တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် ပန်းတင်လမ်းတွင် ကားမီးလောင်မှုဖြစ်ပွား

 တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် ပန်းတင်လမ်းမကြီးနှင့် လမ်းသွယ်ထောင့်တွင် ဇန်န၀ါရီ ၁၂ ရက် ည ၉ နာရီက Fortuner ယာဉ်တစ်စီး အင်ဂျင်ခန်းအတွင်း ဆီပိုက်ယိုစိမ့်ရာမှ အင်ဂျင်အပူရှိန်ကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ရှမ်းပြည်နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

မီးလောင်ချိန်တွင် ယာဉ်ပေါ်၌ လူတစ်ဦးမျှမရှိသဖြင့် ဒဏ်ရာရသူမရှိကြောင်း၊ အခင်းဖြစ်နေရာသို့ တောင်ကြီးမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်မီးငြှိမ်းသတ်ရာ ည ၉ နာရီ မိနစ် ၃၀ ခန့်၌ မီးငြိမ်းခဲ့ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှတ်တမ်း၌ ဖော်ပြထားသည်။

‘‘ကားမီးလောင်တော့ ကား ကိုပစ်ပြီး ထွက်ပြေးသွားတဲ့ ပုံစံဖြစ်နေတယ်။ ယာဉ်မောင်းလည်း မရှိဘူး’’ဟု ဘုရားဖြူရပ်ကွက်နေ ဒေါ်လီလီက ပြောသည်။

အဆိုပါယာဉ်မီးလောင်မှုကြောင့် ကျပ် ခုနစ်သိန်းဖိုးပျက်စီး ဆုံးရှုံးခဲ့ကြောင်း တောင်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနက သတင်း ထုတ်ပြန်ထားသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ယာဉ်မောင်းကို ရဲတပ်ဖွဲ့ဝင်များက ရှာဖွေစုံစမ်းနေကာ တောင်ကြီးနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားသည်။

More in Crime Section