နာဂနှစ်သစ်ကူးပွဲတော်ကို နန်းယွန်းမြို့တွင် စတင်ကျင်းပ

နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ ၁၄ ရက်က ဖွင့်လှစ်ကျင်းပစဉ်(ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

 အောင်မြင်မှုအထိမ်း အမှတ် ‘အာဟေး’ ဟု နာဂဘာ သာစကားဖြင့် ဟစ်ကြွေးသံများ ဖုံးလွှမ်းနေသည့် နာဂနှစ်သစ်ကူး ရိုးရာပွဲတော်ကို နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့ ၌ ဇန်နဝါရီ ၁၄ ရက်တွင် ဖွင့်ပွဲ ပြုလုပ်ကာ စတင်ကျင်းပခဲ့သည်။

နာဂဒေသတွင် နှစ်စဉ် ခမ်း နားကြီးကျယ်စွာ ကျင်းပသည့် ဝီဟူးပွဲတော်( ခေါ်)ရိုးရာနှစ်သစ်ကူးပွဲတော်ကို ခန္တီး၊ လဟယ်နှင့် နန်းယွန်းမြို့တို့၌ အလှည့်ကျ ကျင်းပလေ့ရှိရာ ယခုနှစ်တွင် နန်း ယွန်းမြို့၌ ကျင်းပသည်။

ပွဲတော်ကို ဇန်နဝါရီ ၁၄ ရက် မှ ၁၆ ရက်အထိ သုံးရက်ကြာ ကျင်းပမည်ဖြစ်သည်။


ပွဲတော်အတွင်း နာဂတိုင်း ရင်းသားများက ‘အာဟေး’ ဟု အောင်မြင်ကြောင်း အော်ဟစ် ကြွေးကြော်သောကြောင့် ယင်း ပွဲတော်သည် အာဟေးပွဲတော်ဟု လည်း နာမည်ကြီးသည်။

ယခုနှစ် ရိုးရာပွဲတော်ကို ဒုသမ္မတ ဦးမြင့်ဆွေ တက်ရောက် ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။ ပွဲ တော်သို့ နန်းယွန်းမြို့အနီးရှိ နာဂ ရွာများအပါအဝင် ကျန်နာဂဒေသ များမှ နာဂမျိုးနွယ်စု ၂၀ ကျော်မှ လူဦးရေတစ်ထောင်ကျော် ပါဝင် ဆင်နွှဲခဲ့သည်။ ကမ္ဘာလှည့်ခရီးသွားမှာ ယနေ့အထိ ၁၄ ဦးလာရောက်သည်။

ယမန်နေ့က  ပြုလုပ်ခဲ့သည့် ဖွင့်ပွဲအပြီး ပွဲတော်စတင်သည်နှင့် နာဂလူမျိုးများက အောင်တံခွန် ဝါးတိုင်ရှည်ကို ထမ်း၍ ကွင်းအတွင်း တစ်ပတ်ပတ်ကာ သတ်မှတ် နေရာတွင် စိုက်ထူသည်။

ထို့နောက် နာဂမျိုးနွယ်စုများ က ၎င်းတို့၏ရိုးရာအကများဖြစ် သည့် ဝါးပူးအက၊ လူမားဓာအက၊မာဒါးယူအက၊ မောင်းအက စသည့်အကမျိုးစုံဖြင့် ဖျော်ဖြေသည်။

ယနေ့ဇန်နဝါရီ ၁၅ ရက်တွင် ပွဲတော်အတွင်း နာဂတိုင်းရင်း သားများ၏ကပွဲ၊ စားသောက်ပွဲ နှင့် မီးလှုံပွဲများ၊ ဖျော်ဖြေရေးပွဲ များ ကျင်းပမည်ဖြစ်သည်။ ယခု ကဲ့သို့ နှစ်သစ်ကူးပွဲတော်ကျင်းပ ခြင်းဖြင့် အနယ်နယ်အရပ်ရပ်မှ နာဂမျိုးနွယ်စုများ စုံစုံညီညီတွေ့ ဆုံနိုင်ပြီး နာဂဒေသတိုးတက်ဖွံ့ ဖြိုးရန် တိုင်ပင်နိုင်ကြောင်း နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒုံဟီးမြို့ဒေသခံ ဦးရှရွမ်းက ပြောသည်။

ယခုပွဲသည် နာဂတောင် တန်းဒေသ၏ အကြီးမားဆုံးပွဲ တော်ဖြစ်၍ နာဂတစ်မျိုးသားလုံး မျှော်လင့်အားခဲထားသော ပွဲဖြစ်ကာ ပြင်ပရောက်နေသည့် နာဂတိုင်းရင်းသားများအားလုံး အနယ်နယ်အရပ်ရပ်မှ  နှစ်စဉ် လာရောက်ကြကြောင်း ၎င်းက ပြောသည်။

