စစ်ကိုင်းကောင်းမှုတော်စေတီ ထုံးသင်္ကန်း ပြန်လည်ကပ်လှူရေး ဆရာတော်များထံမှ သြဝါဒခံယူမည်

စစ်ကိုင်းမြို့ရှိ ကောင်းမှုတော်စေတီတော်ကြီးကို ဇန်နဝါရီလ ၁၁ ရက်က ဖူးတွေ့ရစဉ် (ဓာတ်ပုံ − ညီညီဇော်)

 စစ်ကိုင်းမြို့ ကောင်းမှု တော်စေတီတော်ကြီး ထုံးသင်္ကန်း ပြန်လည် ကပ်လှူနိုင်ရန် ဇန်နဝါရီ ၁၅ ရက်တွင် ဆရာတော်၊ သံဃာ တော်များထံမှ သြဝါဒခံယူမည်ဖြစ်ကြောင်း စစ်ကိုင်းမြို့မိမြို့ဖအဖွဲ့က ပြောသည်။

လက်ရှိတွင် ကောင်းမှုတော် စေတီ ထုံးသင်္ကန်းပြန်လည်ကပ် လှူရန် ဆန္ဒလက်မှတ်ရေးထိုး ကောက်ခံခြင်းများ ပြုလုပ်နေပြီး ထုံးသင်္ကန်းအမြန်ဆုံး ကပ်လှူနိုင် ရေး ဆရာတော်၊ သံဃာတော်ကြီး များအား စစ်ကိုင်းမြို့ ထူပါရုံ ဘုရား ရွှေကျောင်းသို့ ပင့်ဖိတ် ဆွမ်းကပ်လှူကာ သြဝါဒခံယူမည် ဖြစ်ကြောင်း စစ်ကိုင်းမြို့မိမြို့ဖ အဖွဲ့အတွင်းရေးမှူး ဦးဇော်ဝင်း က ပြောသည်။

‘‘ကျွန်တော်တို့ အခုလုပ်တာ နိုင်ငံရေးနဲ့ မပတ်သက်ပါဘူး။ ဘယ်သူဘယ်ဝါ လုပ်ခဲ့လို့ ပြန် ပြောင်းတာလည်း မဟုတ်ဘူး။ ရင်တွင်းခံစားချက်စစ်စစ်ကိုက ထုံးသင်္ကန်းအဖြူရောင် ဖြစ်စေ ချင်တာပါ’’ဟု ဦးဇော်ဝင်းက ပြောသည်။

 ကောင်းမှုတော်စေတီ ထုံးသင်္ကန်း ပြန်လည်ကပ်လှူနိုင်ရေး အစည်းအဝေးကို ဇန်နဝါရီ ၁၁ ရက်က စစ်ကိုင်းမြို့ ပိုးတန်း ရပ်ရှိ သုဓမ္မာရုံတွင် မြို့မိမြို့ဖ အဖွဲ့က ဦးဆောင်ကျင်းပခဲ့ပြီး စစ်ကိုင်းမြို့ရှိ လူမှုရေးအသင်း အဖွဲ့များနှင့် စိတ်ပါဝင်စားသူ မြို့သူမြို့သားများ တက်ရောက် ခဲ့သည်။ ကောင်းမှုတော်စေတီ ထုံးသင်္ကန်း ပြန်လည်ကပ်လှူရန် ဆန္ဒပြုလက်မှတ်ရေးထိုး ကောက်ခံခြင်းကို စစ်ကိုင်းမြို့နှင့်အနီးဝန်းကျင်ကျေးရွာများသို့ လိုက်လံ ကောက်ခံပြီး ဇန်နဝါရီ ၁၂ ရက် တွင် စစ်ကိုင်းမြို့မဈေးရှေ့၌ လက်မှတ်ကောက်ခံမည်ဟု ဦးဇော်ဝင်းက ပြောသည်။

ကောက်ခံရရှိလာသည့် လက်မှတ်များဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်း အစိုးရအဖွဲ့ထံ တင်ပြမည်ဖြစ် ကြောင်း မြို့မိမြို့ဖအဖွဲ့က ပြော သည်။

စစ်ကိုင်းကောင်းမှုတော်စေ တီကို ၂၀၁၀ တွင် ထုံးသင်္ကန်းမှ ရွှေဆေးသင်္ကန်း ပြောင်းလဲကပ် လှူခဲ့ပြီး ထိုစဉ်က ဆရာတော်ကြီး များထံမှ သြဝါဒခံယူကာ ဆောင် ရွက်ခဲ့ကြောင်း၊ လက်ရှိတွင် ထုံး သင်္ကန်း ပြန်လည်ကပ်လှူရန်ညွှန်ကြားထားခြင်းမရှိသေးကြောင်း ကောင်းမှုတော်ဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးတုတ်ကပြောသည်။

 ‘‘နိုင်ငံတော်က ခိုင်းရင်၊ ဝန်ကြီးချုပ်က ခိုင်းရင် လုပ်ရမှာ ပေါ့။ ဆန့်ကျင်လို့မရပါဘူး’’ဟု ဦးတုတ်က ပြောသည်။

ပြီးခဲ့သည့်နှစ် မတ်လက ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် စစ်ကိုင်း ကောင်းမှုတော်စေတီနှင့်စပ်လျဉ်း ၍ ထုံးသင်္ကန်း ပြန်လည်ကပ်လှူ ရန် အစီအစဉ်ရှိ၊ မရှိ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက မေးမြန်း ခဲ့ရာ ရွှေဆေးသင်္ကန်း သက်တမ်း ကုန်ချိန်တွင် ထုံးသင်္ကန်း ပြန် လည်ကပ်လှူနိုင်ရေး ညှိနှိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သာ သနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက ဖြေကြားခဲ့သည်။

သို့သော် ၂၀၁၇ ဒီဇင်ဘာ နောက်ဆုံးပတ်တွင် ရွှေဆေး သင်္ကန်းများ ထပ်မံ ကပ်လှူနေ သဖြင့် မြို့ခံများက ဝေဖန်ခဲ့သည်။ သို့သော် ကောင်းမှုတော် ဂေါပက အဖွဲ့ကမူ လုံးတော်ပြည့် ဆေး သုတ်နေခြင်းမဟုတ်ဘဲ အပိမ့် အချိုင့်နှင့် အက်ကြောင်းများကို သာ ဖာထေးခြင်းဖြစ်ကြောင်း ပြန် လည်ဖြေရှင်းသည်။