လာအိုမှလျှပ်စစ်ဓာတ်အားဝယ်ယူနိုင်ရေး ရက်ပိုင်းအတွင်း နှစ်နိုင်ငံလက်မှတ်ရေးထိုးမည်

မြန်မာနိုင်ငံအတွင်း လျှပ်စစ် ဓာတ်အား မလုံလောက်မှုကိုဖြည့်တင်းနိုင်ရန် လာအိုနိုင်ငံမှ လျှပ်စစ်ဓာတ်အား ဝယ်ယူနိုင် ရေး ယခုရက်ပိုင်းအတွင်း MoU (နားလည်မှု စာချွန်လွှာ) တစ်ခုကို နှစ်နိုင်ငံလက်မှတ်ရေးထိုး ရန်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးမင်းမင်းဦးက ပြောသည်။

မြန်မာနိုင်ငံကို လျှပ်စစ် ဓာတ်အားရောင်းချရန် အိမ်နီး ချင်းနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယတို့က စိတ်ဝင်စားမှုရှိနေပြီး လာအိုနိုင်ငံကလည်း ၂၀၁၇ မေလက ဆက်သွယ်ခဲ့ကြောင်း ယခင်ပြည်ထောင်စုဝန်ကြီး ဦးဖေဇင် ထွန်းက ပြောကြားထားသည်။

မြန်မာနိုင်ငံသို့ လျှပ်စစ် ဓာတ်အားမဂ္ဂါဝပ် ၃၀၀ တင်ပို့ ရောင်းချရန် အစီအစဉ်ရှိကြောင်း လာအိုနိုင်ငံ စွမ်းအင်နှင့် သတ္တု တွင်းဆိုင်ရာ ဒုတိယဝန်ကြီးက ၂၀၁၆ ဖေဖော်ဝါရီတွင် ပြောကြား ထားသည်။ ထိုပမာဏသည် ဗီယက်နမ်နိုင်ငံသို့ ရောင်းချနေ သည့် ပမာဏထက် ပိုမိုများပြား မည်ဟုဆိုသည်။

ယင်းသို့ ဆက်သွယ်ပြီး နောက် ၂၀၁၈ ဇန်နဝါရီအတွင်း MoU တစ်ရပ်ကို နှစ်နိုင်ငံလက် မှတ်ရေးထိုးနိုင်ရေး အကောင်အ ထည်ပေါ်လာခြင်းဖြစ်သည်။

ဝန်ကြီးဌာနအနေဖြင့် ယင်း သို့ဝယ်ယူရန် အတွေ့အကြုံမရှိ သဖြင့် နိုင်ငံဖြတ်ကျော်ဌာနမှ စာချုပ်ချုပ်ဆိုခြင်း လုပ်ငန်းများ နှင့် နည်းပညာကဏ္ဍများ လေ့ လာနေရကြောင်း ဦးမင်းမင်းဦးက ဆိုသည်။

‘‘အသေးစိတ်တွေက အများ ကြီးရှိသေးတယ်။ ဟိုဘက်က ဓာတ်အားစနစ်နဲ့ ဒီဘက်က ဓာတ် အားစနစ်နဲ့က တူညီမှဓာတ်အား ရောင်းချလို့ရတယ်။ တူညီအောင် ဘယ်လိုလုပ်ရမလဲ။ နောက်ပြီး ကျွန်တော်တို့က ဘယ်လာက်ဝယ် ပြီး ဘယ်လောက်ဖြန့်မှာလဲ။ သူတို့က ရောင်းချတဲ့ဓာတ်အားခဈေးနှုန်းကို ကျွန်တော်တို့ဆီဒီအရောက် ဘယ်လို သတ်မှတ်မှာလဲဆိုတာ မျိုးတွေ အများကြီးရှိသေးတယ်’’ ဟု ၎င်းကဆက်လက်ပြောသည်။

လက်ရှိတွင် လာအိုနိုင်ငံ သည် ၎င်းနိုင်ငံမှထွက်ရှိသည့် ရေအားလျှပ်စစ်ကို ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ ရောင်းချနေပြီး စင်္ကာပူနိုင်ငံသို့ ဆက်လက် ရောင်းချနိုင်ရန် ပြင်ဆင်ဆောင် ရွက်နေကြောင်း ဦးမင်းမင်းဦးက ဆိုသည်။

မြန်မာနိုင်ငံသို့ ရောင်းချမည့် လျှပ်စစ်သည် ရေအားမှထုတ်ယူ ထားသော လျှပ်စစ်ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ရေအား လျှပ်စစ်ထုတ်လုပ်ရန် အရင်းအ မြစ်များရှိနေသော်လည်း ရေအား လျှပ်စစ်ထုတ်လုပ်ရန် မစီစဉ်ဘဲနိုင်ငံခြားမှ လျှပ်စစ်တင်သွင်းနေ ခြင်းသည် ကာလရှည်ကြာပါက နိုင်ငံ့စီးပွားရေးကို များစွာထိခိုက် မည်ဟု ကမ္ဘာ့ဘဏ်စွမ်းအင်ပညာ ရှင် ဦးမျိုးမြင့်က ဆိုသည်။ ကမ္ဘာ့ ဘဏ်၏ လေ့လာချက်အရ မြန်မာ နိုင်ငံတွင် ရေအားလျှပ်စစ်ထုတ် လုပ်ရန် ၁၀၀ GW (1GW=၁၀၀၀ မဂ္ဂါဝပ်) ပမာဏရှိပြီး လက်ရှိ၌ ၃ GW သာ ထုတ်လုပ်နိုင်သေး ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ငါးနှစ်မှ ၁၀ နှစ်အတွင်း လျှပ်စစ်မီးရရန် ပြည်ပနိုင်ငံမှ လျှပ်စစ်တင်သွင်း ခြင်းသည် သဘာဝပတ်ဝန်းကျင် ကို မထိခိုက်စေဘဲ အလွယ်ကူဆုံး နည်းလမ်းဖြစ်ကြောင်း ပါရမီစွမ်း အင်ကုမ္ပဏီအုပ်စု ဥက္ကဋ္ဌ ဦးပြည့် ဝထွန်းက ပြောကြားသည်။