ထရမ့်ကြောင့် နိုင်ငံတကာ တည်ငြိမ်မှု ပျက်ပြားနိုင်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီး ဝေဖန်

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်သည် နိုင်ငံတကာ တည်ငြိမ် အေးချမ်းမှုကို ပျက်ပြားအောင် လုပ်ဆောင်နေကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်က ဝေဖန် စွပ်စွဲလိုက်သည်။

ထရမ့်၏ နိုင်ငံခြားရေး မူဝါဒများသည် ကမ္ဘာ့နိုင်ငံ အများအပြား၏ တည်ငြိမ်မှုကို ထိချက်ပြင်းစွာ ရိုက်ခတ်နေကြောင်း လက်ဗ်ရော့ဗ်က ဆိုသည်။ လက်ဗ်ရော့ဗ်သည် ထရမ့်ကို တိုက်ရိုက် နာမည်တပ်၍ မပြောခဲ့သော်လည်း ၎င်း၏ မြောက်ကိုရီးယားနှင့် အီရန် နျူကလီးယားအရေး မူဝါဒများကြောင့် ကမ္ဘာ့တည်ငြိမ်အေးချမ်းမှုအပေါ် ဂယက်ရိုက်နေကြောင်း ပြောဆိုသွားသည်။

ကိုရီးယားကျွန်းဆွယ် ပဋိပက္ခနှင့် ပတ်သက်ပြီး လက်ဗ်ရော့ဗ်က “အမေရိကန်က ဒီကိစ္စမှာ စစ်ရေးအရ အရေးယူ ဆောင်ရွက်ဖို့ ရှောင်လွှဲ မရနိုင်ဘူး ဆိုတာမျိုး တော်တော်လေး ဗြောင်ကျကျ ပြောထားတယ်။ ဒါပေမဲ့ လူတိုင်းလည်း သိပြီးသားပါ။ အခုလို အဆင်ခြင်မဲ့ ပြောဆို လုပ်ဆောင်မှုတွေကြောင့် ဖြစ်ရပ်ဆိုးတွေ ရှောင်လွှဲမရဘဲ ကြုံသွားနိုင်ပါတယ်”ဟု ဝေဖန်ခဲ့သည်။

အမေရိကန် အနေဖြင့် အခြေခိုင်မာပြီးသားဖြစ်သည့် အီရန် နျူကလီးယား သဘောတူညီမှုကို ဆက်လက် ထောက်ခံ ရပ်တည်လိုမှု မရှိသော သဘောထားမျိုး ပြသနေခြင်းသည်လည်း ဒေသတွင်း တည်ငြိမ်မှုများကို အကြီးအကျယ် ပျက်ပြားသွားစေနိုင်ကြောင်း လက်ဗ်ရော့ဗ်က သတိပေးခဲ့သည်။ ရုရှား၊ တရုတ်တို့အပြင် အမေရိကန်၏ ဥရောပ မဟာမိတ်များကပါ အမေရိကန် သမ္မတဟောင်း ဘာရတ် အိုဘားမား လက်ထက်က ဦးဆောင် ညှိနှိုင်းခဲ့သည့် အီရန် နျူကလီးယားအရေး သဘောတူညီမှုကို ဆက်လက် တည်တံ့စေရန် ဆန္ဒရှိနေကြသည်။

ထို့အပြင် ကမ္ဘာ့ရေးရာ ပြဿနာတိုင်းကို အရေးယူ ပိတ်ဆို့မှု မူဝါဒဖြင့် ဖြေရှင်းရန်သာ စဉ်းစားနေခြင်းသည် မှန်ကန်သော ရွေးချယ်မှု မဖြစ်နိုင်ဟု လက်ဗ်ရော့ဗ်က ထောက်ပြခဲ့သည်။ အမေရိကန် အစိုးရဘက်ကမူ လက်ရော့ဗ်၏ မှတ်ချက်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ တုံ့ပြန်မှု မရှိသေးချေ။

ထိုအတောအတွင်း တူရကီသမ္မတ ရီဆက်ပ်တေယစ်ပ် အာဒိုဂန်ကလည်း အမေရိကန်သည် မိမိတို့၏ နယ်စပ်ဒေသတွင် ကာ့ဒ်သူပုန်များ အင်အားကောင်းလာပြီး ဆူပူအုံကြွစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြောင်း ဝေဖန် စွပ်စွဲထားသည်။

Ref: CNN