စိတ်ကျသူကို စာနာဖေးမမှုဖြင့် ဆွဲထူပေးပါ

မြန်မာနိုင်ငံတွင် လူ ၁,၀၀၀ လျှင် ၆ ဦးနှုန်း စိတ်ကျရောဂါခံစားနေရသည်။ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

လူငယ်ဆရာဝန်တစ်ဦး၏ လွန်ခဲ့သည့် သုံးပတ်ခန့်က လူမှုကွန်ရက် စာမျက်နှာတွင် ဘဝကို အရှုံးပေး သည့် နှုတ်ဆက်စာက ကြားသိရသူအပေါင်းကို အံ့သြထိတ်လန့် စေသည်။

‘‘ကျွန်တော့်ဘဝ ဝဋ်ကြွေးကုန်ပြီလို့သာ မှတ်လိုက်ပါ။ ကျွန်တော် သေခြင်းတရားကို မလွန်ဆန်နိုင်တော့ပြီ။ ဘယ်သူ့ပယော ဂမှ မပါပါဘူး။ ကောင်းရာဘုံဘဝ ရောက်ပါစေဟု ဆုတောင်းပေးကြ ပါနော်...’’ စသဖြင့် ရေးသားကာ ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်သည်။  အဆိုပါဆရာဝန်ရေးသားခဲ့သော စာရွက်မှာ ဖေ့စ်ဘွတ်ခ်လူမှုကွန် ရက်တွင် ပျံ့နှံ့ပြီးတွေ့ရသူများ စိတ်မကောင်းဖြစ်စေခဲ့သည်။

အခြားဖြစ်စဉ်တစ်ခုမှာ ဆေးကျောင်းသူတစ်ဦး စာမလိုက် နိုင်သဖြင့် စိတ်ဓာတ်ကျကာ ၎င်း ၏သူငယ်ချင်းထံ ညဥ့်သန်းခေါင်ယံတွင် ရင်ဖွင့်ရန် ဖုန်းဆက်သည်။ သို့သော် သူငယ်ချင်းများက ဖုန်းမကိုင်မိ။ ထို့ကြောင့် အိမ်အောက် ထပ်ရှိ ၎င်း၏မိခင်ကို ဖုန်းဆက် သည်။ မိခင်ဖြစ်သူလည်း အလုပ် ပင်ပန်းပြီး အိပ်ချင်သဖြင့် သေချာ ဂရုတစိုက်ဖြင့် နားမထောင်ဖြစ်ခဲ့။

‘‘သူ့အမေကလည်း ပင်ပန်း ပြီး ပြန်ပြီးတော့ ပြေပြေလည်လည် နားမထောင်အားဘူး။ ဟယ် ဘာ လုပ်နေတာလဲ၊ မနက်ဖြန်စာမေးပွဲ ဖြေရမယ် အိပ်တော့ဆိုပြီး ကရုဏာ ဒေါသောနဲ့ပြောမိတယ်။ အဲဒီအသံက ဆေးကျောင်းသူက ငါ့ကို ကယ်မယ့်သူ မရှိဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်။ မနက်မိုးလင်းသိတော့ အချိန်မမီတော့ဘူး’’ဟု စိတ်ကျန်းမာရေး အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဇော်စိန်လွင်က စိတ်ကျရောဂါ ကြောင့် ကိုယ့်ကိုယ်ကိုယ် သတ် သေခဲ့သောမှတ်မှတ်ရရဖြစ်ရပ် တစ်ခုကိုပြောပြသည်။

စိတ်ကျရောဂါ၏ နောက် ဆက်တွဲသည် အဆိုးရွားဆုံးအဖြစ် မိမိကိုယ်ကိုယ် သေကြောင်းကြံ စည်ခြင်းဖြင့် အဆုံးသတ်တတ်သ ဖြင့် အန္တရာယ်ကြီးမားသည်ကို အဆိုပါဖြစ်စဉ်နှစ်ခုကို ကြည့်ပါ က သတိပြုနိုင်သည်။

 စိတ်ဖိစီးမှုခံစားလာရသူ တိုင်း၏ ၇၀ ရာခိုင်နှုန်းကျော်က မိမိကိုယ်ကိုယ် သေကြောင်းကြံ စည်ရန်  အတွေးရှိကြသော်လည်း တကယ့်လက်တွေ့တွင် ယင်းသို့ ကြံစည်မှုထမြောက်ရန် မလွယ်ကူ ဟု ဒေါက်တာဇော်စိန်လွင်က ဆို သည်။

