ဗဟိုအမျိုးသမီးဆေးရုံတွင် ဘဝတစ်သက်တာ အေအာရ်တီဆေးအခမဲ့ပေးသည့် ဝန်ဆောင်မှုစတင်

ဗဟိုအမျိုးသမီးဆေးရုံတွင် အိပ်ခ်ျအိုင်ဗီပိုးရှိသော ကိုယ်ဝန်ဆောင်မိခင်များအတွက် အေအာတီဆေးအခမဲ့ပေးသော အေအာတီစင်တာဖွင့်ပွဲအခမ်းအနားတွင် တာဝန်ရှိသူတစ်ဦးက အမှာစကားပြောကြားနေစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

ဗဟိုအမျိုးသမီးဆေးရုံ တွင် အေအာရ်တီဆေးပေးဌာန ဖွင့်လှစ်၍ အိတ်ခ်ျအိုင်ဗီရောဂါပိုး ရှိနေသည့် ကိုယ်ဝန်ဆောင်မိခင် နှင့် အမျိုးသမီးများကို ဘဝ တစ်သက်တာ အေအာရ်တီဆေး အခမဲ့ပေးမည့် ဝန်ဆောင်မှု စတင်ပြီဖြစ်သည်။

အဆိုပါ ဆေးပေးဌာနကို ဇန်နဝါရီ ၁၁ ရက်က စတင်ဖွင့် လှစ်၍ ဇန်နဝါရီ ၁၂ ရက်ကစတင် ကာ တစ်ပတ်လျှင် သုံးရက်နှုန်း (ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ) နံနက် ၉ နာရီမှ ညနေ ၄နာရီအထိ ဆေးပေးမည်ဖြစ်ကြောင်း ဗဟိုအမျိုးသမီးဆေးရုံအုပ်ကြီး ဒေါက်တာပပက ပြောသည်။

‘‘ကျွန်မတို့ဆေးရုံမှာ အရင် တုန်းကလည်း မိခင်ကနေ ကလေးကို အိတ်ခ်ျအိုင်ဗီပိုး ကူး စက်မှု ကာကွယ်တားဆီးရေး စီမံ ချက်ကတော့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အမေတွေ က ဆေးရုံလာပြစဉ်မှာတော့ ဆေးယူပြီးတော့ ဒီပြင်နေရာမှာ ဆေးသွားယူရတယ်။ ဒါကြောင့် တစ်ခါတလေကျရင် မသွားနိုင်တဲ့ အခက်အခဲတွေကြောင့် သူတို့က ဆေးသောက်ဖို့ ပျက်ကွက်တဲ့သူ တွေ ဖြစ်သွားတတ်ကြတယ်။ အခုကျတော့ ဒီမှာ တောက် လျှောက်လာပြီးတော့ ယူနိုင်ပြီ ဖြစ်တဲ့အတွက်ကြောင့် သူတို့ ဘက်ကလည်း မှန်မှန်ယူသလို ကျွန်မတို့ဘက်ကလည်း ဆေးမှန် မှန် ပေးနိုင်မှာဖြစ်ပါတယ်’’ဟု ၎င်းကပြောသည်။

ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့ မွေးဖွားလာမည့် ရင် သွေးငယ်များအပြင် အခြား မီး ယပ်ဆိုင်ရာ ရောဂါများဖြင့် ဆေး ရုံတက်ရောက် ကုသသည့် အမျိုး သမီးလူနာများကိုပါ ပိုးစစ်ဆေး ပေးပြီး ပိုးရှိနေပါက တစ်သက် တာ အေအာရ်တီဆေး ပေးမည် ဖြစ်သည်။

ယင်းဌာနတွင် အခန်းသုံး ခန်းပါဝင်ပြီး ပထမအခန်း၌ ဆရာဝန်က တွေ့ဆုံဆွေးနွေးခြင်း၊ ဒုတိယအခန်းတွင် လူမှုအဖွဲ့အစည်းမှ ဆေးဘက်ဆိုင်ရာဝန်ထမ်းများက နှစ်သိမ့်ဆွေးနွေးပေးခြင်းနှင့် တတိယအခန်းတွင်မူ သူနာပြုများက အေအာရ်တီဆေး ပေးမည်ဖြစ်သည်။

ဗဟိုအမျိုးသမီးဆေးရုံကြီး တွင် တစ်နှစ်လျှင် လူနာတစ် သောင်းငါးထောင်ခန့်ကို အိတ်ခ်ျအိုင်ဗီပိုး ရှိ၊ မရှိ စစ်ဆေးပေးနိုင် ခဲ့သည်။ ၎င်းတို့အနက် လူ၁၈၀(၁ ဒသမ ၂ ရာခိုင်နှုန်း)သည် အိပ်ခ်ျအိုင်ဗီပိုးရှိနေသည်ဟု ဒေါက်တာပပက ပြောသည်။

ယင်းဆေးရုံကြီးသည် ခုတင် ၈၀၀ ဆံ့ ဆေးရုံဖြစ်ကာ နှစ်၁၂၀ သက်တမ်းရှိ၍ အနယ်နယ်အရပ်ရပ်မှ ကိုယ်ဝန်ဆောင်များနှင့် အမျိုးသမီးများ အားကိုးအားထားပြုရသည့်ဆေးရုံ ဖြစ်သည်။ဆေးရုံ၏ ပြင်ပလူနာဌာနတွင် တစ်နေ့လျှင် လူနာ၅၀၀ ခန့် ကုသပေးနေပြီး အတွင်းလူနာအဖြစ် တက်ရောက်ကုသသူဦးရေ ၉၀၀ခန့် ရှိသည်။