆိုခဲ့သော အာဏာပိုင်များ၏ လုပ်ရပ်ကို ကန့်ကွက်ကြောင်း ထပ်မံဆန္ဒ ထုတ်ဖော်ခဲ့သည်။


လူငယ်ငါးဦး၏ ပထမဆုံး တရားရုံးချိန်းတွင် တရားလို မြို့ နယ် ရဲစခန်းမှူးနှင့် တရားလိုပြ သက်သေ သုံးဦးကို စတင်စစ် ဆေးခဲ့သည်ဟု တရားရုံးချိန်းသို့ သွားရောက်ခဲ့သည့် ခွန်းအေသန်း က ပြောသည်။

‘‘၁၀ ရက်နေ့ကို ပြန်ချိန်း ထားတယ်။ တရားလိုပြသက်သေ ရှိသေးတယ်တဲ့။ အဓိကကတော့ တရားလိုတွေဘက်က ဒီဇင်ဘာ ၂၂ ရက်မှာ လူငယ်တွေ ဆန္ဒပြ တာ ခွင့်ပြုမိန့်မယူဘဲနဲ့ ဆန္ဒပြ တာဖြစ်တယ်။ ဥပဒေအရ အပြစ် ရှိတယ်လို့ ယူဆတဲ့အတွက် ဒါကို တရားစွဲဆိုတာလို့ ထွက်ဆိုတာ ပေါ့’’ဟု ၎င်းကရှင်းပြသည်။

တရားစွဲဆိုခဲ့သည့် လူငယ် များဘက်ကလည်း တရားလိုနှင့် တရားလိုပြ သက်သေများ၏ ထွက်ဆိုမှုအပေါ် ပြန်လည်မေး ခွန်းထုတ်ခြင်းများ ရှိခဲ့သည်ဟု ခွန်းအေသန်းက ပြောသည်။

‘‘အဓိက ဒီလိုဖြစ်ရတဲ့ အ ကြောင်းရင်းခံဖြစ်တဲ့ အရပ်သား တစ်ဦး သတ်ဖြတ်ခံရတယ်။ အလောင်းမီးရှို့ ဖျောက်ဖျက် တယ်။ ဒီကိစ္စကိုတော့ ရဲတွေက အရေးတယူမလုပ်ဘူး။ ဒီနေ့ အထိ ဥပဒေအရ တုံ့ပြန်မှုတွေ ဘာမှမလုပ်ဘဲ ဒါကို ဖော်ထုတ် ပေးဖို့ တောင်းဆိုတဲ့ လူငယ်တွေ ကိုပဲ ငြိမ်းစုစီ ဥပဒေအရ တရားစွဲ ဆိုမှု လုပ်နေတာတွေက ရဲဝန် ထမ်းတွေရဲ့ တာဝန်ကျေပွန်မှုကို မေးခွန်းထုတ်တယ်။ အဲဒီလို အပြန်အလှန်တွေတော့ ရှိကြ တယ်’’ဟု ခွန်းအေသန်းက ဆို သည်။

တပ်မတော်ယာဉ်တန်းအား တားဆီးခြင်းနှင့်ပတ်သက်၍ ဒီဇင် ဘာ ၂၀ ရက်တွင် KNPP တပ်ဖွဲ့ ဝင်သုံးဦးနှင့် အရပ်သားတစ်ဦးတို့ သည် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင်ကော်)လက်အောက်ခံ တပ် များမှ တပ်ဖွဲ့ဝင်များ၏ လက် ချက်ဖြင့် သေဆုံးခဲ့ရာ ယင်းလုပ် ရပ်အပေါ် ရှုတ်ချကြောင်း ဒေသ ခံ ၁၅ ဦးခန့်က ဒီဇင်ဘာ ၂၂ ရက် တွင် လွိုင်ကော်မြို့ပေါ်၌ ဆန္ဒ ထုတ်ဖော်ခဲ့သည်။ ယင်းသို့ ဆန္ဒထုတ်ဖော်သူများအနက် ဦး ဆောင်သူ ငါးဦးကို မြို့နယ်ရဲတပ် ဖွဲ့က ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခဲ့သည်။

KNPP တပ်ဖွဲ့ဝင်များ သေ ဆုံးခြင်းနှင့်ပတ်သက်၍ ဒကစ (လွိုင်ကော်)က ရရှိပြီး ငြိမ်းချမ်း ရေးအပေါ် ဆက်လက်ထိန်းသိမ်း နိုင်ရေး ဆောင်ရွက်မည်ဖြစ် ကြောင်း ရှင်းလင်းချက် ထုတ် ပြန်ထားသည်။ ထို့အပြင် တပ် မတော်မှ ဗိုလ်မှူးချုပ်အဆင့်ရှိ အရာရှိတစ်ဦးပါဝင်သည့် စုံစမ်း စစ်ဆေးရေးခုံအဖွဲ့ဖြင့် စုံစမ်းစစ် ဆေးနေသည်။