 မြန်မာနိုင်ငံတွင် လူဦးရေ တစ်ထောင်လျှင် ခြောက်ဦးနှုန်း သည် စိတ်ကျဝေဒနာ ခံစားနေရ သည်။ တစ်နည်းအားဖြင့်ဆိုသော် နိုင်ငံ့လူဦးရေ၏ သုံးသိန်းခန့်သည် ယင်းရောဂါ  ခံစားနေရသည်ဟု အစိုးရက ထုတ်ပြန်ထားသည်။

မိမိကိုယ်ကိုယ် သေကြောင်း ကြံစည်မှုကြောင့် နှစ်စဉ်လူဦးရေ တစ်သိန်းလျှင် သုံးဦးခန့် အသက် ဆုံးရှုံးနေကြောင်း ပြည်ထဲရေးဝန် ကြီးဌာနစာရင်းများ၌ ဖော်ပြထား သည်။ ထို့ပြင် ရန်ကုန်ဆေးရုံကြီး နှင့် မြောက်ဥက္ကလာပဆေးရုံကြီး တို့တွင် ၂၀၁၃ စက်တင်ဘာ ၁ ရက်မှ ၂၀၁၄ သြဂုတ် ၃၁ ရက်အထိသေကြောင်းကြံစည်မှုကြောင့် ရောက်ရှိလာသော လူနာ ၁၀၆ ဦး အနက် စိတ်ကျရောဂါခံစားနေရ သူ ၃၁ ဒသမ ၁ ရာခိုင်နှုန်းရှိ ကြောင်း သေကြောင်းကြံစည်မှုကို လေ့လာထားသော သုတေသန ရလဒ်တွင် ဖော်ပြထားသည်။

မြန်မာတွင်သာမက ကမ္ဘာတွင်ပါ  နှစ်စဉ် လူဦးရေရှစ်သိန်းခန့်သည် စိတ်ကျရောဂါကြောင့် စက္ကန့်လေးဆယ်၌ တစ်ဦးနှုန်းဖြင့် မိမိကိုယ်ကိုယ် အဆုံးစီရင်လေ့ရှိသည်။

ကမ္ဘာတစ်ဝန်းလုံးတွင် စိတ် ကျရောဂါခံစားနေရသူဦးရေ ၃၂၂ သန်းရှိ၍ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင် ၈၆ သန်းခန့်ရှိသည်။ ၂၀၀၅ မှ ၂၀၁၅ အထိ ဆယ်စုနှစ်တစ်ခုအ တွင်း ဝေဒနာရှင် ၁၈ ရာခိုင်နှုန်း ကျော် မြင့်တက်လာပြီး WHO ၏တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လေ့လာထားသော ဆန်းစစ်ချက်များအရ စိတ်ကျရောဂါသည် အ ဆင့်(၄)တွင် ရှိနေပြီး ၂၀၃၀ တွင် ထိပ်ဆုံးရောက်လာနိုင်ကြောင်း တွက်ဆထားသည်။

အမျိုးသမီးများကအမျိုးသား  များထက် နှစ်ဆခန့်ပိုမိုဖြစ်ပွား သည်။ နိုင်ငံချင်းအလိုက်ဖြစ်ပွားမှု သည် အမေရိကန်နိုင်ငံတွင် ၆ ဒသမ ၉ ရာခိုင်နှုန်းရှိပြီးဂျပန်နိုင်ငံ တွင် ၃ ရာခိုင်နှုန်းရှိသည်။ နိုင်ငံအ များစုတွင်မူ ၈ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိ ဖြစ်ပွားမှုရှိသည်။ ထို့ကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ပိုဖြစ်ပွား၍ မြန်မာနိုင်ငံတွင် ဖြစ် ပွားမှုနည်းနေဆဲဖြစ်သည်။

သို့သော် မြန်မာနိုင်ငံတွင် လည်း ငါးသန်းကျော်သည်စိတ် ကျရောဂါအပါအဝင် စိတ်ရောဂါ တစ်ခုခု ခံစားနေရကြောင်း ကျန်း မာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ၂၀၀၂တွင် စိတ်ရောဂါလူနာဦးရေသည် လေးရာခန့်ရှိသော်လည်း ၁၄ နှစ်အကြာ ၂၀၁၆ တွင် ရန်ကုန်ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံ၌ ၁,၆၀၀ ကျော်အထိ တိုးလာသည်။

စိတ်ကျရောဂါသည် အလွှာ စုံ၊ အရွယ်စုံမရွေး ဖြစ်ပွားတတ် သည်။ ယနေ့ခေတ်ကဲ့သို့ ပြိုင်ဆိုင်မှုပြင်းထန်ပြီး အောင်မြင်မှုတစ်ခုကို နှစ်ကာလကြာရှည်စွာ ထိန်းသိမ်းရန် ခက်ခဲလွန်းချိန်တွင် အောင်မြင်ကျော်ကြားသူများ၊ အနုပညာအသိုင်းအဝိုင်းတွင်လည်း ဖြစ်ပွားမှုများရှိသည်။ ၎င်းတို့သည် သာမန်အားဖြင့် အောင်မြင်ကျော် ကြားမှုများရှိနေပြီး ပျော်ရွှင်နေသည်ဟု ထင်မှတ်လိမ့်မည်။ သို့သော် အောင်မြင်ကျော်ကြားမှု နောက်ကွယ်တွင် ဝေဖန်ခံရမှုများ၊ စိတ်ဖိစီးမှုများစွာရှိပေသည်။

