ရုပ်ရှင်အကြိုခံစားခြင်း

သုံးရောင်ခြယ်

-ဒီနေ့ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍမှာတော့ နယ်စပ်ဒေသမှာ ခန္ဓာကိုယ်ကိုရင်းပြီး အလုပ်လုပ်ရတဲ့ အမျိုးသမီးတွေအကြောင်း ရိုက် ကူးထားတဲ့ ဇာတ်ကားလေးကို ညွှန်းပေးလိုက်ပါတယ်။

နန်းနုက ထိုင်း-မြန်မာ နယ်စပ်မှာ ခန္ဓာကိုယ်ကိုရင်းပြီး အလုပ်လုပ်တဲ့ကောင်မလေးပါ။ တစ် ရက်မှာတော့ ကောင်းဇော်ဆိုတဲ့ သူတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။ အဲဒီမှာ ကောင်းဇော်က နန်းနုကိုစိတ်ဝင်စားပြီး နန်းနုရဲ့ ဘဝကနေ ကယ်တင်ပေးခဲ့ပါတယ်။ အဲဒီလိုနဲ့နန်းနုကို နယ်စပ်က ရွာတစ်ရွာမှာ ထားခဲ့ပြီး ကောင်းဇော်ကမလေး ရှားနယ်စပ်နားကို အလုပ်သွားလုပ်ခဲ့ပါတယ်။ အဲဒီမှာ မျှော်လင့်မထားပဲ ကောင်းဇော်အဖမ်းခံခဲ့ရ ပါတယ်။

အဲဒီအချိန် နန်းနုက ကောင်းဇော်ရဲ့ ကိုယ်ဝန်ရင့်မာ ကြီးနဲ့ ဖြစ်နေပါပြီ။ အဲဒီလိုနဲ့ သူတို့နေတဲ့ နေရာမှာ တိုက်ပွဲတွေဖြစ်ရင်း နန်းနု သူ့ရဲ့ရင်သွေးလေးကိုမွေးပြီးချိန်မှာတော့ စိတ်ပုံမှန်မဟုတ်တော့သလို ဖြစ်သွားခဲ့ ပါတယ်။ နောက်ပြီး သူတို့ဒေသမှာဖြစ်လေ့ရှိတဲ့ တိုက်ပွဲတွေ ကြောင့်ပဲ နန်းနုအသက်ဆုံးရှုံးခဲ့ရ တာကြောင့် သူ့သမီးလေးက သူ့ရဲ့  ဦးလေးနဲ့ ကျန်ခဲ့ပါတယ်။ ကောင်းဇော်က သူထောင်ကနေ ထွတ်လာတဲ့အချိန် နန်းနုကို လာ ရှာခဲ့ပေမယ့် မတွေ့တော့ပါဘူး။

နန်းနုရဲ့သမီးလေးနာမည် က ချယ်ရီပါ။ ချယ်ရီက သူ့ရဲ့ ဘကြီးနဲ့နေရင်း အရွယ်ရောက်လာခဲ့ပါတယ်။ ချယ်ရီတို့ဆီကိုရောက်လာသူက ဓာတ်ပုံဆရာ အောင်ခက်ပါ။ အောင်ခက်က ချယ်ရီ အပါအဝင် ကောင်မလေးတွေကိုမော်ဒယ်အလုပ်လုပ်ဖို့ဆိုပြီး မြို့ကိုခေါ်သွားကာ သင် တန်းတွေပေးခဲ့ပါတယ်။ နောက်တစ်ဆင့်အနေနဲ့ကတော့ နယ်စပ်မှာလုပ်မယ့် ဖက်ရှင်ပွဲအတွက် ဆိုပြီး ချယ်ရီတို့ကို ခေါ်သွားပါတယ်။

တကယ်တော့ အဲဒါက အောင်ခက်ရဲ့ အကြံပါ။ သူက ပြည့်တန်ဆာခေါင်း အလုပ်ကို လုပ်တဲ့သူ တစ်ယောက်ပါ။ ကောင်မလေးတွေရဲ့ အပျိုစင် ဘဝတွေကို ရောင်းစားပြီး အဲဒီအလုပ်လုပ်စေခဲ့တာပါ။ ချယ်ရီ လည်း မထူးတော့တဲ့ ဘဝမှာပဲ နေခဲ့ရပါတယ်။ ချယ်ရီက သူ ငယ်ငယ်လေးကတည်းက ပစ်ထားခဲ့တဲ့ သူ့အဖေကို အရမ်းမုန်း နေပါတယ်။ သူအဲဒီလို ဘဝကိုရောက်ခဲ့ရတာ သူ့အဖေရဲ့ စွန့်ပစ် မှုကြောင့်ဆိုပြီး သူ့စိတ်ထဲမှာ မှတ်ယူထားခဲ့ပါတယ်။

ကောင်းဇော်က မမျှော်လင့်ဘဲ နန်းနုရဲ့ ဦးလေးနဲ့ ပြန်တွေ့ခဲ့ပါတယ်။ နန်းနုရဲ့ ဦးလေးက တော့ ကောင်းဇော်ကို လူယုတ်မာဆိုပြီး သတ်ဖို့တောင်လုပ်ခဲ့ပါ တယ်။ ဒါပေမဲ့ ကောင်းဇော်က သူ့အကြောင်း ရှင်းပြခဲ့ပါတယ်။ အဲဒီအချိန်မှာ ကောင်းဇော်သိ လိုက်ရတာက သူ့မှာ သမီးလေးတစ်ယောက်ရှိတယ်ဆိုတာကိုပါ။

ဖခင်ဖြစ်သူကို စိတ်နာနေတဲ့ ချယ်ရီ သူ့အဖေနဲ့ ပြန်ဆုံရင် ခွင့်လွှတ်ပေးနိုင်မှာလား။ ကောင်းဇော်ကရော ခန္ဓာကိုယ်ရင်းပြီး အလုပ်လုပ်နေရတဲ့ သမီးကို ဘယ်လိုကယ်တင်မှာလဲ။ ဘယ်လို ဇာတ်လမ်းတွေ ဆက်ဖြစ်ဦးမလဲဆိုတာကိုတော့ ဇန်နဝါရီ ၁၂ ရက်ကစတင်ပြီး ရန်ကုန်၊ မန္တလေး အပါအဝင် နယ်မြို့က ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမယ့် သုံးရောင်ခြယ် ဇာတ်ကားမှာ ဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ ကောင်းဇော်အဖြစ် ခန့်စည်သူ၊ အောင်ခက်အဖြစ် မင်းမော်ကွန်း၊ ချယ်ရီအဖြစ် အိချောပို၊ နန်းနုအဖြစ် ရွှေသမီးတို့က ပါဝင်သရုပ်ဆောင်ထား ပါတယ်။ ဈာန်သခင်သွေးရဲ့ ဇာတ်လမ်းကို မောင်မြတ်ဆွေက ဇာတ်ညွှန်းရေးပြီး ဒါရိုက်တာစတီးလ်က ရိုက်ကူးပုံဖော်ထားပါ တယ်။