သင်္ဘောချင်း တိုက်မိခဲ့သည့် ရေနံတင်သင်္ဘောတွင် တစ်လမျှ မီးဆက်လောင်နေဖွယ်ရှိ

ရှန်ဟိုင်း ကမ်းလွန်တွင် သင်္ဘောချင်း တိုက်မိရာမှ မီးလောင်မှု ဖြစ်ပွားနေသော အီရန် ရေနံတင် သင်္ဘောသည် တစ်လလုံးဆက်တိုက် မီးဆက်လောင်နေဖွယ် ရှိကြောင်း သိရသည်။

တောင်ကိုရီးယား သမုဒ္ဒရာနှင့် ငါးလုပ်ငန်းဆိုင်ရာ ဝန်ကြီးဌာနက အရှေ့တရုတ်ပင်လယ် အတွင်းတွင် ပြီးခဲ့သည့် သီတင်းပတ်ကုန် ကတည်းက မီးလောင်နေသည့် ရေနံတင် သင်္ဘောသည် လောင်စာကုန်ချိန်ထိ ဆက်လက် လောင်ကျွမ်းနေနိုင်ကြောင်း ဝန်ခံ မှတ်ချက်ပေးခဲ့သည်။

ပနားမားတွင် မှတ်ပုံတင်ထားသည့် အီရန်ပိုင် ရေနံတင် သင်္ဘောသည် ဒေါ်လာ သန်း ၆၀ မျှ တန်ဖိုးရှိသည့် ရေနံစိမ်းများကို တင်ဆောင်ကာ တောင်ကိုရီးယားသို့ ဦးတည် ခုတ်မောင်းလာစဉ် တရုတ် ရေယာဉ် တစ်စီးနှင့် တိုက်မိခဲ့ရာမှ မီးစလောင်ခဲ့ခြင်း ဖြစ်သည်။

ရေနံတင် သင်္ဘောပေါ်မှ အမှုထမ်း တစ်ဦး၏ အလောင်းကို ရှာတွေ့ထားပြီး အခြား ပျောက်ဆုံးနေသူ ၃၁ ဦးမှာလည်း သေဆုံးသွားပြီဟု ယုံကြည်ရသည်။ အဆိုပါ သင်္ဘောနှင့် တိုက်မိခဲ့သည့် တရုတ်ရေယာဉ်မှာမူ အနည်းငယ်သာ ထိခိုက် ပျက်စီးခဲ့သလို သင်္ဘောသား အားလုံးကိုလည်း ကယ်ဆယ်နိုင်ခဲ့သည်။

လက်ရှိ အချိန်တွင် စတုရန်းရေမိုင် ၉၀၀ ကျော်မျှထိ ပတ်ဝန်းကျင်တွင် အဆိပ်အတောက် ဖြစ်နိုင်သော ဓာတုပစ္စည်းများ ပျံ့နှံ့နေသလို မည်းနက်သော မီးခိုးလုံးကြီးများလည်း ထွက်ပေါ်နေဆဲ ဖြစ်သည်။ ရေနံတင် သင်္ဘော အနီးတဝိုက်တွင် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် ဒါဇင်နှင့်ချီသော ရေယာဉ်များက ပျောက်ဆုံးနေသူများကို လိုက်လံ ရှာဖွေနေသည်။

“ကျွန်တော်တို့ ယုံကြည်တာက မီးလောင်မှုဟာ သီတင်းနှစ်ပတ်ကနေ တစ်လလောက်ထိ ကြာနိုင်တယ် ဆိုတာပါပဲ။ ဒါကလည်း အရင်က ဖြစ်ခဲ့တဲ့ ရေနံတင်သင်္ဘော မတော်တဆမှုတွေကို အခြေခံပြီး သုံးသပ်တာပါ။ တကယ်တမ်း စိုးရိမ်တာက ဒီကာလ အတောအတွင်း ရေနံတွေ ဘယ်လောက် ယိုဖိတ်မလဲ ဆိုတာပဲ ဖြစ်ပါတယ်။ သဘာဝ ပတ်ဝန်းကျင်ကို အဆိပ်အတောက် ဆိုးဆိုးရွားရွား ဖြစ်စေနိုင်တာကြောင့်ပါ”ဟု တောင်ကိုရီးယား သမုဒ္ဒရာနှင့် ငါးလုပ်ငန်းဆိုင်ရာ ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရ အရာရှိ ပါ့ခ်ဆွန်ဒေါင်က မှတ်ချက်ပေးခဲ့သည်။

Sanchi ရေနံတင် သင်္ဘောသည် ဇန်နဝါရီ ၆ ရက်က CF Crystal သင်္ဘောနှင့် တိုက်မိခဲ့ပြီး ထိုအချိန်ကစ၍ မရပ်မနား မီးလောင်နေခြင်း ဖြစ်သည်။ သင်္ဘောပေါ်တွင် အပေါ့စား ရေနံစိမ်းတန်ချိန် ၁၃၆၀၀၀ မျှ သယ်ယူလာပြီး ယင်းဓာတု ပစ္စည်းများသည် အလွန် မီးလောင်လွယ်ကြောင်းလည်း သိရှိရသည်။

Ref: Reuters