ကုန်ဈေးနှုန်းပုစ္ဆာအတွက် အဖြေဘယ်လိုရှာမလဲ

မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်များအပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းက ပြည်သူလူထုကို အကျပ်ရိုက်စေသည်။(ဓာတ်ပုံ − ကျော်ဇင်သန်း)

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက် တာအေးဇံကကုန်ဈေးနှုန်းကျဆင်းစေမည့် အကြံပြုချက်တစ်ခုကို ပြီးခဲ့သည့်ရက်ပိုင်းက သထုံလူထုတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။ ထိုအကြံပြုချက်သည် သထုံမြို့ကို ကျော်လွန်၍ နိုင်ငံအနှံ့သို့ ပျံ့နှံ့လာခဲ့သည်။

‘‘ဟင်းတစ်မည်ပဲ စားကြရ မယ်။ လက်ဖက်ရည်ဆိုင်လည်း မထိုင်ရဘူး။ ဟင်းတစ်မည်ပဲ အိမ်မှာချက်စားမယ်ဆိုရင် ကုန်ဈေး နှုန်းက မကျဘူးလား၊ ကျတယ်။ အဲဒါ အကောင်းဆုံးပေါ့’’ဟု ဒေါက်တာအေးဇံက အကြံပြုခဲ့သည်။

ဝန်ကြီးချုပ်၏ အကောင်း ဆုံးဆိုသည့် အကြံပြုချက်သည် ပြည်သူလူထု ခံစားနေရသည့် ကုန်ဈေးနှုန်း  ကြီးမြင့်နေခြင်းအ တွက် အမှန်တကယ်ဖြေရှင်းနိုင်မည့် နည်းလမ်းဖြစ်မလားဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်လာ သည်။ နာမကျန်းဖြစ်နေသည့် မြန်မာ့စီးပွားရေးကို ကုစားနိုင်မည့်ဆေးကောင်း ဟုတ်၊ မဟုတ် ဆန်းစစ်စရာဖြစ်လာသည်။


ဒီချုပ်အစိုးရ တာဝန်ယူခဲ့ သည့် လပေါင်း ၂၀ ကျော်အတွင်း စီးပွားရေးတုံ့နှေးလာခြင်း၊ ကုန် ဈေးနှုန်းကျဆင်းခြင်းက ပြည်သူ များအတွက် အဓိကပြဿနာဖြစ် လာသည်။ ပြည်သူများ ကုန်ဈေး နှုန်းမြင့်တက်မှုဒဏ်  ခံနေရချိန် တွင် ဝန်ကြီးချုပ်တစ်ဦး၏ အကြံ ပြုချက်သည် စီးပွားရေးလုပ်ငန်း ရှင်နှင့် ပညာရှင်များကို အံ့အား သင့်စေသည်။

‘‘ခြိုးခြံတာက ထိထိရောက် ရောက် သက်ရောက်မယ်မထင် ပါဘူး။ ပို့ကုန်ကိုသာ များများတင် ပို့သင့်တာ။ တကယ်အလုပ်အ ကိုင်အခွင့်အလမ်းများပြီး ကိုယ့် ပစ္စည်းကို များများရောင်းနိုင်မှ အ ကျိုးရှိမှာပါ။ ခြိုးခြံတာထက် ပြည်သူလူထုကို ဝင်ငွေများများရ အောင် လုပ်ပေးဖို့က ပိုအရေးကြီး ပါတယ်’’ဟု ယခင်သမ္မတဦးသိန်း စိန်၏ စီးပွားရေးအကြံပေးစီးပွား ရေးပညာရှင် ဦးတင်ထွဋ်ဦးက ပြောသည်။

လက်ရှိ မြန်မာ့စီးပွားရေး တွင် ကြုံတွေ့နေသည့် ပြဿနာ နှစ်ခုမှာ ကုန်သွယ်မှု လိုငွေပြနေခြင်းနှင့် အစိုးရဘတ်ဂျက်လိုငွေ ပြနေခြင်းတို့ဖြစ်သည်။ မြန်မာ နိုင်ငံတွင် ပို့ကုန်ထက် သွင်းကုန် က ပိုများနေပြီး လက်ရှိတင်သွင်း နေရသည့် ကုန်ပစ္စည်းများသည် ပြည်တွင်းတွင် ထုတ်လုပ်၍ အစားထိုးရန် အဆင်သင့်မဖြစ်သေးပေ။ ထို့ကြောင့် ပြည်ပပို့ကုန်ကို များများစားစားပို့နိုင်ရန် ဆောင်ရွက် သင့်ကြောင်း ဦးတင်ထွဋ်ဦးက ဆက်လက်ပြောသည်။

