ခွံ့ကျွေးချင်သူနဲ့ အခွံ့ခံစားနေသူတွေ

ယခုရက်ထဲမှာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်နဲ့ပတ်သက်တဲ့ သတင်းတစ်ပုဒ်ကို ဖတ် လိုက်ရပါတယ်။ သတင်းက ပိုင်ဆိုင်မှုများစွာရှိနေပြီး ၀င်ငွေထက် ပိုမိုချမ်းသာနေသော အစိုးရ၀န်ထမ်းများရှိပါက ပြည်သူလူထုအ နေဖြင့် သက်သေအထောက်အ ထား အပြည့်အစုံဖြင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် သို့ တိုင်ကြားနိုင်ပြီဖြစ်ကြောင်း ဖြစ်ပါတယ်။

ဒါ့အပြင် ညွှန်ချုပ်တွေ၊ ညွှန် မှူးတွေ လာဘ်စားရင် သက်ဆိုင် ရာဝန်ကြီးက အရေးယူလို့ရပြီး ၀န်ကြီးတွေကိုတော့ သမ္မတက တိုက်ရိုက်အရေးယူနိုင်ကြောင်း၊ ညွှန်ချုပ်တစ်ယောက် အရမ်းချမ်း သာလာရင် တိုက်တွေ၊ ကားတွေနဲ့ လူမြင်မကောင်းအောင် ဖြစ်လာ ရင် ၀န်ကြီးက အရေးယူရမယ်။ ၀န်ကြီးက အရေးမယူဘူးဆိုရင် တိုင်စာနဲ့တိုင်လို့ရကြောင်း ကော်မရှင်က တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်းလည်း ဖတ် လိုက်ရပါတယ်။

ဒီသတင်းတွေထဲမှာ စိတ်ဝင် စားမိတာက လူမြင်မကောင်း အောင် ဖြစ်လာရင်ဆိုတဲ့ စကား ဖြစ်ပါတယ်။ မဆလပါတီခေတ် က စာရေးသူနေထိုင်တဲ့ ဇာတိ မြို့က လူမြင်မကောင်းအောင် ချမ်းသာတဲ့ ၀န်ထမ်းအချို့ကို ပြန် သတိရမိပါတယ်။ အိမ်နဲ့မလှမ်း မကမ်းမှာရှိတဲ့ ဓာတ်ဆီဆိုင် မန် နေဂျာဟာ နေ့စဉ်စူပါကပ်ဟွန်ဒါ ရွှေရောင်ဆိုင်ကယ်လေးနဲ့ ရုံး တက်လာပါတယ်။ ၀တ်ထားတဲ့ အင်္ကျီက ထိုခေတ်က နာမည်ကြီး တဲ့ ဂျီကျူစပို့ရှပ်ဖြစ်ပြီး ထည်လဲ ၀တ်နိုင်ပါတယ်။ ဓာတ်ဆီဆိုင် နားက မြီးကောင်ပေါက်ကလေးမ လေးနဲ့လည်း ဘာလိုလိုဖြစ်နေပါ တယ်။

နောက်တစ်ဦးကတော့ တစ် ရပ်ကွက်ကျော်မှာနေတဲ့ စား သောက်ကုန်နှင့် အဖျော်ယမကာ လုပ်ငန်း (စား/ဖျော်)က မန်နေ ဂျာပါ။ ဧက၀က်လောက်ကျယ် တဲ့ ခြံဝင်းကြီးထဲမှာ ခမ်းနားတဲ့ တိုက်ကြီးတစ်လုံးဆောက်ပြီး နေ ပါတယ်။ တိုယိုတာ ပတ်ဘလစ် ကာ ကားလေးနဲ့ ရုံးတက်ပါတယ်။

 အထက်တန်းကျောင်းမှာ စာရေးသူနဲ့ ကျောင်းအတူတက် တဲ့ သူငယ်ချင်းရဲ့ အဖေကလည်း ချမ်းသာပါတယ်။ ဆေးနဲ့ ဆေး ပစ္စည်းကော်ပိုရေးရှင်းမှာ အလုပ် လုပ်ပါတယ်။ ထိုခေတ်က ကုန် သွယ်ရေး(၁)၊ (၂)၊(၃)၊(၄)စသည် ဖြင့်ရှိရာ ဆေးနဲ့ဆေးပစ္စည်းက နံပါတ် ဘယ်လောက်လဲတော့ မမှတ်မိပါဘူး။ သူငယ်ချင်းက ယိုးဒယားကလာတဲ့ ဖီးဆင့်စက် ဘီးအသစ်လေးနဲ့ ကျောင်းလာပြီး မုန့်ဖိုးကို ရေလိုသုံးနိုင်ပါတယ်။