ထို့ပြင် ယခုနှစ်ပွဲတော်၏ ထူးခြားချက်များသည် အားက စားပွဲများ ထည့်သွင်းကျင်းပပြီး နာဂကျေးရွာများအလိုက် ယှဉ်ပြိုင်စေခြင်းဖြစ်သည်။ ဘော်လီဘော၊ ခြင်းလုံး၊ သံလုံးပစ်နှင့် ချောတိုင် တက်အားကစားများ ကျင်းပပြီး ကျေးရွာအလိုက် လက်ရွေးစင် များ ရွေးချယ်မည်ဖြစ်သည်။

ဖျော်ဖြေရေးအစီအစဉ်များ ယခင်နှစ်များထက် ပိုမိုထည့်သွင်း ထားကြောင်း ပွဲစီစဉ်သူများက ပြောကြားသည်။

ထို့ပြင် ယခုနှစ် နှစ်သစ်ကူးပွဲ တော်သည် ယခင်နှစ်များထက် ပိုမိုစိန်ခေါ်မှုများပြီး အခက်အခဲများ ရှိကြောင်း နာဂရိုးရာယဉ်ကျေးမှု ကော်မတီဗဟိုဥက္ကဋ္ဌ ဦးအောင် ထွဋ်က ပြောသည်။

‘‘အဓိကကတော့ ကျွန်တော် တို့အတွက် အစိုးရက ထောက်ပံ့ မှုက အရင်က ပေးတာမျိုးရှိပေ မယ့် ယနေ့အချိန်မှာ မရတော့ ဘူး။ အဲဒီတော့ ကျွန်တော်တို့ဒေ သမှာရှိတဲ့ အလှူရှင်တွေနဲ့ လုပ် ငန်းရှင်တွေဆီက ရတဲ့ရန်ပုံငွေနဲ့ ပဲ လည်ပတ်ရတာပေါ့။ အဲဒီအ တွက် ကျွန်တော်တို့ဆီမှာ အကျပ် အတည်းတော့ဖြစ်တယ်’’ဟု ဦး အောင်ထွဋ်က ပြောသည်။

နာဂရိုးရာပွဲများကျင်းပရန် ယခင်အစိုးရလက်ထက်က ငွေကြေးအနည်းငယ်ထောက်ပံ့ပေး ကြောင်း နာဂရိုးရာယဉ်ကျေးမှု ကော်မတီဝင်များက ပြောသည်။ထို့အပြင် နာဂရိုး ရာပွဲကျင်းပသည့် နန်းယွန်းမြို့သည် KIA နှင့် တပ်မတော်တို့တိုက်ပွဲ  ဖြစ်ပွားနေသော နယ်မြေနှင့် နီးစပ်သောကြောင့် ပွဲတော်ကျင်းပခြင်းသည် စိန်ခေါ်မှု ကြီးကြောင်း ၎င်းက ဆက်လက်ပြောသည်။

သို့သော် ပွဲတော်လုံခြုံရေးကို တပ်မတော်ကတာဝန်ယူထားပြီး ပွဲကျင်းပနေသည့် တစ်လျှောက် လုံခြုံရေး အချိန်ပြည့် ရှိနေမည်ဖြစ်သည်။

‘‘အရင် လဟယ်တို့ ခန္တီးတို့ မှာ ကျင်းပတာထက်စာရင် ဒီ နန်းယွန်းမှာ ကျင်းပရတာ တိုင်း ရင်းသားတွေ၊ ဧည့်သည်တွေ လာ မယ်ဆိုရင် လမ်းကြောင်းအရ အန္တရာယ်ရှိတဲ့ အနေအထားပေါ့။ ဒါပေမဲ့ ဒီနန်းယွန်းက ဒေသခံတွေ က ဒီပွဲကို ဒီမြို့မှာ မဖြစ်ဖြစ် အောင် လုပ်မယ်ဆိုတဲ့ စိတ်မျိုးနဲ့ ကိုယ်ထူကိုယ်ထ လုပ်ဆောင်ခဲ့ ကြတာပါ’’ဟု ဦးအောင်ထွဋ်ကပြောသည်။

နာဂရိုးရာ နှစ်သစ်ကူးပွဲ သည် နာဂဒေသအတွက် အကြီး မားဆုံးပွဲတော်ဖြစ်ပြီး နှစ်စဉ် ခမ်း နားစွာကျင်းပလေ့ရှိသည်။ ယမန် နှစ် နာဂနှစ်သစ်ကူးပွဲတော်ကို ခန္တီးမြို့တွင် ကျင်းပခဲ့ပြီး နိုင်ငံတော် သမ္မတ ဦးထင်ကျော်တက်ရောက် ခဲ့သည်။