မြန်မာနိုင်ငံမှ အနုပညာရှင် များတွင်လည်း ဖြစ်ပွားဖူးပြီး အဆို တော်တစ်ဦးနှင့်ပန်းချီဆရာတစ်ဦး တို့က ၎င်းတို့ တွင် စိတ်ကျရောဂါ ခံစားခဲ့ရဖူးကြောင်း အတိအလင်း ဝန်ခံပြောကြားထားသည်။

‘‘လူအများနဲ့ ကျွန်တော် ဆက်ဆံလို့ မရတော့ဘူး။ ချောင်တစ် ချောင်မှာ ပိတ်နေတာ ကျွန်တော့် အတွက် အလုံခြုံဆုံးလို့ ထင်တယ်။ ပြီးတော့ လူကြီးတွေက ကျွန်တော့်ကို ကြည့်နေတဲ့အကြည့်တွေက အထင်သေးတဲ့အကြည့်တွေ၊ ကျွန်တော့်ကို မလိုတဲ့အကြည့်လို့ မြင် လာတယ်။ ကျွန်တော့်စိတ်ထဲမှာ အကောင်းမမြင်တော့ဘူး။ ည ဘက်ကျရင်လည်း အသံတွေကြား တယ်။ အိပ်မရဘူး။ ကိုယ့်ကို ခေါ် တဲ့အသံတွေကြားတယ်။အရမ်း ကို ခံစားခဲ့ရတယ်’’ဟု Myan-mar Idol အဆိုပြိုင်ပွဲမှ လူသိများ လာ သည့် အဆိုတော်ရဲနောင်က စိတ်ကျရောဂါခံစားရစဉ်က နှစ် ပတ်ကျော်ဖြတ်ကျော်ခဲ့သော အိပ် မက်ဆိုးကို ဖွင့်ဟသည်။

၎င်းသည် ၂၀၁၇ တွင် ပြုလုပ်ခဲ့သော Myanmar Idol Season- 2 အဆိုပြိုင်ပွဲယှဉ်ပြိုင်စဉ်၌ ဝေ ဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသဖြင့် စိတ်ကျဝေဒနာခံစားခဲ့ရသည်။ အ ဆိုပါခံစားခဲ့ရသည့်ကာလအတွင်း အလုပ်ကိုပါ ထိခိုက်မှုများပင် ကြုံ ခဲ့ရပြီး မိမိကိုယ်ကိုယ် အဆုံးစီရင် ရန်အထိပင် အတွေးများဝင်လာ ကြောင်း ရဲနောင်က ဆိုသည်။ နောက်ပိုင်းတွင်မှ မိသားစု၊ သူငယ်ချင်းအသိုင်းအဝိုင်းများက အားပေးမှုနှင့်အတူ အဆိုပါ စိတ် ကို ဖြေဖျောက်ခဲ့သည်။

အလားတူ နာမည်ကျော်ပန်း ချီ ဆရာဇော်ဇော်အောင်မှာလည်း စိတ်ကျရောဂါခံစားခဲ့ရသဖြင့်   ဆရာဝန်နှင့် စနစ်တကျကုသမှု ခံယူခဲ့ရသည်။ နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် အကြံပြုချက်အ တိုင်း ရာသီခွင်ပန်းချီကားရေးဆွဲ ပေးခဲ့သည့် ပန်းချီဆရာဇော်ဇော်အောင်ကလည်း ယင်းပန်းချီကား များနှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဝေဖန်မှုများ ကြုံတွေ့ခဲ့ရသူဖြစ်သည်။

၎င်းအနေဖြင့် အဆိုပါဝေဖန် မှုများနှင့် မကြုံရမီကတည်းကပင် နရိုရှိရင်းစွဲ စိတ်ကျဝေဒနာကို ခံစားနေရသဖြင့် စနစ်တကျဆေးကုသ မှုခံယူခဲ့ခြင်း၊ စိတ်ခွန်အားပေး သည့် တရားဓမ္မအခွေများ နား ထောင်ခဲ့ခြင်းနှင့် မိသားစုသိုက် သိုက်ဝန်းဝန်းနှင့် ခရီးထွက်ခြင်းတို့ ဖြင့် ၎င်း၏ဝေဒနာကို အောင်မြင် ကျော်လွှားနိုင်ခဲ့သည်ဟု ဆိုသည်။

