မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ကွယ်လွန်မှု အစိုးရနှင့် လွှတ်တော်အတွက် လက်တစ်ဖက်ပြုတ်သကဲ့သို့ခံစားရကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌပြောကြား

ဦးစိုင်းကျော်ဇော၏ရုပ်အလောင်းအား ယမန်နေ့ညနေ ၃နာရီက တောင်အင်းမြောက်အင်းသုဿာန်တွေ သဂြုင်္ိဟ်ရန်သယ်ဆောင်လာစဉ် (ဓာတ်ပုံ−ဖြိုးဖြိုးဇော်)

 မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစိုင်းကျော် ဇောသည် ပြီးခဲ့သည့် လဆန်းက ဦးနှောက်တွင်း သွေးယိုစီးမှု ကြောင့် ဆေးရုံသို့တက်ရောက် ကုသနေစဉ် ယမန်နေ့နံနက် ၁ နာရီခန့်က ကွယ်လွန်ခဲ့သည်။

‘‘အစိုးရဌာနအနေနဲ့ ပြော ရရင် သူက ရှမ်းတိုင်းရင်းသား ဝန်ကြီးအနေနဲ့ အစိုးရအဖွဲ့ တစ် ဖွဲ့လုံးရဲ့ ဝန်ကြီးချုပ်တာဝန် ပေး သမျှ၊ အလုပ်တွေမှန်သမျှ လုပ် ပေးတယ်။ ဌာနတစ်ခုတည်း သတ်သတ်မှတ်မှတ်မဟုတ်ဘဲ ကျန်းမာရေး၊ အားကစား၊ အနု ပညာ စတဲ့ဟာ အကုန်လုပ်တယ်။ ဝန်ကြီးချုပ်အားထားရတဲ့ လက် တစ်ဖက် ပြုတ်သွားသလို လွှတ် တော်ကိစ္စနဲ့ပတ်သက်တာ လို အပ်တာအကုန် အကူအညီပေး တယ်။ အစိုးရအဖွဲ့နဲ့ လွှတ်တော် အတွက် လက်မောင်းတစ်ဖက် ပြုတ်သလို ခံစားရတယ်။ အများ ကြီးလည်း စိတ်မကောင်းဖြစ်ရ တယ်’’ဟု မန္တ လေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော် ဦးက ပြောသည်။

ဦးစိုင်းကျော်ဇော၏ ရုပ် အလောင်းကို  ၆၆ လမ်းနှင့် ၆၇ ကြားရှိ ရှမ်းတိုင်းရင်းသားများ သာရေးနာရေးအသင်းတွင် ထား ရှိပြီး ဇန်နဝါရီ ၁၆ ရက် ညနေ ၃ နာရီတွင် တောင်အင်း မြောက် အင်း သုသာန်၌ သင်္ဂြိုဟ်ခဲ့သည်။

‘‘ကျွန်မအတွက် အများကြီး ဆုံးရှုံးမှုပါ။ ဦးနှောက်သွေးယိုစိမ့် မှုနဲ့ ဦးခေါင်းခွဲစိတ်တာ အောင် မြင်တော့ အများကြီး မျှော်လင့်ခဲ့ ပါတယ်။ နောက်ပိုင်းမှာ အဆုတ် သွေးကြောပိတ်ပြီး ဆုံးသွားတယ်’’ ဟု ဦးစိုင်းကျော်ဇော၏ဇနီး ဒေါ်စိုးမမက ပြောသည်။

အသက် (၆၈)နှစ်ရှိ ဦးစိုင်း ကျော်ဇောသည် ၂၀၁၅ ရွေး ကောက်ပွဲတွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီမှ ရှမ်းတိုင်း ရင်းသား လူမျိုးရေးရာဝန်ကြီး နေရာ၌ ဝင်ရာက်ယှဉ်ပြိုင်ခဲ့ပြီး မဲအရေအတွက် ၁၀,၅၀၇ မဲ (၄၆ ရာခိုင်နှုန်း)ဖြင့် အနိုင်ရရှိခဲ့သည်။

‘‘ဆရာက အင်မတန် သဘောကောင်းပါတယ်။ ပူး ပေါင်းဆောင်ရွက်မှု အပြည့်ရှိ တယ်။ သူက မြန်မာ့လက်ရွေးစင် အလေးမသမားဆိုတော့ အား ကစားလောကမှာ သူ့ကိုမသိတဲ့ သူ မရှိသလောက်ပါပဲ။ သူ့ရဲ့ အခန်းကဏ္ဍက အများကြီး ကြီး မားပါတယ်’’ဟု မန္တလေးတိုင်း အစိုးရအဖွဲ့ သဘာဝပတ်ဝန်းကျင် နှင့် သယံဇာတရေးရာဝန်ကြီး ဦးမျိုးသစ်က ပြောသည်။

ပြီးခဲ့သည့်နှစ် ဧပြီက လုံခြုံ ရေးများ အဆင့်ဆင့်ချထားသည့် မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးရှိ ဝန်ကြီး ဦးစိုင်းကျော် ဇော၏ ရုံးခန်းအတွင်းထားရှိသော မီးခံသေတ္တာအလုံးလိုက်ခိုးယူခံခဲ့ ရပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းမိ ခြင်း မရှိသေးပေ။

More in News Section