ပြည်တွင်း အဓိကစား သောက်ကုန် ဆန်ဈေးသည် ၂၀၁၇ ဇန်နဝါရီ ၁ ရက်က ပေါ်ဆန်မွှေး တစ်ပြည်လျှင် ကျပ် ၂,၀၀၀ မှ ၂၀၁၈ ဇန်နဝါရီ ၁ ရက်တွင် ကျပ် ၂,၃၀၀ အထိ ရှိလာသည်။ ထို့အတူ ဆီဈေးသည်လည်း ပဲဆီ တစ်ပိဿာလျှင် ကျပ် ၄,၂၀၀ မှ တစ်နှစ်အတွင်း ကျပ် ၄,၅၀၀ အထိ ရှိလာသည်။

ပြည်တွင်းရွှေဈေးသည် အ ခေါက်ရွှေ တစ်ကျပ်သားလျှင် ၂၀၁၇ ဇန်နဝါရီ ၁ ရက်က ကျပ် ၈၄၃,၈၀၀ မှ ၂၀၁၈ ဇန်နဝါရီ ၁ ရက်တွင် ကျပ် ၉၃၅,၀၀၀ ရှိလာသည်။

လက်ရှိတွင် ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးနေသဖြင့် ကုန် ဈေးနှုန်းကျဆင်းစေရေး အစိုးရက ဝင်ရောက် ထိန်းသိမ်းရန်မလို ကြောင်း လက်ရှိအစိုးရ၏ ကုန် ဈေးနှုန်းအပေါ် သဘောထားကို စီးပွားကူးသန်း ဒုဝန်ကြီးက လှစ် ဟပြသည်။

‘‘ဈေးကွက်စီးပွားရေးစနစ် ကူးပြောင်းနေပြီ။ ဒါပေမဲ့ လူတွေ က အစိုးရကိုပဲ ဘာကြောင့်အပြစ် တင်နေရတာလဲ။ ကုန်ဈေးနှုန်း တက်တာ၊ တစ်ခုခုဖြစ်တာနဲ့ဟာ.. အစိုးရ အစိုးရ၊ ဒါဟာ ကျွန်တော် တို့ရဲ့ Mindset (သဘောထား) က မပြောင်းလဲဘူးဆိုတဲ့သဘော ဖြစ်တယ်။ ဈေးကွက်စီးပွားရေး စနစ်မှာ ဈေးကွက်ကို လွှမ်းမိုးတာ အစိုးရမဟုတ်ဘူး။ ဈေးကွက်ကို လွှမ်းမိုးထားတာ ဝယ်လိုအားနဲ့ ရောင်းလိုအားလို့ခေါ်တဲ့ ဈေး ကွက်အင်အားစုတွေပဲ ဖြစ်ပါ တယ်’’ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိ ယဝန်ကြီး ဦးအောင်ထူးက ၂၀၁၇ဒီဇင်ဘာ ၉ ရက်တွင် ပြောကြားခဲ့ သည်။

ထိုပြောကြားချက်အရ လက်ရှိအစိုးရသည် ကုန်ဈေးနှုန်းကြီး မြင့်ခြင်းကို တိုက်ရိုက်ဝင်ရောက် ထိန်းချုပ်ရန် ဆန္ဒမရှိကြောင်း ပြသနေသည်။

 ယခင်တပ်မတော်အစိုးရ လက်ထက်တွင် ကုန်ဈေးနှုန်းကြီး မြင့်ခြင်းကို ထိန်းချုပ်ရန် အခွန် လွတ်ဈေးများ တည်ဆောက်ပေး ခြင်းနှင့် လုပ်ငန်းရှင်များကို ဖိအားပေးဈေးချစေခြင်းများ ပြုလုပ်ခဲ့ ဖူးသည်။ သို့သော် ထိုဆောင်ရွက် ချက်များသည် မှန်ကန်သည့် နည်းလမ်းများမဟုတ်ကြောင်း လုပ်ငန်းရှင်များက ထောက်ပြခဲ့သည်။