‘‘သိသင့်သိထိုက်တဲ့ ဗဟုသု တလေးတွေသိမယ်။ မရှက်မ ကြောက်နဲ့ တတ်သိနားလည်တဲ့ ဆရာဝန်တွေကို ပြသမယ်ဆိုရင် စိတ်ဖိစီးမှုတွေကို ကျော်လွှားနိုင် မယ်လို့ အကြံပေးချင်ပါတယ်’’ဟု ပန်းချီဆရာ ဇော်ဇော်အောင်က စိတ်ကျရောဂါ ကုသပြေပျောက် သည့် နည်းလမ်းများကို မျှဝေသည်။

လူတိုင်းတွင် မိသားစု၊ ပညာ ရေး၊ လုပ်ငန်းခွင်နှင့် စီးပွားရေး ပြဿနာများကြောင့် စိတ်ဖိစီး ခြင်း၊ စိတ်ဓာတ်ကျခြင်း အစရှိ သော စိတ်ကျန်းမာရေးပြဿနာ များကို တစ်ချိန်မဟုတ် တစ်ချိန် ခံစားရဖူးမည်ဖြစ်သည်။ အသက် (၂၇)နှစ်အရွယ် မအင်ကြင်းသည် လည်း စိတ်မကျန်းမာမှုကို ငါးနှစ် ခန့်ကြာမြင့်အောင် ခံစားခဲ့ရဖူး သည်ဟုဆိုသည်။

‘‘နှစ်ချီတယ်။ အမေဆုံးပြီး တော့ စဖြစ်တာ။ ဟာသကား သူများတွေ ကြည့်ရယ်နေရလည်း ကိုယ်မရယ်ရဘူး။ ဘာပဲလုပ်လုပ် ခံစားချက်မဲ့နေသလိုကြီးး။ (၁၇) ကနေ (၂၂)လောက်ထိကို တစ်ခုခု စိတ်ညစ်တယ်ဆိုရင် သတ်သေဖို့ ပဲ စဉ်းစားတာ။ လုပ်လည်းလုပ်ဖူး တယ်။ မအောင်မြင်ဘူး။ တကယ် တမ်းလည်း လုပ်ရော အဲဒီဝေဒနာကြီးကို မခံစားနိုင်ဘူး။ နောက် တော့ တဖြည်းဖြည်းနဲ့ သူငယ်ချင်း တွေကို ရင်ဖွင့်။ သူငယ်ချင်းတွေ က အားပေးရင်းနဲ့ စိတ်ဖြေတဲ့နည်း လမ်းရသွားတာ’’ဟု မအင်ကြင်း က ဆိုသည်။

စိတ်ကျရောဂါပြင်းထန်စွာ ဖြစ်ပွားသူ ဆယ်ပုံတစ်ပုံခန့်သည် မိမိကိုယ်ကိုယ် သေကြောင်းကြံ စည်မှုကြောင့် အသက်ဆုံးရှုံးနေပြီး ထက်ဝက်ခန့်မှာ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ရန် ကြိုးပမ်း အားထုတ်တတ်သည်ဟု နိုင်ငံတ ကာ ကျန်းမာရေးစစ်တမ်းများက ဖော်ပြထားသည်။ လေ့လာချက် အချို့ကမူ စိတ်ကျရောဂါခံစားနေ ရသူ၏ ၁၅ ရာခိုင်နှုန်းသည် မိမိ ကိုယ်ကိုယ် အဆုံးစီရင်တတ်သည် ကို တွေ့ရကြောင်း ဖော်ပြထားသည်။

စိတ်ကျရောဂါဖြစ်ပွားရခြင်း မှာ စီးပွားရေး၊ လူမှုရေး၊ အိမ် ထောင်ရေး၊ ပညာရေး၊ ကျန်းမာ ရေးစသဖြင့် လူမှုဘဝများထဲက အဆင်မပြေမှုများကို အကြောင်း ပြု၍ ဖြစ်ပွားလာခြင်းဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံရှိ အနုပညာရှင်များထဲတွင်လည်း မိမိ ကိုယ်ကိုယ် အဆုံးစီရင်ပြီး ဘဝကို အရှုံးပေးခဲ့သူ ၁၀ ဦးထက် မနည်းရှိသည်။ စိတ်ဖိစီးမှုများ အလွန်အကျွံခံစားလာရပြီးနောက် စိတ်ကျရောဂါပြင်းထန်လာရာမှ စိတ်ထွက်ပေါက်တစ်ခုအဖြစ် နောက်ဆုံး၌ အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်။

