မူလဆိုင်ခန်းနေရာတွင် ဈေးရောင်းခွင့်မရ၍ မန်းရွှေစက်တော်ဘုရားပွဲ စောင်းတန်းဈေးသည်များ မင်းဘူး၌ ဆန္ဒဖော်ထုတ်

ရွှေစက်တော်ဘုရားစောင်းတန်းဈေးသည်များ မင်းဘူးမြို့၌ ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ − မိုးကျော်)

မူလဆိုင်ခန်းနေရာတွင် ဈေးရောင်းချခွင့် မရသဖြင့် မန်းရွှေစက်တော် ဘုရားပွဲ စောင်းတန်းဈေးသည်တစ်ရာခန့်က ဇန်န၀ါရီ ၁၃ ရက်တွင် မင်းဘူးမြို့၌ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ် ခဲ့သည်။

 ရွှေစက်တော်ဘုရား အ ထက်စက်တော်ရာသို့ တက်သည့် စောင်းတန်းတစ်လျှောက်ရှိ  ဈေးဆိုင်များ ဖွင့်လေ့ရှိသည့်နေရာ များကို ယခုနှစ်တွင် သံဆန်ခါများ ကာရံထားရာ ၎င်းတို့၏ မူလဆိုင် ခန်းနေရာများ၌ ဈေးရောင်းချခွင့် မရသဖြင့် ဆန္ဒဖော်ထုတ်ခြင်းဖြစ် ကြောင်း ဆန္ဒပြပွဲဦးဆောင်သူ ဦးအောင်တင်က ပြောသည်။

ဈေးသည်များက မင်းဘူးမြို့ အမှတ်(၉၂)ရပ်ကွက် မင်းဘူး- စကုလမ်းနှင့် ရွှေစက်တော်ဂေါပကရုံးခန်းရှေ့တွင် စီတန်းလှည့် လည် ဆန္ဒထုတ်ဖော်ခဲ့ပြီး နည်းလမ်းတကျ မျှတစွာ စီမံဆောင် ရွက်နိုင်သော မန်းရွှေစက်တော် ဂေါပကဥက္ကဋ္ဌပြန်လည် ရွေးချယ် ပေးရေး၊ ဈေးသည်များ၏ အခက်အခဲများကို မကွေးတိုင်းဝန်ကြီး ချုပ်က ဖြေရှင်းပေးရေးစသည်တို့ တောင်းဆိုခဲ့သည်။

‘‘ဈေးသည်တွေ နေဖို့၊ ထိုင် ဖို့အတွက်တွေ၊ ဆိုင်ခင်းကျင်းဖို့ အတွက်တွေ၊ ဆိုင်ဆောက်ပစ္စည်း ကအစ ကျွန်တော်တို့က ပုံစံကိုက် လုပ်ထားကြရတာကို အခုသံဆန် ခါ ကာလိုက်တော့ ဈေးသည်တွေ မှာ နေရာပျောက်ပြီးတော့ ဒုက္ခ ရောက်တယ်ဗျ။ တခြားနေရာကို ရွှေ့ပြောင်းပေးခဲ့မယ်ဆိုရင် လည်း ပြောင်းရွှေ့တဲ့နေရာမှာ ဘုရားဖူးတွေ မလျှောက်တဲ့အ တွက် ဈေးသည်တွေမှာ အခက် အခဲနဲ့ ရင်ဆိုင်ရနိုင်တယ်’’ ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သည့် ရွှေစက်တော်ဘုရားစောင်းတန်း ဈေးသည် ကိုသိန်းထွေးက ပြော သည်။

မန်းရွှေစက်တော်ဘုရား အ ထက်စက်တော်ရာသို့ တက်သည့် စောင်းတန်းတွင် သံဆန်ခါကာခြင်းသည် စောင်းတန်းအလင်းရောင် ရရှိစေရန်နှင့် ဈေးသည်မိသားစု များ နေထိုင်ခြင်းကြောင့် ညစ်ညမ်းမှုများ ကာကွယ်ရန်ဖြစ်ကြောင်း ဂေါပက အဖွဲ့က အကြောင်းပြ ကြောင်း ၎င်းကဆိုသည်။

ဈေးသည်များ ရင်ဆိုင်နေရသည့် အခက်အခဲများ ဖြေရှင်းပေးခြင်း မရှိပါက မန်းရွှေစက်တော်ဘုရား ခြေတော်ရာဖွင့်ပွဲနေ့၌ ဆက်လက်ဆန္ဒပြမည်ဟု ဦးအောင်တင်က ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ရွှေစက်တော်ဘုရား ဂေါပကဥက္ကဋ္ဌထံ ဖုန်းဖြင့်ဆက်သွယ်သော် လည်း ဆက်သွယ်မရခဲ့ပေ။