ရွှေတိဂုံစေတီအနေကဇာတင်ပွဲတွင် ပါဝင်ခဲ့သော စည်ပင်ဝန်ထမ်းလေးထောင်ကျော်အနက် ဗုဒ္ဓဂယာသို့ အခမဲ့ပို့ပေးမည့် ၁၀ ဦးကို မဲနှိုက်ရွေးချယ်

 ရွှေတိဂုံစေတီတော် အနေကဇာတင်ပွဲနှင့် သံဃာအ ပါး ၁၈,၀၀၀ အား ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် တာဝန်ယူ ဆောင်ရွက်ခဲ့သည့် စည်ပင်သာယာဝန်ထမ်း ၄,၅၀၀ ထဲမှ ၁၀ ဦးကို မဲနှိုက်ရွေးချယ်ကာ ဗုဒ္ဓဂယာသို့ ဘုရားဖူး အခမဲ့ ပို့ဆောင် ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့ စည်ပင်သာယာဌာန တာဝန်ရှိသူ က ပြောသည်။

သန့်ရှင်းရေးဝန်ထမ်းများအ ပါအဝင် စည်ပင်ဌာန ဝန်ထမ်းများ၏ ဆောင်ရွက်ချက်များကို အသိအမှတ်ပြုလို၍ ၎င်းဝန်ထမ်း များကို ဇန်နဝါရီ ၁၂ ရက်က ရန်ကုန်မြို့ရှိ MCC ကွင်းပြင်၌ ဂုဏ်ပြုညစာစားပွဲ ပြုလုပ်ပေးခဲ့ သည်။ ယင်းဂုဏ်ပြုပွဲတွင် ဝန် ထမ်း ၄,၅၀၀ ထဲမှ ၁၀ ဦးကို မဲနှိုက်ရွေးချယ်ခဲ့သည်။

‘‘အောက်ခြေဝန်ထမ်းတွေ လုပ်နေတာကို အသိအမှတ်ပြု ချင်လို့ပါ။ လူတွေက အပေါ်က လူတွေလုပ်တာကိုပဲ သိကြတယ်။  အောက်ခြေဝန်ထမ်းတွေလုပ်တာ  ကို မသိကြဘူး။ ဝန်ထမ်းတွေက တစ်ခါမှ အသိအမှတ်ပြုမခံခဲ့ကြ ရဘူး။ အဲဒါကြောင့် အသိအမှတ် ပြုဖို့ လုပ်တာပါ’’ဟု ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မ တီ အတွင်းရေးမှူး ဒေါ်လှိုင်မော် ဦးက ပြောသည်။

ဗုဒ္ဓဂယာသို့ ပို့ဆောင်ရာ တွင် လိုအပ်သည့်ကုန်ကျစရိတ် ကို ရွှေသံလွင်ကုမ္ပဏီနှင့် မြန် မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာ များအသင်းတို့က ကျခံမည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။

‘‘အစကတော့ ကျွန်မတို့ ကိုယ့်ဘာသာကိုယ်ပို့ပေးမယ်ဆို ပြီး လုပ်နေတာပါ။ အဲဒါကို အလှူရှင်တွေက သူတို့လည်း ကူညီမယ် ဆိုလို့ပါ’’ဟု ဒေါ်လှိုင်မော်ဦးက ပြောသည်။

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့ ဘုရားဖူးရန် မဲနှိုက်ရွေးချယ်ထား သည့် ဝန်ထမ်း ၁၀ ဦးကို မည်သည့်အချိန်တွင် ပို့ဆောင်မည်ကို လတ်တလောတွင် အတိအကျမပြော နိုင်သေးကြောင်း၊ ဝန်ထမ်းများ အတွက် နိုင်ငံကူးလက်မှတ်ပြု လုပ်ရန် အချိန်ယူရဦးမည်ဖြစ် ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီဝင် ဒေါ်သန်းမြင့်အောင်က ပြောကြားသည်။

ဝန်ထမ်း ၄,၅၀၀ သည် ရွှေတိဂုံစေတီတော်ဗုဒ္ဓါဘိသေကအနေ ကဇာတင်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် သန့်ရှင်းရေး၊ မိလ္လာကိစ္စကအစ နေ့ရော ညပါ မနားမနေ တာဝန်ယူဆောင်ရွက် ခဲ့ကြောင်း ၎င်းက ပြောသည်။

ဒေါ်သန်းမြင့်အောင်က ဝန် ထမ်းများအတွက် ဝမ်းသာပီတိ ဖြစ်ရပုံကို ‘‘ပထမဆုံးမဲပေါက်တဲ့ သန့်ရှင်းရေး ဝန်ထမ်းလေးကို လက်ခုပ်သြဘာပေးပြီး စင်ပေါ် ခေါ်တင်။ သမီးဗုဒ္ဓဂယာ သွားရ မှာ စိတ်ထဲ ဘယ်လိုနေလဲဆိုတော့ အဲဒါဘာကြီးလဲ၊ တစ်ခါမှ မကြားဖူးဘူးတဲ့။ အဲဒါ တို့ဗုဒ္ဓမြတ်စွာဘုရားပွင့်တော်မူတဲ့ နေရာလေ။ အိန္ဒိယနိုင်ငံမှာ၊ အဲဒီကို သမီး ဘုရားဖူးသွားရမှာဆိုတော့ စိတ် လှုပ်ရှားဝမ်းသာပြီး စကားတောင် မပြောနိုင်တော့ဘူး။ ဌာနအသီး သီးက ကံထူးရှင် ဝန်ထမ်းလေး တွေအတွက် မုဒိတာအပြည့်နဲ့ ကြည်နူးပီတိ ဖြစ်ရပါတယ်’’ ဟု ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

Top News