 မကြာသေးမီက ကိုရီးယား ကေပေါ့ပ်အဆိုတော်ဂျောင်ဟွန်း သည် ဆိုးလ်မြို့ ရှိ၎င်း၏တိုက်ခန်း အတွင်း သေဆုံးနေသည်ကိုတွေ့ ရှိရပြီး ဂျောင်ဟွန်းမသေဆုံးမီသူ၏ အစ်မဖြစ်သူထံသို့ ‘‘ဒါက ကျွန် တော့်ရဲ့ နောက်ဆုံးနှုတ်ဆက် စကားပါပဲ’’ ဟု မက်ဆေ့ခ်ျပို့ခဲ့ရာ အဆိုပါမက်ဆေ့ခ်ျကို လက်ခံရရှိ ပြီးနောက် ရဲတပ်ဖွဲ့သို့ အကြောင်း ကြားခဲ့ရာမှ ဂျောင်ဟွန်းကို တိုက် ခန်းအတွင်း သေဆုံးနေသည်ကို တွေ့ခဲ့ရခြင်းဖြစ်သည်။ ထို့ပြင် ၎င်းမသေဆုံးမီ နှစ်ပတ်အလိုက လည်း ၎င်း၏သူငယ်ချင်း Dear Cloud အဖွဲ့ဝင် Nine9 ထံသို့ စိတ်ဓာတ်ကျနေသည့်အကြောင်း မက်ဆေ့ခ်ျတစ်စောင်  ပေးပို့ခဲ့သေးသည်။

အလားတူပင် ကမ္ဘာကျော် Linkin Park အဖွဲ့မှ ခေါင်းဆောင် အဆိုတော် ချက်စတာဘန်နင်တွန် သည် ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ သည်။ အသက်(၄၁)နှစ်အရွယ် ဂီတ ကြယ်ပွင့်ဖြစ်သောချက်စတာ သည်အောင်မြင်မှု များ စွာ တစ်ပွေ့တစ်ပိုက်ရရှိခဲ့သော်လည်း ၎င်း၏ ငယ်ဘဝအစောပိုင်းကာလများ တွင် အရိပ်ဆိုးများဖြင့် ပြည့်နှက် နေခဲ့ပြီး ကလေးဘဝတွင် လိင်ပိုင်း ဆိုင်ရာ စော်ကားခံရကြောင်း အင် တာဗျူးတစ်ခု၌ ၎င်းကိုယ်တိုင် ဝန်ခံ ပြောကြားခဲ့ဖူးသည်။ စိတ်ကျရော ဂါခံစားရခြင်းကြောင့် ယင်းသို့ အဆုံးစီရင်သည်ဟု သတင်းအချက်အလက်များ သီးခြား မဖော်ပြထားသော်လည်း အောင်မြင်တတ်ကြွ ဆဲအရွယ်တွင် ချက်စတာ အဆုံး စီရင်ခြင်းသည် စိတ်ဖိစီးမှုများ ကြောင့်ဟု သုံးသပ်ခဲ့သည်။  

‘‘စိတ်ကျ (Depression) တာ ရဲ့နောက်ဆုံးအဆိုးဆုံးကတော့ Suicide (သတ်သေ)လုပ်တာပေါ့။ အဲဒီရောဂါရလာပြီဆို အမူအရာ တွေက သိပ်သိသာတာ။ သိပ် စကားမပြောတော့ဘူး။ တစ် ယောက်တည်းနေမယ်။ တွေးမယ်။ပြီးတော့ စားတာ၊ သောက်တာ လျော့လာမယ်။ အလုပ်မှာလည်း စိတ်ဝင်စားမှုကျလာမယ်။ တစ်ခါ တလေကျရင် ငါသေချင်တယ်၊ ငါမနေချင်တော့ဘူး၊  ငါ ဒီလောက ကြီးထဲက ထွက်သွားချင်တယ်လို့ သူ့နှုတ်က ပြောမယ်။ အဲဒီလိုအမူ ရာတွေက ပြင်းထန်လာမယ်။ တ ဖြည်းဖြည်းပြလာတာ။ တော်တော် များများကတော့ လုံးဝ ဘယ်သူ့ကို မှ အသိမပေးဘဲနဲ့ သတ်သေတယ် ဆိုတာ အင်မတန်နည်းတယ်။ ၉၀ ရာခိုင်နှုန်းက သိတယ်’’ဟု ပါမောက္ခဒေါက်တာခင်မြင့်(စိတ် ပညာ)က စိတ်ကျဝေဒနာခံစားရ သူများ၏ သတိပြုမိစေနိုင်သော ရောဂါလက္ခဏာများကို ဆိုသည်။

