လူမှုကွန်ရက်တွင် မမှန်ရေးသားဖော်ပြသည့် အကောင့်ပိုင်ရှင်ကို အရေးယူမည်ဟု တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှူးပြော
‘‘Bo Ye ကိုလိုက်ရှာနေတယ်။ ၀န်ကြီးချုပ်နာမည်သုံးပြီးတော့ တမင်သက်သက်ကို လျှောက်ရေးထားတာ။ ရည်ရွယ်ချက်ရှိလို့လုပ်တာပေါ့။ သဘောရိုးနဲ့တင်တာမဟုတ်ဘူး။ ကြည့်ရင်သိသာပါတယ်။ ပေါ်ရင်တော့ အရေးယူမယ်’’ဟု ၎င်းကပြောသည်။
ဇန်န၀ါရီ ၈ ရက်က ထိုအကောင့်တွင် ၂၀၁၇ ဒီဇင်ဘာ၃၁ ရက်က သရက်ချောင်းမြို့နယ်အတွင်း ၀န်ကြီးချုပ်ပိုင်ကျောက်တင်ကား တစ်စီးကားလမ်းမပေါ် တိမ်းမှောက်မှုကြောင့် လမ်းကြောင်းမှန်အတိုင်းမောင်းလာသော သုံးဘီးဆိုင်ကယ်ပေါ်လိုက်ပါလာသည့် ခရီးသည်ကိုးဦး ဒဏ်ရာအပြင်းအထန်ရကာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့မှုနှင့်ပတ်သက်၍ သေဆုံးသူအတွက် လျော်ကြေး ကျပ် ၁၀ သိန်း၊ ဒဏ်ရာပြင်းထန်သူနှစ်ဦးကို တစ်သိန်းစီနှင့် အခြား ဒဏ်ရာရသူများအား ငါးသောင်း စီပေးကြောင်း ရေးသားဖော်ပြခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့က ဇန်န၀ါ ရီ ၁၀ ရက်တွင် ထုတ်ပြန်သည်။
တိုင်းရဲတပ်ဖွဲ့က အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သရက် ချောင်းမြို့နယ်ရဲတပ်ဖွဲ့သို့ အ တည်ပြုမေးမြန်းရာ တိမ်းမှောက် ခဲ့သော ကျောက်တင်ကားသည် သရက်ချောင်းမြို့နယ် သင်းကျွန်း ရွာနေ ဦးဝင်းကိုယုပိုင်ဆိုင်သည့် ယာဉ်ဖြစ်ပြီး ယာဉ်တိုက်မှုဖြစ် သည့်ရက်မှာပင် ယာဉ်မောင်းဦး ၀င်းသိန်းကို ရဲတပ်ဖွဲ့ကဖမ်းဆီး အရေးယူထားကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
‘‘မောင်းတဲ့သူ အပြင်ရောက် နေတယ်ဆိုတာ မဟုတ်ဘူး။ မောင်းတဲ့သူကို တရားရုံးမှာ အ ချုပ်ထဲထည့်ထားတယ်။ သေသွား တဲ့သူတွေကို လျော်ကြေးပေး တယ်ဆိုတာလည်း မဟုတ်ဘူး’’ ဟု ရဲမှူးကြီးနေမျိုးကရှင်းပြသည်။
Bo Ye အကောင့်တွင်ရေး သကဲ့သို့ ရဲတပ်ဖွဲ့က သုံးဘီးဆိုင် ကယ်မောင်းသူကို ဖမ်းဆီးချုပ် နှောင်ထားခြင်းမရှိကြောင်း၊ဒဏ်ရာရသူများလည်း ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေပြီး နစ်နာကြေးပေးဆောင်ထားခြင်းမရှိကြောင်းနှင့် အဆိုပါ အမှုကိုရဲတပ်ဖွဲ့က စစ်ဆေးနေကြောင်း ဆိုသည်။
 ထို့ကြောင့် Bo Ye ဖေ့စ် ဘွတ်ခ်အကောင့်သည် အဆိုပါ ဖြစ်စဉ်ကို အမှန်အတိုင်းရေးသား ဖော်ပြခြင်းမဟုတ်ဘဲ တည်ဆဲအ စိုးရအကြီးအကဲများနှင့် ရဲတပ်ဖွဲ့ အပေါ် ဂုဏ်သိက္ခာထိခိုက်ကျ ဆင်းစေရန်အပြင် ရဲတပ်ဖွဲ့နှင့် ပြည်သူအကြား အထင်အမြင်လွဲ မှားစေရန် မဟုတ်မမှန်ရေးသား ဖော်ပြထားခြင်းသာဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
‘‘လူတစ်ယောက်ကို ကြိုက် တဲ့သူရှိတယ်၊ မကြိုက်တဲ့သူရှိ တယ်။ အစိုးရအပေါ်လည်း ဒီသ ဘောပေါ့။ အခုက ဖေ့စ်ဘွတ်ခ် တွေများလာတော့ မကြိုက်တဲ့သူ တွေက အတို့အထောင်နဲ့လျှောက် လုပ်နေကြတာပေါ့။ ဒါတော့ ရည် ရွယ်ချက်ရှိရှိလုပ်တာပေါ့’’ ဟု ရဲမှူးကြီးနေမျိုးက ဖေ့စ်ဘွတ်ခ် ပေါ်မှ သတင်းအမှားများနှင့်ပတ် သက်၍ သုံးသပ်သည်။
 သို့သော် အဆိုပါဖေ့စ် ဘွတ်ခ်အကောင့်ပိုင်ရှင်ကို ရဲတပ်ဖွဲ့ဖမ်းဆီးရမိခြင်းမရှိသေးဘဲ အဆိုပါအကောင့်များကလည်း ယခုအချိန်အထိရေးသားထားသည့် ပို့စ်များ ဖြုတ်ချခြင်းမရှိသေးပေ။
More in News Section
Top News