တစ်နပ်စား၊ တစ်ပန်းကန်စား၊ တစ်ပွဲစား

(တစ်)

ရန်ကုန်တက္ကသိုလ်ကံ့ကော် တောကြီးထဲ၌ နေခဲ့ရစဉ် ဂျပန် ကျောင်းသူ၊ ကျောင်းသားတချို့၊ ကိုရီးယားကျောင်းသူ၊ ကျောင်း သားတချို့နှင့် ရင်းနှီးခင်မင်ခွင့်ရခဲ့ ပါသည်။

တစ်ရက်ကိုရီးယားကျောင်း သားတစ်ဦးနှင့် စားသောက်ဆိုင် ကလေးတစ်ဆိုင်အတွင်း၌ ဆုံဖြစ် ကြစဉ် သူကကျွန်တော့်ကို ဂျပန် အကြောင်း အကောင်းပြောလွန်း သည်ဟုဆိုကာ ဝေဖန်ပါသည်။ အထူးသဖြင့် ဂျပန်တို့ခြိုးခြံချွေတာ စွာဖြင့် ချမ်းသာသောဘ၀သို့တက် လှမ်းခဲ့ကြပုံများကို ပြောလွန်း၍ ဖြစ်ပါသည်။

ကျွန်တော်က ဂျပန်တချို့ နှင့် ရင်းနှီး၊ ဂျပန်အကြောင်းရေး ထားသည့် စာအုပ်တွေဖတ်၊ ဂျပန် သို့ ခဏတာအလည်ရောက်ဖူး သည့်အတွက် အစားအသောက် စားသည့်အခါ ပြောင်တလင်းခါ အောင်စားလေ့ရှိသည့် ဂျပန် ဓလေ့ကို သူ့ရှေ့၌ ပြောမိခဲ့သည် မဟုတ်လား။ ဂျပန်တို့၊ ကိုရီးယား တို့ဆိုသည်ကလည်း သမိုင်းထဲ၌ ရန်ဖြစ်ခဲ့ကြဖူးသူများဖြစ်လေရာ ကိုရီးယားကျောင်းသားက နည်း နည်းကလေးခံပြင်းနေပုံလည်း ရ ပါသည်။

သူက ကိုရီးယားတွေက လည်း ခြိုးခြံချွေတာသည့် စိတ် ဓာတ်ဖြင့် ရှေ့သို့တက်လာခဲ့သူ တွေပါဟု ဆိုပါသည်။ အစားအ သောက်စားလျှင် ပြောင်အောင် စားမှဟူသည့် ပြည်သူ့နီတိအရာ တွင် ဂျပန်ကို ပခုံးချင်းယှဉ်နိုင်သည့် နိုင်ငံဖြစ်ပါကြောင်း ခိုင်ခိုင်မာမာ ပင်ဆိုပါသည်။ ယင်းကိုဖြင့် ကျွန် တော်မငြင်းနိုင်ပါလေ။

(နှစ်)

ကိုရီးယားလှိုင်း (Korean Wave) တို့ကမ္ဘာသို့ ရိုက်ခတ်ရန် အလို့ငှာ ၁၉၉၀ နှစ်ကာလများ၏ အလယ်ပိုင်းလောက်မှစ၍ ကြိုး ပမ်းခဲ့ကြရာဝယ် ကိုရီးယားရုပ်ရှင် ဇာတ်ကားများကမ္ဘာသို့ ထိုး ဖောက်နိုင်ရေးလည်း ပါဝင်ပါ သည်။ တရုတ်၊ ဂျပန်၊ ရုရှား၊ အိန္ဒိယစသည်တို့သာမက အင်္ဂ လိပ်စကားပြောနိုင်ငံတို့ကပါ မိမိ တို့ဘာသာအသီးသီးသို့ ပြန်ဆို ကာ ကိုရီးယားရုပ်ရှင်ကို စွဲစွဲမြဲမြဲ ကြည့်ပါသည်။ မြန်မာတို့ကမူ လှည်းနေလှေအောင်းမြင်းဇောင်း မကျန်ဆိုသလို ကိုရီးယားရုပ်ရှင် ကို အားပေးပါသည်။