စိတ်ကျရောဂါသည် အရွယ် မရွေးဖြစ်ပွားတတ်ပြီး များသော အားဖြင့် လူငယ်နှင့်သက်ကြီးရွယ် အိုများ၌ ပိုဖြစ်တတ်သည်။ အ ဘယ်ကြောင့်ဆိုသော် လူငယ်များ တွင် အရက်နှင့် မူးယစ်ဆေးဝါး ပြဿနာများအပြင် ရည်မှန်းချက်၊ လုပ်ငန်းခွင်စိန်ခေါ်မှုနှင့် မအောင် မြင်မှုများ၊ လူမှုရေး၊ ပညာရေး ပြဿနာများရှိနေသဖြင့် ယင်း ပြဿနာများကို မဖြေရှင်းနိုင်သည့် အခါ စိတ်ကျရောဂါဝေဒနာကို ခံစားရခြင်းဖြစ်သည်။

အသက်အရွယ်ကြီးမြင့်သူ များတွင် အထီးကျန်မှု၊ အဖော်မဲ့မှု များအပြင် စီးပွားရေး၊ လူမှုရေး အဘက်ဘက်က နိမ့်ကျလာမှုများ ကြောင့် စိတ်ကျရောဂါဖြစ်ပွား သည်။ စိတ်ကျရောဂါဖြစ်ပွား သည့်အခြေအနေ၌ အချို့က အ ကြောင်းအရာကြီးကြီးမားမားတစ် ခုကြောင့် ဖြစ်ပွားနိုင်ပြီး အချို့က သေးသေးမွှားမွှားလေးများ စုလာ ပြီးမှ စဖြစ်တတ်ခြင်းများလည်း ရှိသည်။

အသက်အရွယ်မရွေး၊ လူမျိုး ဘာသာမရွေး၊ နေရာဒေသ၊ အလုပ်အကိုင်နှင့် နေထိုင်မှုပုံစံမရွေး ဖြစ်ပွားတတ်သည်။ စိတ်ကျရောဂါ လက္ခဏာများသည် အချိန်ကြာသည်အထိ အားငယ်စိတ်ညစ်နေ ပြီး ယခင်နေကောင်းစဉ်က ပြုခဲ့ သော ပျော်ရွှင်မှုကိစ္စများကိုပင် စိတ်ဝင်စားမှုမရှိတော့ခြင်း၊ နေ့စဉ်ပုံမှန် လုပ်နေကျ အလုပ်များကိုပင် မလုပ်ကိုင်နိုင်တော့ခြင်း၊ ယင်းသို့ ခံစားရသည်မှာ နှစ်ပတ်ကျော်အ ထိ ခံစားနေရခြင်းကို ဆိုလိုသည်။

ထို့အပြင် အိပ်ရေးပျက်ခြင်း၊ တစ်ချိန်လုံးအိပ်ငိုက်ခြင်း၊ ခြေကုန် လက်ပန်းကျခြင်း၊ အစားအ သောက်ပျက်ခြင်း၊ စိတ်ဝင်စားမှု နည်းခြင်း၊ အာရုံစူးစိုက်၍ မရခြင်း၊ဝမ်းနည်းခြင်း၊ မျက်ရည်လွယ် ခြင်း၊ အကောင်းမမြင်ခြင်း၊ ဝဋ် ဆင်းရဲလို ခံစားရခြင်း၊ နှေးကွေး ခြင်း စသည့် လက္ခဏာများဖြစ်ပြီး ယင်းလက္ခဏာများကို ရက်သတ္တ နှစ်ပတ်ကျော်ကြာ ဆက်တိုက်ခံစားနေရလျှင် စိတ်ရောဂါဖြစ်ပွား နေခြင်းဟု သတ်မှတ်နိုင်သည်။

ယင်းအခြေအနေတွင် ပတ် ဝန်းကျင်မှ လူများက ကြိုတင်သိရှိ ပြီး နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ နှစ် သိမ့်ဆွေးနွေးနိုင်မည့် သူများနှင့် တွေ့ဆုံပေးရန် လိုအပ်သည်။ ထိုသို့ ပြုလုပ်နိုင်ပါက စိတ်သက် သာရာ ရသွားကာ မိမိကိုယ်ကိုယ် အဆုံးစီရင်မည့် အခြေအနေသို့ မရောက်နိုင်တော့ပေ။

