ဖြိုးကိုကိုတင့်ဆန်းကို နေပြည်တော်တွင်စွဲဆိုထားသောအမှုများ ပေါင်း၍စစ်ဆေးမည်ဟု တရားသူကြီးပြော

ဖြိုးကိုကိုတင့်ဆန်းကို ခေါ်ဆောင်လာသော အချုပ်ကား တရားရုံးသို့ ရောက်လာစဉ် (ဓာတ်ပုံ − ရဲနိုင်)

ဖြိုးကိုကိုတင့်ဆန်း အမှုကို တရားစွဲဆိုထားသည့် ပုဒ်မများပြားနေသဖြင့် အမျိုးအစားတူ သည့် ပုဒ်မများပေါင်း၍ စစ်ဆေးနိုင်ရန်အတွက် လျှောက်လဲချက် များတင်ရန် ဒက္ခိဏခရိုင်မှ တရားသူကြီး ဦးလှဝင်းကနှစ်ဖက်ရှေ့ နေများအား မှာကြားခဲ့သည်။ 


‘‘တရားခံ တစ်ယောက် တည်းက တစ်နှစ်အတွင်းမှာ ကျူး လွန်နေတဲ့ မျိုးတူပုဒ်မတွေဖြစ်နေ တယ်။ ပြီးတော့ တစ်ယောက် တည်းက ကျူးလွန်တာ၊ အမှုက လည်း ၁၂ မှုဖြစ်နေတော့ ကျင့်ထုံး ဥပဒေအရ ပေါင်းစစ်လို့ရတဲ့အ တွက် နောက်လာမယ့် ရုံးချိန်းမှာနှစ်ဖက်ရှေ့နေတွေက လျှောက် လဲချက်ပေးပါ’’ဟု ဦးလှဝင်းက တရားခွင်တွင်ပြောသည်။

ဖြိုးကိုကိုတင့်ဆန်းအပါအ ဝင် အပေါင်းအပါရှစ်ဦးအား ဇန်န ဝါရီ ၁၀ ရက်က ဒက္ခိဏခရိုင် တရားရုံးတွင် ဒုတိယအကြိမ်ရုံး ထုတ်ရာ ဖြိုးကိုကိုတင့်ဆန်းတစ် ဦးတည်းကို ၁၉၂၃ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥ ပဒေပုဒ်မနှစ်ခုဖြင့် အေလာရဲစ ခန်းနှင့် ဒက္ခိဏရဲစခန်းတို့က အသီး သီးထပ်မံတရားစွဲဆိုခဲ့သည်။ 

ဖြိုးကိုကိုတင့်ဆန်းအပါအ ဝင် အပေါင်းအပါရှစ်ဦးကို ဒုတိယ အကြိမ် ရုံးထုတ်စစ်ဆေးရာ ၁၅ မိနစ်ကျော် ကြာမြင့်ခဲ့သည်။ ရှစ်ဦးစလုံးသည် အင်္ကျီအဖြူ ရောင်နှင့် ပုဆိုးများဝတ်ဆင်ထား ပြီး ဖြိုးကိုကိုတင့်ဆန်းသည် စတင်အဖမ်းခံရစဉ်ထက် အနည်းငယ် ပို၍ ပြည့်လာသည်ကို တွေ့ရသည်။ ယမန်နေ့ရုံးချိန်းတွင် ၎င်းမိသားစုဝင်များကို မတွေ့ရှိရဘဲ ကျန်အပေါင်းအဖော်များ၏ မိ သားစုဝင်အချို့သာ တွေ့မြင်ခဲ့ရ သည်။ 

နေ့လယ် ၁ နာရီခန့်တွင် တရားခံရှစ်ဦးကို တရားခွင်အ တွင်း ခေါ်ဆောင်လာပြီး မိနစ်ပိုင်းအကြာ၌ တရားသူကြီးရောက် လာကာ စတင်စစ်ဆေးခဲ့သည်။ 

ခရိုင်တရားသူကြီး ဦးလှဝင်း က ပုဒ်မနှစ်ခုဖြင့် ထပ်မံတရားစွဲဆို သဖြင့် အမှု ၁၂ ရှိပြီဖြစ်ကြောင်း ဖြိုးကိုကိုတင့်ဆန်းကို ပြောကြားရာ ၎င်းက ‘‘ဟုတ်ကဲ့အဘ’’ ဟု ပြန်လည်ဖြေကြားသည်။ 

ထို့နောက် အမှုစွဲချက်တင် ရန် ကုန်ပြီလားဟု တရားသူကြီးက မှုခင်းရဲတပ်ဖွဲ့ (CID)မှ အရာရှိ များကို  မေးမြန်းရာတွင် တာဝန်ရှိ သူတစ်ဦးက ‘‘ကုန်ပါပြီ၊ မရှိ တော့ပါဘူး’’ဟု ဖြေကြားသည်။

နေပြည်တော်တွင် ဖြိုးကို ကိုတင့်ဆန်းအပါအဝင်အပေါင်း အပါရှစ်ဦးအား တရားစွဲဆိုထား သည်မှာ ၁၂ မှုရှိပြီဖြစ်ပြီး ယင်း အနက် နှစ်မှုသည်ကျော်ချမ်းငြိမ်း ကို တရားခံပြေးအဖြစ် စွဲဆိုထား ခြင်းဖြစ်သည်။ 

ယမန်နေ့ရုံးချိန်းတွင် အမှု များမှ တရားခံပြေး ကျော်ချမ်းငြိမ်းကို ဖမ်းဆီးရန် ဖမ်းဝရမ်းအ တည်ပြုနိုင်ခဲ့ပြီး နောင်လာမည့် ရုံးချိန်းများတွင် အမှု ၁၀ မှုကို တရား ခံပြေးမျက်ကွယ်၌ စစ်ဆေးမည် ဖြစ်ကြောင်း ခရိုင်တရားသူကြီး ဦးလှဝင်းက အမိန့်ချမှတ်ခဲ့သည်။  

