ဖေ့စ်ဘွတ်ခ်၊ အမေဇုန်နှင့် Netflix တို့ကြောင့် ပရီးမီးယားလိဂ် ပြသခွင့်တိုက်ပွဲ ပိုမိုပြင်းထန်နိုင်

အမေဇုန်ကဲ့သို့ နည်း ပညာကုမ္ပဏီကြီးများကပါ ဝင် ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်လာ သဖြင့် ပရီးမီးယားလိဂ်ရုပ်သံပြသ ခွင့်တိုက်ပွဲသည်  လက်ရှိယှဉ် ပြိုင်မှုထက် ပိုမိုပြင်းထန်လာတော့မည်ဖြစ်သည်။

ပြီးခဲ့သည့် နှစ်ကြိမ်က ပရီးမီးယားလိဂ်ရုပ်သံပြသခွင့်တိုက်ပွဲ ပြင်းထန်ခဲ့သဖြင့် ရင်းနှီးမြှုပ်နှံမှု ၇၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ ပြီး အသင်းများ ပိုမိုချမ်းသာ လာကာ ဈေးနှုန်းများလည်း ပိုမို ဖောင်းပွခဲ့သည်။

ယင်းအတွက်ကြောင့် ပရီး မီးယားလိဂ် လက်ရှိထိပ်သီးအ သင်း ၂၀ အနက် ၁၅ သင်းသည် ၎င်းတို့၏ ကစားသမားဝယ်ယူမှု စံချိန်များကို ၂ နှစ်အတွင်း ချိုးဖျက်ခဲ့သည်။

၁၉၉၂-၉၃ ကစ၍ ပရီးမီး ယားလိဂ်ဟု အမည်သစ်ဖြင့် ကျင်းပခဲ့ချိန်ကတည်းက Sky Sports က ရုပ်သံပြသခွင့်အများစုကို ဆက်တိုက်ပိုင်ဆိုင်လာပြီး Set-antaကဲ့သို့ ကုမ္ပဏီများက ထိပ် တိုက်မယှဉ်နိုင်ခဲ့ပေ။

ယင်းမှ ဖုန်းဆက်သွယ်ရေး ကုမ္ပဏီ BT ဈေးကွက်အတွင်း ဝင်ရောက်လာချိန်အထိဖြစ်ပြီး ဖေဖော်ဝါရီတွင်လည်း ၂၀၁၉-၂၀၂၂ အထိ ပြသခွင့်ရရန် Sky Sports နှင့် BT တို့ထပ်မံယှဉ်ပြိုင် ဖွယ်ရှိသည်။

သို့သော် Amazon၊ Netflix နှင့် ဖေ့စ်ဘွတ်ခ်ကုမ္ပဏီတို့က လည်း ပါဝင်ရန် စဉ်းစားနေသဖြင့် ဈေးနှုန်းကျဆင်းရန် မမြင်သေး ပေ။

Amazon သည် ဗြိတိန်နှင့် အိုင်ယာလန်တွင် ATP တင်းနစ် ပြိုင်ပွဲ ၃၇ ပွဲ၌ ပြသခွင့်များရ ယူထားကာ ဖေ့စ်ဘွတ်ခ်က Fox Sports နှင့် ချိတ်ဆက်၍ ချန်ပီယံ လိဂ်ပြသခွင့်များ ရယူထားသည်။

အင်္ဂလိပ်ပရီးမီးယားလိဂ် ပြသခွင့်များရရှိရေး ဖေ့စ်ဘွတ်ခ် ကုမ္ပဏီက ဖယ်ရှားမထားပေ။ ရုပ်သံပြသခွင့်အတွက် ပြိုင်ဆိုင် မှုပြင်းထန်လာသည်နှင့်အမျှ ကမ္ဘာ့ဘောလုံးလောကကို ကြီး မားသော လှိုင်းလုံးများ ရိုက်ခတ် ဖွယ်ရှိကာ ကမ္ဘာအချမ်းသာဆုံး လိဂ်လည်း ပိုမိုတန်ဖိုးကြီးလာဖွယ်ရှိသည်။

—Ref:Marca

 

Top News