‘‘နောက်တစ်ခုက Depre- ssion (စိတ်ကျဝေဒနာ)ရတိုင်း လည်း သတ်သေသွားတာမဟုတ် ဘူး။ Depression ရပြီး အရမ်းကို ပြင်းထန်တဲ့ ပြတ်ပြတ်သားသား သေချင်တဲ့ စိတ်ရှိမှသာ လုပ်တာ။ Case တော်တော်များများက သေ ချင်တဲ့စိတ် ပြတ်ပြတ်သားသား မရှိဘူး။ ဆူဆိုက်ထပ်ကာထပ်ကာ လုပ်ဖို့ ကြိုးပမ်းတယ်။ အဲဒီလို ကြိုးပမ်းတယ်ဆိုတာ လူသိအောင် ကြိုးပမ်းတာ။ သူသေချင်တယ်၊ ခံစား ရတယ်ဆိုတာလည်း လူတွေကို သိစေချင်တယ်။ အဲဒီလူတွေကို ငါခံစားရသလို သူတို့လည်း ခံစား သွားရစေချင်တယ်။ အဲဒီတော့ တစ်ခါတည်း အပြတ်မလုပ်ဘူး။ ဒါမျိုးတွေကျတော့ အကောင်းဆုံး က စိတ်ဖြေလျှော့တဲ့ နည်းလမ်း တွေနဲ့ နှစ်သိမ့်ဆွေးနွေးပေးတာ။ ဖြေရှင်းပေးလိုက်တာဆို ဆူဆိုက် မဖြစ်တော့ဘူး’’ဟု ဒေါက်တာခင် မြင့်က အကြံပြုသည်။

‘‘အတွေးရယ်၊ ဆုံးဖြတ်ချက် ရယ်၊ အပြုအမူက ဘယ်လောက် ကြာလဲဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေရင် ကောင်းမှာပဲဆိုတာ ခံစားမှုကြိုးစားတာ ခုနစ်မိနစ်ကနေ၁၀ မိနစ်အတွင်း စဉ်းစားကြတာ။ အဲဒီအချိန်မှာ ကူညီမယ့်သူရှိရင် ဒီအတွေးက လွန်မြောက်နိုင်ကြ တယ်’’ဟု ဒေါက်တာဇော်စိန်လွင် က ပြောသည်။

ထို့ကြောင့် စိတ်ကျရောဂါ ဝေဒနာခံစားနေရပြီဆိုပါက မိသား စုကမပေါ့ဆသင့်ပေ။ စိတ်ကျန်း မာရေးပြဿနာများအနက် စိတ် ကျရောဂါသည် တစ်ကမ္ဘာလုံး အ တိုင်းအတာဖြင့် နှိုင်းယှဉ်ပါကအ များဆုံးတွေ့ရသည့် ပြဿနာတစ် ခုဖြစ်လာသည်။

သို့သော် မြန်မာနိုင်ငံတွင် စိတ်ရောဂါနှင့်ပတ်သက်၍ နှစ် သိမ့်ဆွေးနွေးအကြံပြုနိုင်သည့်နေ ရာဟူ၍ သီးသန့်မရှိသေးပေ။ တစ် နေ့တာစိတ်ဖိစီးမှုများကို လျော့ကျ စေနိုင်သည့် ပတ်ဝန်းကျင်များစွာ ဖန်တီးပေးရန်လည်း လိုအပ်သည် ဟု ဆရာဝန်ကြီးများက အကြံပြု သည်။

‘‘စိတ်နဲ့ ပတ်ဝန်းကျင်က ဆက်စပ်မှုရှိတယ်။ ရုံးတွေမှာ အချိန်ပိုလုပ်ခဲ့ရတယ်။ အိပ်ရေး ပျက်လာပြီး စိတ်ဖိစီးမှုတွေရှိလာ တယ်။ နေ့စဉ် စိတ်ဖိစီးလာတယ်။ လူတွေ စိတ်ဓာတ်ကျလာတာတွေ ရှိတယ်။ ကားကျပ်တယ်။ အဲဒါမျိုး တွေကြောင့် စိုးရိမ်မှုလွန်ကဲတာ တွေရလာတယ်။ ဒါကြောင့် လုပ် ငန်းခွင်ဝင်နေတဲ့သူတွေကို အလုပ် ကနေ အနားယူဖို့ ခွင့်ပေးတာတို့၊ အနားယူစရာ ပန်းခြံလို နေရာမျိုး တွေ ဖန်တီးပေးတာတို့ လုပ်ပေး သင့်တယ်’’ဟု အထွေထွေရောဂါ ကုဆရာဝန် ဒေါက်တာမြင့်ဦးက အကြံပြုသည်။

‘‘အများအားဖြင့်က ကိုယ် ရည်ကိုယ်သွေးနဲ့ ဉာဏ်ရည်မပြည့် ဝတဲ့သူတွေ။ ဖိစီးမှုတွေ အရှုံးပေး ပြီး ဘယ်သူကယ်ကယ် မရတော့ ဘူးဆိုပြီး သူ့ဘဝကြီးကို လက် လွှတ်ချလိုက်တယ်။ တစ်ဇွတ်ထိုး လုပ်ပြီး အဆုံးစီရင်ဖြစ်တာတွေရှိ တယ်။ အသိပညာပေးဖို့လိုတယ်။ ဒီလိုအခြေအနေမျိုးတွေက ဖုံးဖိ ထားလို့မရဘဲ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီးတော့ ကြားထဲမှာဖြစ် တတ်တဲ့ သဘာဝတွေကို ဆွေးနွေး မှုတွေလုပ်ဖို့ လိုပါတယ်။ အကြံပြု ဆွေးနွေးခြင်းတွေ လိုတယ်’’ဟု ဒေါက်တာဇော်စိန်လွင်က အကြံ ပြုထားသည်။