ဤ၌ ‘ချိုးပြုတ်ရေ’ ဆိုသည် ကိုများ သတိထားမိကြလေသလား မပြောတတ်ပါ။ ကိုရီးယားကား တိုင်းလိုလို၌ ပါလေ့ရှိသည့် ‘ချိုး ပြုတ်ရေ’ပဲဖြစ်ပါသည်။ ထမင်းချိုး ကို ပြုတ်ထားသည့်အရည်။

ကိုရီးယားတို့ ထမင်းအိုး တည်ကြသည့်အခါ မြန်မာနိုင်ငံ၌ ထမင်းအိုးချိုးကပ်သလို သူတို့ လည်း ချိုးကပ်ပါသည်။ ကိုရီးယား တို့က ထိုထမင်းချိုးကို ခပ်လွယ် လွယ်စွန့်ပစ်လေ့မရှိပါ။ ရေထည့် ၍ ပြုတ်ထားကာသောက်လေ့ရှိ ပါသည်။ ယင်းကို ထမင်းချိုးပြုတ် ရေဟု ခေါ်ပါသည်။

ကိုရီးယားရုပ်ရှင်ဇာတ်ကား များကို ကြည့်သည့်အခါ ဇာတ် ဆောင်တို့ ချိုးပြုတ်ရေသောက် သည့်အခန်းများ သတိထားမိ အောင် ပါလေ့ရှိပါသည်။ ဆင်းရဲ ချမ်းသာအလွှာမရွေးချိုးပြုတ်ရေ ကို သောက်လေ့ရှိပါသည်။ ယင်း ဓလေ့စရိုက်ကိုပင်လျှင် ခြိုးခြံချွေ တာတတ်သည့် ပြည်သူ့နီတိလိုက် နာသောလူမျိုးစရိုက်အဖြစ် ပုံဖော် ခြင်းဖြစ်ပါသည်။

ကျွန်တော်သဘောကျမိပါ သည်။

(သုံး)

ကျွန်တော်တို့ငယ်ငယ်က ထမင်းအိုးဆေးသည့်အခါ ထမင်း ကျန်များကို လွှင့်မပစ်ဘဲ ဆန် ကော၊ ဆန်ခါသင့်လျော်ရာ တစ် ခုခုထဲ၌ ဖြန့်ကျင်းကာ နေခြောက် လှမ်းသည့်လူကြီးသူမများကို မ ကြာခဏတွေ့ရဖူးပါသည်။ ထို့ နောက် ခြောက်သွေ့သွားသည့် ထမင်းခြောက်များကို ထမင်းချိုး ကြော်အဖြစ် ကြော်ကာလှော်ကာ ပုလင်းများ၊ ဘူးများထဲ၌ ထည့် သွင်းထားပြီး အဆာပြေစားစရာအ ဖြစ် စုဆောင်းထားကြပုံများကို သတိရမိပါသည်။

ခြိုးခြံချွေတာခြင်းကို မင်္ဂလာ တစ်ရပ်အဖြစ်လက်ခံကျင့်သုံး သော ဗုဒ္ဓဘာသာဝင်များ အဖို့ ယင်းက ဗုဒ္ဓ၏အဆုံးအမကို လိုက် နာခြင်းပင်ဖြစ်ပါသည်။

သို့သော် ထမင်းတစ်နပ် လျှော့စားကြပါဟု အပြောခံရ သောအခါ၊ ဟင်းတစ်ခွက်လျှော့ စားကြပါဟု လမ်းညွှန်မှုခံရသော  အခါ ပြက်ရယ်ပြုကြ၊ ကလိကြ၊ ရိကြဖြစ်ရခြင်းများမှာ ထိုစကားကို ပြောသူက မည်သို့သောပြည်သူ့နီ တိဖြင့် အသက်ရှင်နေသနည်းဟူ သည့်မေးခွန်းကြောင့်ပဲ ဖြစ်ပါ သည်။

