ကယ်လီဖိုးနီးယားတွင် သားသမီး ၁၃ ဦးကို ချုပ်နှောင်ထားသည့် မိဘများကို ဖမ်းဆီး

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်တွင် သားသမီး ၁၃ ဦးကို ချုပ်နှောင် ထိန်းသိမ်းထားမှုအတွက် ဇနီးမောင်နှံ နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ကယ်လီဖိုးနီးယားရှိ ပါရစ်ရှိ နေအိမ်မှ လွတ်မြောက်လာသူ အသက် ၁၇ နှစ်အရွယ် မိန်းကလေး တစ်ဦး၏ အကြောင်းကြားမှုကြောင့် ယခုဖြစ်ရပ်ကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ချုပ်နှောင်ခံထားရသူများသည် အသက် ၂ နှစ်မှ ၂၉ နှစ်ထိ ရှိကြပြီး အချို့မှာ သံခြေကျင်းများပင် ခတ်ခံထားရကြောင်း ရေးဗားဆိုက်ခရိုက် ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

မိန်းကလေးသည် ထိန်းချုပ်ခံထားရမှ လွတ်မြောက်လာပြီးနောက် အိမ်ထဲတွင် တွေ့ခဲ့သည့် ဖုန်းတစ်လုံးဖြင့် 911 အရေးပေါ် နံပါတ်သို့ ဖုန်းခေါ်ခဲ့ခြင်း ဖြစ်သည်။ သူမနှင့်အတူ အခြား မွေးချင်း ညီအစ်ကို မောင်နှမ ၁၂ ဦးပါ ချုပ်နှောင်ခံထားရကြောင်း မိန်းကလေးက ရဲများထံ အသိပေး တိုင်ကြားခဲ့သည်။

ရဲတပ်ဖွဲ့က ထိုအိမ်သို့ သွားရောက်စစ်ဆေးပြီး ချုပ်နှောင်ခံထားရသူများကို ကယ်ဆယ်ခဲ့ချိန်၌ အချို့မှာ အာဟာရ ပြတ်လပ်ပြီး လူစဉ်မမီသကဲ့သို့ ဖြစ်နေကြကြောင်းပါ ဖော်ထုတ် တွေ့ရှိခဲ့သည်။ “ဖုန်းဆက်တဲ့ ကလေးမလေးဆိုရင် အသက်သာ ၁၇ နှစ် ဖြစ်နေတာ။ ၁၀ နှစ်သမီးလောက်ပဲ ထင်ရတယ်”ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက မှတ်ချက်ပေးခဲ့သည်။ ထို့အပြင် အဆိုပါ ဇနီးမောင်နှံ၏ သားသမီး အားလုံး ညစ်ပတ် နံစော်ပြီး အခြေအနေ ဆိုးရွားနေကြောင်း သိရသည်။

ဇန်နဝါရီ ၁၄ ရက်က လူ ၁၃ ဦးကို ဖော်ထုတ် ကယ်ဆယ်နိုင်ခဲ့သည့် ဖြစ်စဉ်အပြီးတွင် အသက် ၅၇ နှစ်အရွယ် ဒေးဗစ်အလန် တာပင်နှင့် အသက် ၄၉ နှစ်အရွယ် လူစီအန်းတာပင်တို့ နှစ်ဦးကို နှိပ်စက်ညှင်းပန်းမှု၊ ကလေးများကို အန္တရာယ် ကျရောက်စေမှုများဖြင့် ဖမ်းဆီးထားလိုက်သည်။ ၎င်းတို့ တစ်ဦးစီအတွက် အာမခံကြေးကိုလည်း ဒေါ်လာ ကိုးသန်းထိ မြှင့်တင် သတ်မှတ်ထားသည်။

ထွက်ပြေး လွတ်မြောက်ခဲ့သည့် မိန်းကလေး အပါအဝင် ကလေး ၆ ဦးကို ရေးဗားဆိုက်ဒ် တက္ကသိုလ် ဆေးရုံတွင် စောင့်ရှောက် ကုသနေပြီး အသက်ပိုကြီးသူ ၇ ဦးကိုမူ ကိုရိုနာ ဒေသဆိုင်ရာ ဆေးရုံတွင် ထားရှိကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

အခင်းဖြစ်ရာ နေအိမ်ကို ကျောင်းတစ်ကောင်းအဖြစ် မှတ်ပုံတင်ထားကြောင်းလည်း ကယ်လီဖိုးနီးယား ပညာရေးဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြပါရှိသည်။ ဝက်ဘ်ဆိုက်တွင် ပါရှိမှုအရ ကျောင်းမှာ ပုံမှန် လုပ်ငန်း လည်ပတ်နေဆဲဟု သိရသည်။ အိမ်နီးချင်း တစ်ဦးက မိဘနှစ်ဦးကို ရဲများ ဖမ်းဆီးပြီး သားသမီးများကို ညအိပ်ဝတ်စုံများ ဝတ်လျက်ဖြင့်ပင် ကယ်ဆယ် ခေါ်ဆောင်သွားသည်ကို တွေ့မြင်ခဲ့ရကြောင်း ပြောကြားခဲ့သည်။

“ကလေးတွေက အရမ်းပိန်လှီ ဖျော့တော့နေတယ်။ ဖြူဖတ်ဖြူရော်လေးတွေ။ ဘယ်တုန်းကမှ နေရောင်နဲ့ မထိဖူးသလိုပါပဲ”ဟု အဆိုပါ မျက်မြင် အိမ်နီးချင်းက ဆိုသည်။ အများစုမှာ မိန်းကလေးများ ဖြစ်ကြသည်ဟုလည်း ၎င်းက မှတ်ချက်ပေးခဲ့သည်။

မိဘများ အနေဖြင့် ၎င်းတို့၏ သားသမီးများအပေါ် အဘယ်ကြောင့် ယခုလို ချုပ်နှောင်တားဆီးထားသည် ဆိုခြင်းကို တိတိကျကျ မသိရသေးချေ။ ယခုအခါ ရဲတပ်ဖွဲ့က အဆိုပါ ဇနီးမောင်နှံကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေဆဲဟုလည်း သတင်းများက ဖော်ပြသွားသည်။

Ref: Washington Post