မြန်မာလိဂ်အဖွင့်ပွဲတွင် စစ်ကိုင်းနှင့် ရခိုင်အသင်း အနိုင်၊ အရှုံးမပေါ်

မုံရွာမြို့ပြည်သူ့အားကစားကွင်းတွင် ကျင်းပသည့်၂၀၁၈ မြန်မာလိဂ်အဖွင့်ပွဲ၌ စစ်ကိုင်းနှင့်ရခိုင်အသင်းယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − MFF)

၂၀၁၈ မြန်မာလိဂ်အဖွင့် ပွဲတွင် စစ်ကိုင်းယူနိုက်တက်နှင့် ရခိုင်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်၊အရှုံး အဖြေမပေါ်ဘဲ ဂိုးမရှိသရေဖြင့် ပြီးဆုံးခဲ့သည်။

ဇန်နဝါရီ ၁၁ ရက်က စစ် ကိုင်းတိုင်း မုံရွာမြို့ ပြည်သူ့အား ကစားကွင်း၌ ယှဉ်ပြိုင်သည့် ယင်းပွဲမတိုင်မီ စစ်ကိုင်းအသင်း က မိတ်ဆက်ပွဲနှင့် ပရိသတ်အပ် နှံပွဲ ပြုလုပ်ခဲ့ပြီး  ပရိသတ်ကွင်းလုံး ပြည့် (ငါးထောင်ခန့်)လာရောက် အားပေးခဲ့သည်။

အဆိုပါပွဲ ပထမပိုင်းတွင် အိမ်ရှင်စစ်ကိုင်းအသင်းက ရခိုင် အသင်းကို ဖိအားပေး ကစား နိုင်ခဲ့သော်လည်း ရရှိသည့် အခွင့် အရေးများကို တိုက်စစ်မှူးများ အသုံးမချနိုင်သဖြင့် ပထမပိုင်း၌ ဂိုးမရှိသရေဖြင့် ပြီးဆုံးခဲ့သည်။

ဒုတိယပိုင်းတွင် စစ်ကိုင်းအသင်းက လူစားလဲမှုအချို့ ပြုလုပ်၍ တိုက်စစ်ပိုမိုမြှင့်တင်ကာ ဖိအားပေးခဲ့သော်လည်း ရခိုင်အသင်းနောက်တန်းနှင့် ဂိုးသမားတို့ကာကွယ်မှုကြောင့် အိမ်ကွင်းအဖွင့်ပွဲ၌ သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

‘‘ဒီနေ့ပွဲမှာ အပိုင်ကန်သွင်း ခွင့် ရှစ်ကြိမ်လောက် ရခဲပေမယ့် ဂိုးအဖြစ် မဖန်တီးနိုင်ခဲ့တဲ့အတွက် နစ်နာခဲ့ပါတယ်။ အိမ်ကွင်းပရိသတ်ရှေ့မှာ အနိုင်မယူနိုင်ခဲ့တဲ့ အတွက် တောင်းပန်ပါတယ်။ကျွန်တော်တို့အသင်းက ဒီနှစ်မှ တန်းတက်ခဲ့တဲ့ အသင်းငယ်ပါ။အရမ်းမမျှော်လင့်ထားဖို့ ပြောချင်ပါတယ်’’ဟု စစ်ကိုင်းအသင်းနည်းပြချုပ် ဦးဇော်လင်းထွန်းက ပြောသည်။MPT မြန်မာလိဂ်ပွဲစဉ် (၁) အခြားပွဲအဖြစ် ဇန်နဝါရီ ၁၂ ရက် (ယနေ့)တွင် သုဝဏ္ဏကွင်း၌ လက်ရှိ ချန်ပီယံ ရှမ်းယူနိုက်တက် နှင့် ဇွဲကပင်အသင်းတို့ ယှဉ်ပြိုင် မည်ဖြစ်သည်။ ကျန်ပွဲစဉ်များ အဖြစ် ဇန်နဝါရီ ၁၃ ရက်တွင် အောင်ဆန်းကွင်း၌ မြဝတီနှင့် မကွေး၊ ဇန်နဝါရီ ၁၄ ရက်တွင် ဂရင်းရွိုင်ရယ်ကွင်း၌ ဟံသာဝတီ နှင့် ရန်ကုန်၊ ၁၅ ရက်တွင် မော် လမြိုင်ကွင်း၌ ဆောက်သမ်းမြန် မာနှင့် GFA၊ မန္တလာသီရိကွင်း၌ ရတနာပုံနှင့် ဧရာဝတီအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

Top News