ကုန်ဈေးနှုန်းအတက်အကျ သည် ဈေးကွက်အတွင်း ဝယ်လို အား၊ ရောင်းလိုအားနှင့်သာ တိုက် ရိုက်မူတည်ပြီး ဝယ်လိုအားများ လျှင် ကုန်ပစ္စည်းများ ဈေးတက် မည်သာဖြစ်ကြောင်း ကမ္ဘောဇ ဘဏ်အုပ်စု အကြီးတန်းအကြံ ပေး ဦးသန်းလွင်က ပြောသည်။ ထုတ်လုပ်မှုအပိုင်းတွင် ပိုလျှံ စေရန် ထုတ်လုပ်နိုင်လျှင် ကုန် ဈေးနှုန်းကျမည်ဖြစ်ပြီး ထိုသို့ ကုန် ထုတ်မှုများပြားလာရန် အခွန်နှင့် ဆွဲဆောင်ရမည်ဖြစ်ကာ လက်ရှိ အချိန်သည် ဒုတိယကမ္ဘာစစ်ပြီး ချိန်ကဲ့သို့ ချွေတာသုံးစွဲရမည့် ကာလမဟုတ်တော့ကြောင်း ၎င်း က ဆိုသည်။

  ‘‘ကုန်ဈေးနှုန်းကျဆင်းဖို့ အဓိကလုပ်ရမှာက ထုတ်လုပ်မှု ကဏ္ဍတိုးတက်ဖို့က အဓိကပဲ။ စားသုံးမှုကို လျှော့ချရုံနဲ့ ကုန်ဈေး နှုန်းက ကျဆင်းမှာမဟုတ်ဘူး။ ဂျီဒီပီ (နိုင်ငံ့အသားတင်ထုတ်လုပ် မှုတန်ဖိုး) တိုးတက်အောင် လုပ် နိုင်မှ စီးပွားရေးက တက်လာမှာ’’ ဟု ၎င်းက ဆက်လက်ပြောသည်။

ဝန်ကြီးချုပ်သည် စီးပွားရေး ကဏ္ဍတွင် နားမလည်ဘဲ ပြော ခြင်းဖြစ်ပြီး ၎င်း၏ အကြံပြုချက် သည် စီးပွားရေးမလုပ်တတ်သူက အမှန်တကယ်လုပ်နေသူများကို အထင်သေး၍ ပြောကြားခြင်းသာ ဖြစ်ကြောင်း ဖိနပ်လုပ်ငန်းရှင် ကိုပြည့်စုံအောင်က ပြောသည်။

 ‘‘ကုန်ဈေးနှုန်းကျအောင် လုပ်တယ်ဆိုတာ ဒီလောက် မလွယ်ပါဘူး။ သူပြောတာက အ ဖြေမဟုတ်ပါဘူး’’ဟု ၎င်းက ဆက်လက်ပြောသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် သည် စီးပွားရေးကျဆင်းနေခြင်း ကို တာဝန်မခံလို၍ ပြည်သူကို လက်ညှိုးထိုးခြင်းဖြစ်ကြောင်း ကိုကာကိုလာကုမ္ပဏီမှ သင်တန်း ဆရာ ဦးကိုင်ခိုလတ်က ပြောသည်။

 ‘‘ထမင်းတစ်နပ်လျှော့စား ပြောတဲ့လူနောက်လိုက်ဖြစ်သွား တာပေါ့။ စီးပွားရေးမကောင်းလို့ ကုန်ဈေးနှုန်းတက်တာ အစိုးရကို အပြစ်မပြောလို့ ဘယ်သူ့ပြောရ မလဲ။ ဒါတွေက အစိုးရမူဝါဒအ လွဲကြောင့် ဖြစ်လာတဲ့ကိစ္စပါ’’ဟု ၎င်းက ပြောသည်။

