ကယ်လီဖိုးနီးယား တောင်ပိုင်းတွင် မြေပြိုမှုများကြောင့် ၁၃ ဦးထက်မနည်း သေဆုံး

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းတွင် မြေပြိုမှုများ ဖြစ်ပွားရာ အနည်းဆုံး လူ ၁၃ ဦးမျှ သေဆုံးခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် လမ်းများ၊ လူနေ ဧရိယာများတွင် ခါးလယ်ထိ ရွှံ့နွံများ ဖုံးလွှမ်းသွားခဲ့သည်။ သဘာဝ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူ ၁၆၃ ဦးမျှကို ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း ကယ်ဆယ်ရေးများက ဆိုသည်။

မိုးသည်းထန်စွာ ရွာသွန်းပြီး မုန်တိုင်းဆန်သည့် လေတိုက်ခတ်မှုများကြောင့် ထိခိုက်မိသူ ၂၀ မျှရှိပြီး ယင်းတို့အနက် ၄ ဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်းလည်း သိရသည်။

ဆန်တာဘာဘရာ အရှေ့ပိုင်းရှိ ရိုမဲရိုး လျှိုမြောင် ဧရိယာတွင် လူပေါင်း ၃၀၀ မျှ အဆက်အသွယ် ပြတ်ကာ ပိတ်မိနေကြောင်းလည်း ရဲတပ်ဖွဲ့က ဆိုသည်။ မြေပြိုမှု ဖြစ်ပွားရာ နေရာများ၏ မြင်ကွင်းမှာ ပထမ ကမ္ဘာစစ်အတွင်း စစ်ဘေးသင့်ခဲ့သည့် နေရာနှင့်ပင် တူနေကြောင်း မျက်မြင်များက ပြောကြားခဲ့သည်။

အရေးပေါ် ကယ်ဆယ်ရေး ဌာနများသို့ အကူအညီ တောင်းခံသည့် ဖုန်းခေါ်ဆိုမှုများ ဆက်တိုက် ဝင်လာနေပြီး သေဆုံးသူ ဦးရေသည် လက်ရှိထက် တိုးပွားလာနိုင်ကြောင်း ခန့်မှန်းထားသည်။

ယခုမြေပြိုမှုများ ဖြစ်ပွားရာ ဧရိယာသည် ကမ်းခြေတလျှောက် ဖောက်လုပ်ထားသည့် အဝေးပြေး လမ်းမကြီးတလျှောက် မိုင် ၃၀ ကျော်မျှ ကျယ်ဝန်းသည်။ ယင်းနေရာတွင် ပြီးခဲ့သည့် လကမှ တောမီးများ ကူးစက် လောင်ကျွမ်းခဲ့သေးသည်။

မြေပြိုမှုများကြောင့် လူပေါင်း ထောင်နှင့်ချီ ရွှေ့ပြောင်းထားရပြီး အဆိုးရွားဆုံး ထိခိုက်မှု ဖြစ်ပွားရာ ဒေသများတွင် ကယ်ဆယ်ရေး လုပ်ငန်းများ အဆောတလျင် ဆောင်ရွက်လျက် ရှိသည်။ အထူးသဖြင့် တောင်စောင်း ဧရိယာများတွင် ဆောက်လုပ်ထားသည့် လူနေ အိမ်ခြေများ အဓိက ပျက်စီးခဲ့ကြောင်းလည်း သိရသည်။

ဒီဇင်ဘာလက တောမီးလောင်ကျွမ်းမှုကြောင့် သစ်တော ဧရိယာ အများအပြား ပျက်စီး ဆုံးရှုံးခဲ့ခြင်းကလည်း အခြေအနေကို ပိုမို ဆိုးရွားစေခဲ့သည်။ အဆိုပါ သစ်တောမှုများသည် မြေပြိုမှုများကို လျော့ပါးစေသည့် သဘာဝ အတားအဆီးများသဖွယ် ရှိနေခဲ့သော်လည်း ယခုအခါ ရွှံ့နွံနှင့် မြေစိုင်ခဲများက ကုန်းဆင်းအတိုင်း အဆီးအတားမရှိ လိမ့်ဆင်းလာခဲ့ခြင်း ဖြစ်သည်။

Ref: Reuters