မဟတ္တမဂန္ဒီကြီး ချွေတာကြ ဖို့ပြောပုံက လက်ခံချင်စရာ ကောင်းပါသည်။ သူကိုယ်တိုင်က ပြည်တွင်းဖြစ် ဒိုတီအဖြူ၊ စွပ် ကျယ်အဖြူ၊ ခြုံလွှာအဖြူ၊ တောင် ဝှေးကလေးတစ်ချောင်းမျှနှင့်သာ မဟုတ်လား။

ဟိုချီမင်းချွေတာကြဖို့ ပြော ပုံကလည်း လက်ခံချင်စရာ ကောင်းပါသည်။ သူကိုယ်တိုင်က မျှစ်ပြုတ်နှင့် ယာဂုကို အကြိုက်ဆုံး အစားအစာဟုဆိုသည်မဟုတ် လား။

ဗိုလ်ချုပ်အောင်ဆန်းချွေတာ ကြဖို့ပြောပုံကလည်း လက်ခံချင် စရာကောင်းပါသည်။ သူကိုယ် တိုင်က ပုဆိုးနှင့်အင်္ကျီဆယ်စုံပြည့် အောင်မရှိသူ မဟုတ်လား။

ထိုင်းဘုရင်ဘူမီဘော ချွေ တာကြဖို့ပြောပုံကလည်း လက်ခံ ချင်စရာကောင်းပါသည်။ သူကိုယ် တိုင်က ဖိနပ်ကို ဖင်ပါးသည်အထိ စီးသူ၊ ခဲတံတိုတိုကလေးကို စက္ကူ ဖြင့်ပတ်ကာ ကိုင်၍ရအောင်လုပ် ပြီး စာရေးသူမဟုတ်လား။

(လေး)

နိုင်ငံတို့ လဲကျနေရာမှ ပြန် ထကြသည့်အခါ ခြိုးခြံချွေတာခြင်း က ပါစမြဲဖြစ်ပါသည်။

၁၉၄၅ ၌ လက်နက်ချခဲ့ရသူ ဂျပန်တို့တစ်နေ့ငါးထမင်းတစ်နပ် စားကာ နောက်ဆယ့်ငါးနှစ်အ ကြာ ၁၉၆၀ ၌ ကျားတစ်ကောင် ဖြစ်သွားရသည်မှာ အထင်အရှား ဖြစ်ပါသည်။

တစ်ခုတော့ရှိပါသည်။ ဂျာ မန်ကဗျာဆရာ ဘားတိုးဘရက်ခ်ျ (Bertolt Brecht)၏ ကဗျာထဲက လို အနွေးထည်အထူကြီးနှင့် ဘွတ်ဖိနပ်စီးထားတဲ့လူတွေရယ်၊ ဖိနပ်ဗလာနဲ့ လူတွေရယ်အတူတ ကွချီတက်ခဲ့ကြပါတယ်ကား လုပ် ၍မဖြစ်ပါ။

ခေါင်းဆောင်က လူထုနှင့် တစ်သားတည်းရှိသောအခါ သူ့ စကားကို လူထုကယုံကြည်နာခံ ပါသည်။ ဂျပန်တို့ ငါးထမင်းတစ် နပ်ကို ယုံယုံကြည်ကြည်စားခဲ့ကြ ခြင်းဖြစ်ပါသည်။ ကိုရီးယားတို့ ချိုး ပြုတ်ရည်ကို ယုံယုံကြည်ကြည် သောက်ခဲ့ကြခြင်းဖြစ်ပါသည်။ခြိုးခြံချွေတာခြင်းကပြဿနာ မဟုတ်ပါ။ ထိုစကားကို ပြောသူ၏ အခြေအနေကသာ ပြဿနာဖြစ်ပါ သည်။။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)