ကျောက်တန်းတွင် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်သည့် ဆိုင်ကယ်ကယ်ရီသမားကို အရေးယူ

မိခင်၏ပိုက်ဆံအိတ်ကျန်ခဲ့သဖြင့် ဆိုင်ကယ်ကယ်ရီဖြင့် နေအိမ်သို့ ပြန်ယူသည့် အသက် (၂၅)နှစ်အရွယ်မိန်းကလေးကို ကယ်ရီသမားက အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း ကျောက်တန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ကျောက်တန်းမြို့နယ် ချောင်းဝကျေးရွာနေ အသက် (၂၅)နှစ်အရွယ်မိန်းကလေးသည် ဇန်နဝါရီ ၁၀ ရက် နံနက် ၉ နာရီက မိခင်နှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ စိုက်ပျိုးစရိတ်ချေးငွေသွားထုတ်စဉ် မိခင်၏ပိုက်ဆံအိတ်ကျန်ခဲ့သဖြင့် တစ်ရွာတည်းနေ (၂၄)နှစ်အရွယ် ဇော်မင်းဦးမောင်းနှင်သည့် ကယ်ရီဖြင့် နေအိမ်သို့ပြန်ယူရာ လမ်းခရီးရှိ လယ်တဲအရောက်တွင် ကယ်ရီသမားက  မိန်းကလေးကို နောက်မှပွေ့ဖက်ကာအဓမ္မပြုကျင့်ခဲ့ကြောင်း ရဲအရာရှိက ပြောသည်။

ထို့နောက် မိန်းကလေးကို မိဘများအား ပြန်ပြောပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ ပြန်လည်လိုက်ပို့ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။ဇော်မင်းဦးကို ကျောက်တန်းမြို့မရဲစခန်းက အဓမ္မပြုကျင့်မှု ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။