 ကုန်ဈေးနှုန်းကျခြင်းနှင့် ခြိုးခြံချွေတာခြင်းသည် မတူညီ ကြောင်း၊ ဟင်းတစ်မည်လျှော့စား ရုံဖြင့် ကုန်ဈေးနှုန်းမကျနိုင် ကြောင်းနှင့် အစိုးရဘက်က ဖြေ လျှော့ရမည့်အချက်များ ဖြေလျှော့မှသာ စီးပွားရေးတိုးတက်မည်ဖြစ် ကြောင်း မွန်ပြည်နယ်ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း ဒုတိယဥက္ကဋ္ဌ ဦးမင်း ဗညားစန်းက ပြောသည်။

၂၀၁၇ အတွင်း စီးပွားရေး ကျဆင်းလာပြီး ကုန်ဈေးနှုန်းမြင့် တက်လာခြင်းသည် ဆောက်လုပ် ရေး၊ အိမ်ခြံမြေ၊ ကုန်သွယ်မှုနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများ ကျ ဆင်းလာခြင်းကြောင့်ဖြစ်ကြောင်း ဈေးကွက်ရေးရာ ကျွမ်းကျင်သူ များအသင်းဥက္ကဋ္ဌ ဦးမြင့်ဇော်က ပြောသည်။

 ကုန်ဈေးနှုန်းကြီးမြင့်လာ ခြင်း၏ အဓိကအချက်သည် ပြည် သူများက တိုင်းပြည်စီးပွားရေးကျ ဆင်းနေသည်ဟူသည့် ထင်မြင်မှု က စတင်ကြောင်း ဦးမြင့်ဇော်က သုံးသပ်သည်။ ယင်းအတွေး ကြောင့် စီးပွားရေးလုပ်ငန်းအများ စုသည် လုပ်ငန်းအသစ်တိုးချဲ့ရန် ထက် ဘဏ်တွင် ငွေစုခြင်းကိုသာ အားသန်လာကြောင်း ၎င်းက ပြောသည်။ လုပ်ငန်းများ လုပ်ကိုင်ရန် စောင့်ကြည့်သည့်အနေအထား ဖြစ်လာပြီး စီးပွားရေးမတိုးတက် လာခြင်းကြောင့် လုပ်ငန်းအသစ် လုပ်ကိုင်ရန် တွန့်ဆုတ်လာ ကြောင်း ၎င်းက ဆိုသည်။

‘‘လူတွေက မသုံးဘူး။ မသုံး တော့ စက်ရုံတွေကလည်း အလားအလာမရှိဘူးဆိုပြီး မထုတ်ဘူး။ မထုတ်တော့ ရင်းနှီးမြှုပ်နှံမှုတွေ က ဝင်မလာဘူး။ နောက်ဆုံးတော့ ကုန်ဈေးနှုန်းက မြောက်တက်သွားတာ’’ ဟု ဦးမြင့်ဇော်က ပြောသည်။

အစိုးရက လက်ရှိ လုပ်ကိုင် နေသည့် အသေးစား၊ အလတ် စားစီးပွားရေး  လုပ်ငန်းများကို ထောက်ပံ့ပေးနေခြင်းအစား အ လားအလာရှိသည့် ကော်ပိုရေး ရှင်းလုပ်ငန်းများကို ဦးစားပေး သင့်ကြောင်း ဦးမြင့်ဇော်က အကြံ ပြုသည်။ SME လုပ်ငန်းများသည် အိမ်ထောင်စု ၁၂ စုမှ ၅၀ အထိ အလုပ်အကိုင်  ဖန်တီးပေးနိုင် သော်လည်း ကော်ပိုရေးရှင်းကဲ့သို့ လုပ်ငန်းကြီးများသည် အိမ်ထောင်စု ၁,၀၀၀ မှ ၂,၀၀၀ အထိ အလုပ်အကိုင်ပေးနိုင်ကြောင်း ၎င်းက ထောက်ပြသည်။

‘‘အခုလို စီးပွားရေးကျနေတဲ့ အချိန်မှာ SME တွေ ပိုက်ဆံချေး နေတယ်။ SME တွေ အားကောင်း လာတဲ့အချိန် ဒီပစ္စည်းတွေက ဈေးကွက်ရှိနိုင်ပါတော့မလား’’ဟု ဦးမြင့်ဇော်က မေးခွန်းထုတ်သည်။

