ဦးဝင်းထိန် အနားပေးခံရကြောင်း ကောလာဟလများ မှားယွင်းကြောင်း ပါတီ တာဝန်ရှိသူအချို့ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်အား တာဝန်မှ အနားပေးလိုက်သည်ဟု ကောလာ ဟလထွက်ပေါ်နေမှုကို မဟုတ်မှန်ကြောင်း ဗဟိုအလုပ်အမှုဆောင်အချို့နှင့် ပါတီနှင့် နီးစပ်သူများက ဇန်နဝါရီ ၁၂ ရက်တွင် အတည်ပြုပြောကြားသည်။

‘‘မဖြစ်နိုင်ပါဘူး။ အဲဒီသတင်းက ဘယ် သူဖွလဲမသိဘူး။ တစ်နေကုန် အဲဒါပဲ မေးနေ ကြတယ်။ အန်တီ အခု နေပြည်တော်ရောက်နေပြီ။ လမ်းမှာကတည်းက စကြားတယ်။ လုံးဝမဖြစ်နိုင်တဲ့ သတင်း။ အဓိပ္ပာယ်မှမရှိတာ’’ဟု ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမေဝင်းမြင့်က ဆို သည်။

ဦးဝင်းထိန်သည် ယမန်နေ့ က နေပြည်တော်မှ ရန်ကုန်သို့ လာရောက်ပြီး ဇန်နဝါရီ ၁၄ ရက်တွင် သြစတြေးလျနိုင်ငံသို့ အ လည်အပတ်သွားရောက်ရန် စီစဉ်ထားကြောင်းနှင့် မကြာခင် အချိန်အတွင်း ပြန်လည်ရောက်ရှိလာမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် နီး စပ်သူတစ်ဦးကပြောသည်။

ကောလာဟလများ ထွက် ပေါ်နေမှုနှင့် ပတ်သက်၍ ဦးဝင်း ထိန်ထံ 7Day Daily သတင်း ထောက်က ဆက်သွယ်မေးမြန်း ရာ ပြန်လည်ဖြေကြားလိုခြင်းမရှိ ကြောင်း ပြောသည်။

သို့ရာတွင် ဒီချုပ်ရန်ကုန်ရုံး ချုပ်၌ ယမန်နေ့က တစ်နေကုန်ရှိ နေသည့် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်က ဦးဝင်းထိန် နှင့်ပတ်သက်သည့် ကောလာဟ လများကို ကြားမိ၍ အံ့သြမိ ကြောင်းနှင့် လုံးဝမသိရှိကြောင်း ဖြေကြားသည်။

ဦးဝင်းထိန်ကို ပါတီမှ အနားပေးရန် ကြီးကြီးမားမား အ ကြောင်းပြချက်သတင်းများ မ ထွက်ပေါ်ခဲ့ပေ။ ဦးဝင်းထိန်သား မင်္ဂလာဆောင်သို့ ဒေါ်အောင် ဆန်းစုကြည်နှင့် သမ္မတ အပါအ ဝင် နိုင်ငံ့ခေါင်းဆောင်များ တက် ရောက်ခဲ့ခြင်းက ဦးဝင်းထိန်၏ အရေးပါအရာရောက်မှုကို ပြ သည်။

 လက်ရှိ ကောလာဟလ ထွက်ပေါ်နေသည့်အတိုင်း ပါတီက ဦးဝင်းထိန်အား အနားပေးလိုက်သည်ဟူသော အချက်မှာ ရာနှုန်းပြည့်နီးပါး မှားယွင်း ကြောင်းနှင့် မပြေလည်မှုအချို့ကို ပြန်လည်ညှိနှိုင်း၍ အဆင်ပြေ သွားကြောင်း ဒီချုပ်ပါတီထိပ်ပိုင်းခေါင်းဆောင်များနှင့် နီးစပ်သူ တစ်ဦးက မှတ်ချက်ပြုသည်။

ဦးဝင်းထိန်သည် ဒေါ်အောင် ဆန်းစုကြည် ပါတီမှ အစိုးရအဖွဲ့ သို့ ပြောင်းလဲပြီးနောက် ပါတီ၏ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်သည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့တွင် ဦးဆောင်သူတစ်ဦးဖြစ်သည်။ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင်များဖြစ်သည့် ဦးဝင်းမြင့်သည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်ပြီး ဒေါက်တာဇော်မြင့်မောင်မှာလည်း မန္တလေးတိုင်းဝန်ကြီးချုပ်ဖြစ်သည်။ ဦးဝင်းထိန်မှာ သူရဦးရွှေမန်း ကော်မရှင်တွင် အဖွဲ့ဝင်တစ်ဦးအဖြစ်သာ ပါဝင်ပြီး ဒီချုပ်ပါတီပိုင်းတွင် အပြည့်အဝအာရုံစိုက်နေရာ ဒေါ်အောင်ဆန်းစုကြည်ပြီးနောက် သြဇာညောင်းသူ တစ်ဦးအဖြစ် ထင်ရှားသည်။

More in News Section

Top News