ရာဇဝတ် ကျင့်ထုံးဥပဒေ ၂၃၄ အရ တစ်နှစ်အတွင်း ဖြစ်ပွား သည့် အမှုတူနေပါက ပေါင်း၍ စစ်ဆေးနိုင်ကြောင်းကို ပြဋ္ဌာန်း ထားကြောင်း တရားခွင်စစ်ဆေး ပြီးနောက် ပြုလုပ်သည့်သတင်းစာ ရှင်းလင်းပွဲတွင် ခက္ခိဏခရိုင် ဒုတိ ယတရားသူကြီး ဦးခင်မောင်ထွေး က ပြောသည်။ 

ထို့ကြောင့် အမှုများကို စတင်စစ်ဆေးနိုင်မည် မဟုတ်သေးဘဲ တရားလိုနှင့် တရားခံဘက်မှ ရှေ့နေများက အပြန်အလှန်လျှောက် လဲချက်များ တင်ပြပြီးနောက်မှ စစ်ဆေးမည့် တရားသူကြီးက အ မိန့်ချမှတ်၍ ဆက်လက်ဆောင် ရွက်မည်ဖြစ်ကြောင်း ဦးခင်မောင် ထွေးက ပြောသည်။ 

တစ်နှစ်အတွင်း ဖြစ်ပွားခဲ့ သည့် မျိုးတူပြစ်မှုသုံးခုကို အမှု တစ်မှုအဖြစ် ပေါင်းစစ်၍ရသော် လည်း ဥပဒေအရာရှိက ဖြစ်စေ၊  တရားခံဘက်က ရှေ့နေဖြစ်စေ လျှောက်လွှာတင်မှ တရားသူကြီး က ဆုံးဖြတ်ရမည်ဖြစ်ပြီး တရား သူကြီးက ယခုကဲ့သို့ ပေါင်းစစ်ရန် ပြောကြားသည့်အပေါ် ဆန်းစစ် ရန် လိုကြောင်း တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြောသည်။ 

‘‘ပေါင်းပြီး စစ်လိုက်တဲ့အ ခါကျတော့ စွဲချက်တင်ရင် စွဲချက် သုံးရပ်ပုံစံနဲ့တင်ရတယ်။ အဲဒီ တော့ ပြစ်ဒဏ်က ကွာခြားချက် ဖြစ်သွားနိုင်တယ်။ အဲဒါကြောင့်မို့ မစစ်သင့်ဘူးလို့ ပြောတာ’’ဟု ၎င်း က ပြောသည်။ 

သို့သော် အမျိုးအစားတူ ပုဒ် မများကို ပေါင်း၍ စစ်ဆေးခြင်း သည် ဥပဒေအရ ခွင့်ပြုထားသည့် ကိစ္စဖြစ်ပြီး တရားသူကြီးအနေ ဖြင့် ဥပဒေဘောင်ကို ကျော်လွန်၍ ဆောင်ရွက်ခြင်း မဟုတ်ကြောင်း ပျဉ်းမနားမြို့နယ်မှ တရားလွှတ် တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။ 

ထို့အပြင် တရားသူကြီးအ နေဖြင့် တစ်ဖက်ဘက်က လျှောက်ထားသည်ဖြစ်စေ၊ မလျှောက်ထား သည်ဖြစ်စေ ၎င်းအနေဖြင့် စဉ်းစား ခွင့်ရှိကြောင်း ဦးခင်မောင်ဇော်က ပြောသည်။ 

‘‘တစ်မှုချင်းစစ်လည်းပဲ ပြစ် ဒဏ်ကို တပေါင်းတည်းခံစားစေ ဆိုပြီး လုပ်နိုင်တာပဲလေ။ အဲဒါက တော့ တရားသူကြီးအပေါ် မူတည်တာပေါ့။ ဒါပေမဲ့ တင်းတင်းကျပ် ကျပ်ဖြစ်မယ်ဆိုရင်တော့ ဒီတစ်မှု တည်းမှာပဲ ဘာလုပ်တဲ့အတွက် ကြောင့် ထောင်ဘယ်နှနှစ်၊ ဘာ အတွက် ထောင်ဘယ်နှနှစ်ဆိုပြီး တပေါင်းတည်းခံစားစေ၊ မပါရင် သီးခြားပဲ ကျခံရမှာပဲ’’ဟု ၎င်းက ပြောသည်။ 

ဖြိုးကိုကိုတင့်ဆန်းအား စွဲ ဆိုထားသည့် ပုဒ်မများသည် မူးယစ်မှု၊ လက်နက်မှု၊ နိုင်ငံတော်အ ထိမ်းအမှတ် တံဆိပ်တုပသုံးစွဲမှု၊ ပို့ကုန်သွင်းကုန်ဥပဒေ၊ ဆက် သွယ်ရေးဥပဒေ၊ ၁၉၂၃ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပ ဒေအပါအဝင် စုစုပေါင်း အမှု ၁၀ မှုဖြစ်ပြီး ကျန်နှစ်မှုသည် တရားခံ ပြေးအမှုဖြစ်သည်။ 

ထို့ပြင် ဖြိုးကိုကိုတင့်ဆန်း အပါအဝင် ငါးဦးကို သာကေတ မြို့နယ်တရားရုံးတွင် လက်နက် မှု၊ မူးယစ်မှုတို့ဖြင့် တရားစွဲထား ပြီး ဇန်နဝါရီ ၉ ရက်က ရုံးထုတ် စစ်ဆေးခဲ့သည်။