ရှေ့နေမလာ၍ အောင်ဝင်းဇော်ကိုယ်တိုင် သက်သေကို ပြန်လှန်စစ်မေး

သက်သေထွက်ဆိုမပြီးမီမေး၍ တရားသူကြီး ဟန့်တားခဲ့ ၊ ရဲအချို့ ဥပဒေကို မလေးစားသည့်ပုံ လုပ်ခဲ့ဟု ရှေ့နေဦးနေလပြော
ယမန်နေ့ရုံးချိန်းတွင် သေနတ်သမားကြည်လင်းနှင့် အောင်ဝင်းဇော်ကို တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

တရားလွှတ်တော်ရှေ့ နေ ဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ် သက်ပြီး လက်နက်အမှုမှ တရား လိုပြသက်သေတစ်ဦးကို စစ်ဆေးရာတွင် ရှေ့နေမလာ၍ စွပ်စွဲခံရသူ အောင်ဝင်းဇော်ကိုယ်တိုင် သက်သေကို  ပြန်လှန်စစ်မေးခဲ့သည်။

တရားလိုပြသက်သေ ဖြစ် သူ (ယခင်) ရဲအုပ်မိုးနိုင်ကို တရား ခွင်အတွင်း ဇန်နဝါရီ ၁၂ ရက်က စစ်ဆေးရာ ဦးကိုနီ လုပ်ကြံခံရမှုနှင့် ဦးနေဝင်း သေနတ်မှန်သေဆုံးခဲ့မှုများကို အသေးစိတ်ထွက်ဆိုခဲ့ပြီး အသုံးပြုခဲ့သည့် သေနတ်နှစ်လက်နှင့် ကျည်ဆန်များကို ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ပုံများကို ထွက်ဆိုခဲ့သည်။

ထိုသို့ ထွက်ဆိုနေစဉ် အောင်ဝင်းဇော်က ထိုင်ရာမှထ ရပ်ကာ သက်သေခံပစ္စည်းနှင့် ပတ်သက်၍ပြောဆိုမှုကို  တရား သူကြီးက  ဟန့်တားခဲ့ရသည်။

သက်သေ  ထွက်ဆိုပြီး နောက် စွပ်စွဲခံထားရသူ အောင် ဝင်းဇော်၏ရှေ့နေ ဦးအောင်ခိုင် မလာသဖြင့် ၎င်းကိုယ်တိုင် ပြန် လှန်မေးမြန်းခဲ့ပြီး သက်သေထွက်ဆိုချက်တွင်ပါရှိသည့် သက်သေခံပစ္စည်း သေနတ်နှစ်လက်ကိုတစ်နေရာမှတစ်နေရာသို့ တရားမဝင် သယ်ဆောင်သည်ကို ကိုယ်တိုင်မြင်တွေ့ပါသလားဟု အောင်ဝင်း ဇော်က ပြန်လှန်မေးမြန်းခဲ့သည်။ရဲအုပ်မိုးနိုင်က ၎င်းကိုယ်တိုင်မြင်ခဲ့ခြင်းမဟုတ်ဘဲ တရားလို၏ တိုင်တန်းချက်ကို ထွက်ဆိုခြင်းဖြစ်ကြောင်း  ပြန်လည်ထွက်ဆိုသည်။

ထို့နောက် အောင်ဝင်းဇော် က သက်သေခံသေနတ်နှစ်လက် တွင် ၎င်း၏ လက်ဗွေရာပါရှိပါသလားဟု မေးမြန်းရာရဲအုပ်မိုးနိုင်က လက်နက်အမှုစစ်က စစ်ဆေးခြင်းဖြစ်၍ ၎င်းမသိပါဟု ပြန်လည်ဖြေကြားခဲ့သည်။

ဆက်လက်၍ အောင်ဝင်း ဇော်က အဆိုပါသေနတ်နှစ်လက် ကို ၎င်းမြင်ဖူးခြင်းမရှိသည်ကို သိပါသလားဟုမေးမြန်းရာ ရဲအုပ်မိုးနိုင်က  လက်နက်အမှုစစ်ကသိနိုင်သည်ဟု  ပြန်လည်ဖြေကြားသည်။

ဦးကိုနီလုပ်ကြံခံရမှု၏ ၃၈ ကြိမ်မြောက် ရုံးချိန်းတွင် လက် နက်အမှုမှ တရားလိုပြသက်သေ တစ်ဦးသာ စစ်ဆေးခဲ့သည်။ တရားရုံးသို့ တင်သွင်းထားသည့် တရားလိုပြသက်သေ ၈၀ ဦး အနက် သက်သေလေးဦးကို ပယ် ဖျက်ခဲ့သည်။