မဆလပါတီခေတ်မှာ ပြန် တမ်းဝင် မြို့နယ်အဆင့် အရာရှိ တစ်ယောက်ရဲ့ လစာငွေဟာ တစ်လကျပ် ၄၅၀ သာရပါတယ်။ ထိုဝန်ထမ်းတစ်ယောက်ဟာ တိုက်ဆောက်ကားစီးပြီးနေနိုင်ပြီဆိုမှ တော့ မြင်မကောင်းအောင် ချမ်း သာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒါပေမဲ့ စာရေးသူကိုယ်၌ကအစ လူတွေအများစုက ဒီလူတွေရဲ့ ချမ်းသာကြွယ်ဝမှုကို ကြည့်ပြီး အားကျနေကြတာ ဖြစ်ပါတယ်။ ပြည်သူပိုင်ငွေ၊ ပြည်သူပိုင်ပစ္စည်း တွေကို ကိုယ်ကျိုးအတွက် ခိုးယူ သုံးစွဲနေသူတွေလို့ ဘယ်သူမှမ မြင်ကြပါဘူး။ မြင်တဲ့လူရှိရင် လည်း ‘‘မင်းအဲဒီနေရာမရလို့ ပြောတာ မဟုတ်လား’’လို့သာ အပြောခံရမှာ ဖြစ်ပါတယ်။

မဆလခေတ်ကုန်ပြီး န၀တ၊ နအဖခေတ်ရောက်ပြန်တော့ ပို ဆိုးလာပါတယ်။ အရာရှိ၊ အရာခံ တွေသာမက စစ်ထောက်လှမ်း ရေးက တပ်ကြပ်ကြီးအဆင့်ရှိတဲ့ သူက သစ်မှောင်ခိုချ၊ သစ်ခွဲစက် ထောင်နဲ့ မြင်မကောင်းအောင် ချမ်းသာလာကြပါတယ်။ ရာထူး ထက်နေရာက ပိုပြီးအရေးကြီး တယ်ဆိုတဲ့ စကားက ခေတ်စား လာပါတယ်။ မဆလခေတ်က အာဏာမရှိ၊ အခွင့်အရေးမရှိတဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေဟာ န၀တခေတ်မှာ နေရာရလာပါ တယ်။ ရဲ၊ လူဝင်မှုကြီးကြပ်ရေး၊ စီမံကိန်းစတဲ့ ဌာနတွေက မြို့နယ် အကြီးအကဲတွေဟာ မ၀တအဖွဲ့ ၀င်ဖြစ်လာပြီး နေရာရလာကြပါ တယ်။ တရားစီရင်ရေးဟာ အဖွဲ့ နဲ့ စီရင်ခြင်းမျိုးမဟုတ်တော့ဘဲ တရားသူကြီးတစ်ဦးတည်းရဲ့ ဆုံး ဖြတ်မှုနဲ့သာ စီရင်ခြင်းဖြစ်လာပါ တယ်။

န၀တအစိုးရဟာ ၁၉၉၃ ခု ဇူလိုင်မှာ တရာရေးမဏ္ဍိုင်နဲ့ ပတ် သက်ပြီး တရားသူကြီးများ၊ ဥပဒေ အရာရှိများကို လမ်းညွှန် ချက်ပေးခဲ့ပါတယ်။ အတွင်းရေး မှူး (၁)က ရန်ကုန်သူနာပြုတက္က သိုလ်ခန်းမမှာ တရားသူကြီးချုပ် ရုံးတရားသူကြီးများ၊ ဥပဒေအရာရှိ ကြီးများကို အကျင့်သီလမချို့ယွင်းဘဲ အဂတိတရားကင်းရှင်း စွာ စီရင်ဖို့ လမ်းညွှန်တာပါ။ စစ် အစိုးရလက်ထက်မှာ တစ်ကြိမ် သာရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ နေရာရသူအားလုံးဟာ မြင်မ ကောင်းအောင် ချမ်းသာလာကြ တဲ့အတွက် ဘာလမ်းညွှန်သံမှ မကြားရတော့ပါဘူး။