ပြည်တွင်း၌ ဝယ်လိုအားများ သည့် ကုန်ပစ္စည်းများကို ပြည်ပ နိုင်ငံများမှ လာရောက်ရောင်းချ ရန် အဆင်သင့်အနေအထားရှိနေ သည်။ သို့သော် ပြည်တွင်းလုပ် ငန်းရှင်များက မိမိတို့ထုတ်ကုန် များ ဈေးကွက်ဝေစုများများရစေ ရေး နိုင်ငံခြားမှ တင်သွင်းသည့် ကုန်ပစ္စည်းများကို တားဆီးပေး ရန် အစိုးရကို ဖိအားပေးနေသည် ဟု ဈေးကွက်မြှင့်တင်ရေး မန်နေ ဂျာ ဦးထွန်းအောင်က ဆိုသည်။

‘‘ပြည်တွင်း SME လုပ်ငန်း တွေ ကာကွယ်ပေးဖို့ဆိုပြီး ပြည်ပ က သွင်းတာကို တားခိုင်းတယ်။ ရလဒ်က အရည်အသွေးမကောင်း တဲ့ပစ္စည်းတွေကို ဈေးကြီးပေးသုံး ရတယ်။ SME ဖွံ့ဖြိုးရေးဆိုတာနဲ့ အစိုးရကို လုပ်ငန်းရှင်တွေ ခြိမ်း ခြောက်ထားတယ်’’ဟု ၎င်းက ထောက်ပြသည်။

ဒီချုပ်ပါတီ၏ စီးပွားရေး ကော်မတီကလည်း ကုန်ဈေးနှုန်း ကျဆင်းရေးထက် အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးကိုသာ ဆောင်ရွက်ရန် မူဝါဒချထား ကြောင်း ဆိုသည်။

 အစိုးရသက်တမ်းအတွင်း ကုန်ဈေးနှုန်းထိန်းညှိနိုင်ခြင်းမရှိလျှင် ပြည်သူလူထုက နောက်တစ်ကြိမ် ရွေးကောက်ပွဲတွင် လက်ခံနိုင်မည်မဟုတ်ကြောင်းနှင့် ကုန် ဈေးနှုန်းကျရန် အစိုးရအနေဖြင့် သီအိုရီမဆန်သင့်တော့ကြောင်းဦးထွန်းအောင်က ဆိုသည်။ အစိုးရသည် ကုန်ဈေးနှုန်းကျဆင်းရေးအ တွက် ခြိုးခြံရေးလမ်းစဉ်အစားလုပ်ခလစာတိုးမြှင့်ပေးနိုင်ရန်နှင့်အလုပ်အကိုင် အလားအလာ ကောင်းများရရှိရန် အစီအမံချပေးသင့်သည်ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးဇော်မင်းက ဆို သည်။

စီးပွားရေးလုပ်ငန်းရှင်များ ကမူ ကုန်ဈေးနှုန်းကျဆင်းစေရေး စီးပွားရေးပြန်လည် ကောင်းမွန်လာရန် လုပ်ဆောင်သင့်ပြီး တိကျသည့် စီးပွားရေးဆိုင်ရာ မူဝါဒများ ချမှတ်ရန်၊ အချို့စီးပွားရေးလုပ်ငန်းရှင်များက အစိုးရကို အလုပ်အကိုင်အခွင့် အလမ်းများများ ဖန်တီးပေးမည့် စီးပွားရေးလုပ်ငန်းများကို အစိုးရက ဦးဆောင်ပြီး အကောင်အထည်ဖော်ရန်၊ ကုန်ဈေးနှုန်းကျဆင်းစေ ရေး ကုန်ထုတ်လုပ်သူနှင့် စားသုံးသူကြား ကြားခံနည်းနိုင်သမျှနည်း စေရန်၊ စီစဉ်ပေးရန် စီးပွားရေးပြန်လည်ဦးမော့လာစေရန် အစိုးရအနေဖြင့် အခွန်လျှော့ပေးခြင်း၊ အ လားအလာရှိသည့် လုပ်ငန်းများ အကောင်အထည်ဖော်ခြင်းများ ပြုလုပ်သင့်ကြောင်း အကြံပြုထား သည်။

Top News