‘‘လိုပြအမှတ်စဉ် (၅၄)ဦးညွန့်ထွန်း၊ (၅၅) ဦးမြင့်ဝင်း၊ (၅၆)ဦးမြင့်ကျော်ဦးနဲ့ (၆၆) ရဲဟိန်းတို့ကို လိုပြသက်သေအဖြစ်က ပယ်လိုက်တယ်။ သက်သေစုစုပေါင်း ငါးယောက်ပဲကျန်တော့တယ်။ ပယ်ဖျက်ရတာက သေဆုံးကုန်တဲ့သူတွေနဲ့ တခြားပြောင်းရွှေ့သွားတဲ့အတွက်ကြောင့် ပယ်ဖျက်လိုက်တာပါ’’ဟု တရားလိုဘက်မှ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

အဆိုပါသက်သေကို စစ် ဆေးပြီးနောက် တရားခွင်အတွင်း စာရွက်စာတမ်းအချို့ကို ဇေယျာ ဖြိုးအား လက်မှတ်ရေးထိုးခိုင်းခဲ့ သည့်အပေါ် တရားလိုဘက်မှ ရှေ့နေအချို့နှင့် လုံခြုံရေးရဲအရာ ရှိ၊ ဇေယျာဖြိုးဇနီးတို့ ပြဿနာ အနည်းငယ် ဖြစ်ပွားခဲ့သည်။

‘‘တရားရုံး ပြီးတဲ့အခါ အသင့်ရိုက်ထားတဲ့ ကွန်ပျူတာ စာစီစာရွက် ၁၀ ရွက်နဲ့ ၁၅ ရွက် ရှိတဲ့ စာရွက်တွေကို လက်မှတ် ထိုးတယ်။ ကိုဇေယျာဖြိုးကိုလည်း လက်မှတ် ရေးထိုးခိုင်းတာကို မျက်မြင်ကိုယ်တွေ့ တွေ့ရတယ်။ အဲဒီစာရွက်က ရဲအရာရှိဆီ ဘယ် လိုရောက်သွားလဲဆိုတာ ပြောရ မှာပဲ။ ဇေယျာဖြိုးရဲ့ ဇနီးလို့ ယူဆ ရတဲ့ အမျိုးသမီးတစ်ယောက်က သွားပေးလိုက်တယ်။ ပေးလိုက် ပြီးတော့ တရားခွင်ပြီးသွားတဲ့ အခါမှာ လက်မှတ်ရေးထိုးခဲ့တယ်။ ဒါတွေအားလုံးဟာ တရားရုံးထဲ မှာ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်တာလား။ ဇေယျာဖြိုး ရဲ့ ထွက်ချက်ဆိုလည်း သက်ဆိုင် ရာနေရာမှာ တရားဝင်စစ်ချက်ယူ ပြီးတော့ သူ့စစ်ချက်ကို ရယူတဲ့ရဲ အရာရှိကနေပြီးတော့ လုပ်ဖို့လို တယ်။ အခုလို တရားခွင်ထဲမှာ ဆောင်ရွက်နေတာဟာ တရားရုံး ရဲ့ ပုံရိပ်ကို ထိခိုက်ပါတယ်’’ဟု ဦးနေလကက ထောက်ပြပြောဆို သည်။

‘‘ဒီမှာ လုံခြုံရေးယူထားတဲ့ ရဲအရာရှိအချို့ဟာ တရားဥပဒေ ကို မလေးစားတဲ့အပြင် လုပ်ထုံး လုပ်နည်းကိုလည်း ကျွမ်းကျင်မှု မရှိဘူး။ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ရမှန်းလည်း မသိဘူး။ တရားရုံးရဲ့ ချိန်ဘာထဲကို ရောက် တဲ့အခါ ဒီစာရွက်ကို ဆွဲဖြဲမယ့် ပုံပန်းသဏ္ဌာန်မျိုး ပြုမူဆောင် ရွက်တာတွေ့ရတယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။

လာမည့်ရုံးချိန်းကို ဇန်နဝါရီ ၁၉ ရက်သို့ ပြန်လည်ချိန်းဆိုထား ပြီး အဆိုပါရုံးချိန်းတွင် အမှုစစ်ရဲ အရာရှိကို စစ်ဆေးမည်ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ပါတီ၏ ဥပဒေအကြံ ပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီသည် အင်ဒိုနီးရှားသမ္မတ နိုင်ငံတွင် ကျင်းပသည့် Senior Leadership Program လေ့လာ ရေးခရီးစဉ်မှ ပြန်လာစဉ် ဇန်နဝါရီ ၂၉ ရက် ညနေ ၅ နာရီခန့်က ရန် ကုန်လေဆိပ် Terminal-1 မှ အထွက် ကားစောင့်ဆိုင်းနေစဉ် လူပုံအလယ်တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

Top News