လူမြင်မကောင်းအောင် ဖြစ် လာတဲ့ အဂတိလိုက်စားမှုအမြစ် တွယ်နေတာ လွတ်လပ်ရေးရပြီး ဖဆပလအစိုးရခေတ်ကတည်းက ဖြစ်ပါတယ်။ ၁၉၅၀ တစ်ဝိုက်မှာ အဆိုးဆုံးဖြစ်ပါတယ်။ ဗတလစ အဖွဲ့တွေက အမတော်ကြေး၊ မြေခွန်ကြေး၊ ကောက်ပဲသီးနှံ ရောင်းဝယ်ကြေးတွေ ခိုးကြ၊ ဗုန်းကြ၊ စာရင်းပျောက်၊ အင်းပျောက်၊ ဂိုဒေါင်ပျောက်တွေ လုပ်ကြပါ တယ်။ သမ၀ါယမနဲ့ စက်မှုလုပ်ငန်းတွေမှာလည်း ကန်ထရိုက် ကုန်သည်နဲ့ ပေါင်းပြီး မတရား စီးပွားရှာကြပါတယ်။ စသုံးလုံးရဲ့ တရားဝင်ပေါ်ပေါက်လာတဲ့ စာရင်းအရ ၁၉၅၂ ခုနှစ် မတ်လ ၁၆ ရက်ကနေ ၁၉၅၃ ခုနှစ် သြဂုတ် ၆ ရက်အထိ အကျင့်ပျက်အ လွဲသုံးစားမှုပေါင်း ၁၀၆ မှုရှိပြီး၊ ပါဝင်ပတ်သက်သူ ၂၂၅ ဦးရှိကာ ကျပ်ငွေဘီလီယံပေါင်းများစွာ ယို ဖိတ်ခဲ့ရပါတယ်။ ဒါပေမဲ့ တရား ၀င်အမှုအခင်းအဖြစ် မပေါ်လာ တာတွေ၊ ဖုံးဖိထားတာတွေလည်း အများကြီးရှိခဲ့တယ်လို့ စာအုပ်စာ တမ်းများမှ သိရှိရပါတယ်။

ချမ်းသာကြွယ်ဝမှုဆိုတာ လူတိုင်းမက်မောတဲ့အရာ ဖြစ်ပါ တယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ချမ်းသာ ကြွယ်ဝမှုဟာ သမ္မာအာဇီဝလား၊ အသမ္မာအာဇီဝလားဆိုတာ ဆင်ခြင်ကြည့်ဖို့တော့ မေ့နေတတ်ကြ ပါတယ်။ သမ္မာအာဇီဝကျသည့်တိုင် ရောင့်ရဲတင်းတိမ်တတ်ဖို့ လည်း လိုပါတယ်။

မကြာမီက အမျိုးသားစာပေ ဆုရသွားတဲ့ ဆရာညီပုလေးရဲ့ ထက်မြက်တဲ့ ဓားသွားပေါ်က ချို မြမြပျားရည်စက်ဆိုတဲ့ ၀တ္ထုထဲ က အကြောင်းအရာလေးတစ်ခုမျှ ဝေချင်ပါတယ်။ ဒီဝတ္ထုဟာ ၀တ္ထု ဇာတ်လိုက်ကိုယ်တိုင် ပြောကြား ချက်များအပေါ် အခြေခံရေးသား ထားတဲ့အတွက် ဖြစ်ရပ်မှန်ဇာတ် လမ်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။

ဝတ္ထုဇာတ်လိုက်က ဆေး တက္ကသိုလ်ကျောင်းသားဖြစ်ပြီး ကျောင်းသားသမဂ္ဂမှာဦးဆောင် သူလည်း ဖြစ်ပါတယ်။ ဖခင်က ပြုတ်ဆန်စက်နှစ်လုံးနဲ့ နိုင်ငံခြား  ကို ပြုတ်ဆန်ပို့၊ နိုင်ငံခြားက အထည်အလိပ်တွေ တင်သွင်းနေတဲ့ သူဌေးကြီးတစ်ဦးပါ။ ၀တ္ထုဇာတ် လမ်းနောက်ခံခေတ်ထဲက ၀န်ကြီး ချုပ်နဲ့လည်း သူတို့မိသားစုက ရင်းနှီးပါတယ်။

တစ်ရက်မှာ ဆေးကျောင်း သားဇာတ်လိုက်ကို ၀န်ကြီးချုပ်ကခေါ်ပြီး ကျောင်းသားသမဂ္ဂက ထွက်ဖို့၊ နိုင်ငံရေးမလုပ်ဖို့ ပြောပါ တယ်။ ပြောမရတဲ့အဆုံးမှာ မင့် အဖေကို ဖွဲနုဆီစက်လိုင်စင်ချပေး မယ်လို့ စည်းရုံးပါတယ်။ ဇာတ်လိုက်က နိုင်ငံရေးလုပ်တာမဟုတ်၊  ကျောင်းသားအရေးလုပ်နေတာ ဆိုပြီး ငြင်းပါတယ်။