ထိုသို့ စိတ်ရောဂါခံစားရ သည့် ဝေဒနာရှင်များကို ပြုစုစောင့် ရှောက်ပေးသော လူမှုအဖွဲ့အ စည်းများ များစွာ လိုအပ်ပြီး ပံ့ပိုး ကူညီထောက်ပံ့ပေးနိုင်ပါက စိတ် ရောဂါဖြစ်ပွားမှုများ လျော့ကျလာ မည်ဖြစ်သည်။ ထို့ပြင် မိသားစု ထဲ၌ တစ်စုံတစ်ဦးတွင် စိတ်ကျ ရောဂါခံစားနေရသည်ကို သတိ ထားမိပါက မပစ်ပယ်ဘဲ ဂရုတ စိုက်စောင့်ရှောက်ခြင်း၊ ပတ်ဝန်း ကျင်ရှိ လူထုကလည်း ဝေဒနာရှင် များကို နှိမ့်ချခွဲခြားဆက်ဆံခြင်း မပြုဘဲ ဖေးမကူညီခြင်း၊ ဆေးရုံ များသို့ ခေါ်ဆောင်ပေးခြင်း စသည်တို့ဖြင့် ပူးပေါင်းပါဝင်ပြုလုပ်ပေး ရန် လိုအပ်သည်။

စိတ်ကျရောဂါဖြစ်နေသော လူတစ်ဦး၏အတွေးထဲ၌ အမြဲတမ်းရှိနေသည်က ၎င်းသည် အသုံးမဝင်သူ၊ ၎င်း၏ဘဝသည် မျှော်လင့်ချက်မဲ့သည်ဟု ခံစားရခြင်းပင် ဖြစ် သည်။ အဆိုပါအတွေးကို နှစ်သိမ့် ဆွေးနွေးပေးနိုင်လျှင် ဖြေလျှော့ ပေးနိုင်လျှင် အဆိုတော်ရဲနောင် နှင့် ပန်းချီဆရာဇော်ဇော်အောင် တို့ကဲ့သို့ ယင်းရောဂါကို အောင် မြင်စွာ တိုက်ထုတ်နိုင်သည်။ ထိုသို့ပြုလုပ်မပေးနိုင်လျှင် အထက်တွင် ဖော်ပြခဲ့သည့် ဆရာဝန်၊ ဆေး ကျောင်းသူများကဲ့သို့ ကိုယ့်ကိုယ် ကိုယ် အဆုံးစီရင်ကာ (ဆူဆိုက်) ဘဝအရှုံးပေးလိုက်ရမှုများလည်း ရှိသည်။

‘‘ကျွန်တော့်တုန်းက ဒီလို လက္ခဏာကို သုံးသပ်မိတဲ့အခါကျ တော့ စိတ်ပိုင်းဆိုင်ရာ ဆရာဝန် တွေနဲ့ တိုင်ပင်ဆွေးနွေးဖြစ်တယ်။ လိုအပ်တဲ့ကုသမှုကိုလည်း စနစ် တကျခံယူပါတယ်။ စနစ်တကျပြ တယ်။ မွန်းကျပ်မှုရှိရင် ရှိတဲ့ဟာ ကို ဆရာတွေနဲ့ ဖွင့်ဟတိုင်ပင် လိုက်ရင် မျိုသိပ်ထားတာ တစ်ဝက်လောက်က လျော့ပါးသွားတယ်။ ဒါကြောင့် ပြရမှာ မရှက်ကြောက် ပါနဲ့’’ဟု ပန်းချီဆရာ ဇော်ဇော် အောင်က အကြံပြုသည်။

ဒေါက်တာဇော်စိန်လွင်က အပေါ်တွင် နမူနာပေး၍ပြောခဲ့ သည့်ဆေးကျောင်းသူ ကိုယ့်ကိုယ် ကိုယ်သတ်သေမှုတွင် စိတ်အလွန် မွန်းကျပ်ပြီး စိတ်ဓာတ်ကျမှုအဆိုး ဆုံးခံနေရသည့်အခိုက်အတန့်တွင် အားပေးနှစ်သိမ့်ပေးလိုက်နိုင်ပါက ထိုကဲ့သို့အဖြစ်ဆိုးမျိုးကြုံရမည်မဟုတ်ကြောင်း ပြောလေသည်။