ပဲခူးတိုင်းဝန်ကြီးချုပ်နုတ်ထွက်ရန် ဒီချုပ်ပါတီဝင်အချို့ ဦးဆောင်ဆန္ဒပြမည်

ယင်းဆန္ဒပြပွဲတွင် မပါဝင်ရန် ပါတီဝင်များကို ပဲခူးမြို့နယ်ဒီချုပ်ညွှန်ကြားထား

 ပဲခူးတိုင်းအတွင်း တရား ဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး အကောင်အထည်ဖော်လုပ် ဆောင်နိုင်မှုမရှိဟုဆိုကာ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းကို နုတ်ထွက်ပေးရန် ဇန်နဝါရီ ၁၄ ရက်တွင် ဆန္ဒပြတောင်းဆိုမည်ဖြစ်ကြောင်းဆန္ဒပြပွဲဦးဆောင်မည့် ဒီချုပ်ပါတီဝင် ကိုနေလင်းကပြောကြားသည်။

ဝန်ကြီးချုပ် ဦးဝင်းသိန်း သည် သက်တမ်း ၂ နှစ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး စွမ်းဆောင်ရည်မရှိသောကြောင့် အချက်လေးချက်ကိုထောက်ပြ၍ နုတ်ထွက်ပေးရန် တောင်းဆိုမည် ဖြစ်ကြောင်း ကိုနေလင်းက ဆက် လက်ပြောသည်။


ဆန္ဒပြတောင်းဆိုမှုတွင် ဒီ ချုပ်ပါတီဝင်များပါဝင်မည်ဖြစ်သ ကဲ့သို့ ဒီချုပ်ပါတီဝင်မဟုတ်သော ဒေသခံများလည်း ပါဝင်မည်ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြော သည်။

‘‘ကျွန်တော်တို့က ပဲခူးသား တွေဖြစ်တယ်။ ပဲခူးမြို့တိုးတက် ဖို့ လုပ်ရမှာပဲ။ ကိုယ့်ပါတီဖြစ်ပေ မယ့် တိုးတက်ဖို့အရေး ကန့်ကွက် ရမှာပဲ။ ကန့်ကွက်လို့ အရေးယူ လာမယ်ဆိုရင် ကျွန်တော်တို့တစ် ဖွဲ့လုံး အရေးယူခံလိုက်မယ်’’ဟု ကိုနေလင်းက ပြောသည်။

ဒေသအတွင်း ဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင်ဖန်တီးပေးမှုမရှိ သော ဝန်ကြီးချုပ်နုတ်ထွက်ပေး ရေး၊ ဒေသအတွင်းမြေယာပြဿ နာများ ဖြေရှင်းမပေးနိုင်သော ဝန် ကြီးချုပ်နုတ်ထွက်ပေးရေး အပါ အဝင် အချက်လေးချက်ကို ကြွေး ကြော်တောင်းဆိုမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လူဦးရေ ၈၀၀ ဖြင့် ဆန္ဒပြ ရန် အာဏာပိုင်များထံ တင်ပြ ထားပြီး ဇန်နဝါရီ ၁၄ ရက်နံနက် ၉ နာရီတွင် ရွှေမော်ဓောဘုရားကြီး ရှေ့မှ အစိုးရအဖွဲ့ရုံးအထိ ချီ တက်ဆန္ဒပြမည်ဖြစ်ကြောင်း ၎င်း က ပြောသည်။

‘‘ဥပမာ ဒေသဖွံ့ဖြိုးရေးဆို ရင် သူ့အနေနဲ့ ဝန်ကြီးချုပ်လုပ်တဲ့ သက်တမ်း ၂ နှစ်အတွင်းမှာ ဘာ တွေ လုပ်ပြီးပြီလဲပေါ့။ ဒေသခံ ပြည်သူတွေအတွက် အလုပ်အ ကိုင်တွေ ဘာတွေ ဖန်တီးပေးပြီး ပြီလဲဆိုတာ သူ့မှာ အကြောင်းပြ ချက် ဘာမှ မရှိဘူး။ နောက်တစ်ခု က တရားဥပဒေစိုးမိုးရေး။ ဒေသ အတွင်းမှာ တရားဥပဒေစိုးမိုးရေး နဲ့ပတ်သက်ပြီး ကျွန်တော်တို့ပဲခူး က တည်ငြိမ်အေးချမ်းမှုက တော် တော်ကို နည်းတယ်ပေါ့ဗျာ’’ဟု ကိုနေလင်းက ပြောသည်။

ယင်းဆန္ဒပြပွဲကို အာဏာပိုင်များက ခွင့်မပြုပါက ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်း က ပြောသည်။

ယင်းဆန္ဒပြမှုကို ဦးဆောင် မည့်သူသည် ဒီချုပ်ပါတီဝင်ဖြစ် သော်လည်း ဆန္ဒထုတ်ဖော်မည့် ကိစ္စနှင့်ပတ်သက်၍ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ထံ တင် ပြထားခြင်းမရှိကြောင်း၊ ဆန္ဒ ထုတ်ဖော်မှုတွင် ဒီချုပ်ပါတီဝင် များ ပါဝင်ခြင်းမပြုရန် ရပ်ကျေး အဆင့်ထိ စာထုတ်ညွှန်ကြားထား ကြောင်း ပဲခူးမြို့နယ်ဒီချုပ်အလုပ် အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒေါက် တာအောင်ခင်က ပြောသည်။

 ယင်းသို့ ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခြင်းသည် ပဲခူးမြို့နယ် ဒီချုပ်အလုပ်အမှုဆောင်အဖွဲ့၏ စီစဉ်ညွှန်ကြားမှုတစ်ခုမျှ မပါဝင် ကြောင်း ကြေညာချက်ကို (ယနေ့) ဇန်နဝါရီ ၁၃ ရက်တွင် ထုတ်ပြန် မည်ဟု မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းချိုက ပြောသည်။

ဝန်ကြီးချုပ်ဦးဝင်းသိန်းကမူ ၎င်းထက်ပိုတော်သူရှိပါက ဝန်ကြီးချုပ်ရာထူး လွှဲပေးမည်ဟု ဇန်နဝါရီ ၁၁ ရက်တွင် သတင်းထောက် များအား ပြောကြာထားသည်။

ပဲခူးတိုင်းဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ပေးရန် ယခင်က နှစ်ကြိမ်ဆန္ဒပြခဲ့ပြီး ပထမအကြိမ် ၂၀၁၆ တွင် သာယာဝတီမြို့၌ လည်းကောင်း၊ ဒုတိယအကြိမ် ၂၀၁၇ အောက်တိုဘာတွင် ပဲခူးမြို့၌လည်းကောင်း ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့သည်။

သုံးရက်အတွင်း ဝန်ကြီးချုပ် တစ်ဦးနှင့် ဝန်ကြီးငါးဦးတို့ တရား ဝင်နုတ်ထွက်ခွင့်ပြုကြောင်း သမ္မ တရုံးက ကြေညာထားပြီး တိုင်းနှင့် ပြည်နယ်အပါအဝင် အစိုးရအဖွဲ့ အတွင်း အပြောင်းအလဲများ ဆက်လက်ရှိဦးမည်ဟု ဒီချုပ်ပါတီနှင့်ရင်းနှီးသော သတင်းရင်းမြစ် အချို့က ပြောသည်။