သားပြောမရတဲ့ ၀န်ကြီးချုပ် ဟာ ဖအေဆီသွားပြောပါတယ်။ မြန်မာနိုင်ငံမှာ တစ်လုံးမှမရှိသေး တဲ့ ဖွဲနုဆီစက်နဲ့ ဆွဲဆောင်ပါ တယ်။ ဒီနေရာမှာ ဖခင်ကသားကို ဖိအားပေးပြီး ကျောင်းသားသမဂ္ဂ က ထွက်ခိုင်း၊ ဖအေက ၀န်ကြီး ချုပ်ဆီက လိုင်စင်ယူ၊ ဖွဲနုဆီစက် ထောင်ဆို ဇာတ်လိုက် အဖေဟာ အဲဒီခေတ်မှာ ကျိန်းသေခရိုနီဘ၀ ရောက်မှာ ဖြစ်ပါတယ်။

ကျောင်းကပြန်လာတဲ့ သား ကို ဖခင်ဖြစ်သူက၀န်ကြီးချုပ် အိမ်လာသွားတဲ့အကြောင်းနဲ့ နိုင်ငံရေးမလုပ်ရင် ဖွဲနုဆီစက်လိုင် စင်ရမယ့် အကြောင်းတွေပြော တော့ သားပြန်ပြောတဲ့ စကားက အတော်လှပါတယ်။

  ‘‘ကျွန်တော်တို့ စားရမဲ့၊ သောက်ရမဲ့ အခြေအနေရောက်နေကြပြီလား။ ဒီလိုအခြေအနေ ဆိုးမျိုး မဟုတ်သေးပါဘူးနော်’’

‘‘တယ် .... တယ် သူများခွံ့ကျွေးတိုင်း စားတာမကောင်းပါ ဘူး။ တစ်ခါစားမိလို့ စားတတ်သွားရင် နောက်ထပ်အခွံ့ခံချင်နေဦးမှာ’’။ ဖခင်ဖြစ်သူက သားစကားကိုနားထောင်ပြီး ဒီခေတ်သာဆို နားရင်းပိတ်အုပ်မှာ သေချာပါတယ်။  ဒါပေမဲ့ သူကသူ့ဇနီးကို လှမ်းပြီး‘‘ကြင်သုန်ရေ၊ မင်းရဲ့ဖွဲနုဆီစက်အိပ်မက်ကို ရပ်လိုက်တော့။မင့်သားက နိုင်ငံရေးလုပ်ရင်လည်း အောင်မြင်ဦးမယ့်ကောင်ပဲ’’လို့ပြောလိုက်ပါသတဲ့။

ဝတ္ထုရဲ့ဒီအပိုင်းမှာ ပေးတဲ့မက် ဆေ့ခ်ျက ‘‘တစ်ခါစားမိလို့ စားတတ်သွားရင် နောက်ထပ်အခွံ့ခံချင်နေ ဦးမှာ’’ဆိုတဲ့ စာသားလေးဖြစ်ပါ တယ်။ စာရေးသူတို့ တိုင်းပြည်မှာ မိမိတို့အကျိုးစီးပွားအတွက် ခွံ့ ကျွေးချင်တဲ့သူနဲ့ အခွံ့ခံချင်တဲ့သူ တွေ များစွာရှိခဲ့၊ ရှိနေဆဲ ဖြစ်ပါ တယ်။ အဂတိလိုက်စားမှုတိုက် ဖျက်ရေးလုပ်ရာမှာ ဒီလိုခွံ့ကျွေး မယ့်သူတွေနဲ့ အခွံ့ခံစားနေတဲ့သူ တွေကိုလည်း လျစ်လျူရှုလို့ မရ ပါဘူး။

 ပွင့်လင်းမြင်သာမှုမရှိတဲ့၊ အဂတိလိုက်စားပြီး ကိုယ့်လူကိုယ် မျက်နှာသာပေးကာ အခွင့်အရေး ပေးနေတဲ့ လုပ်ငန်းတွေကြောင့် လူမြင်မကောင်းအောင် ဖြစ်လာ တဲ့ ကိစ္စတွေရှိလာပါတယ်။ အဂ တိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ခင်ဗျာ... လူမြင်မကောင်းအောင် ဖြစ်နေတဲ့ သူတွေကို ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ဖို့ တရားဥပဒေစိုးမိုးရေးဆိုတဲ့ မှန်ရှေ့ကို အရောက်ပို့ပေးပါလို့ ပြည်သူများနှင့်အတူ တောင်းဆို ပါရစေ...။  ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)