သံဃာနှစ်ပါးအား ကားဆင်းတွန်းခိုင်းပြီး တက္ကစီမောင်းပြေး

မေလ ၂၃ ရက်က မင်္ဂလာဒုံမြို့နယ်အတွင်း အငှားယာဉ်မောင်းက ကားပျက်သည်ဟုပြောကာ စီးလာသော သံဃာတော်များအား ကားဆင်းတွန်းခိုင်းရာမှ မောင်းပြေးသွားကြောင်း  ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

သက်တော် (၆၃)နှစ်အရွယ် ဆရာတော်ဦးနန္ဒာသာရနှင့် ဆရာတော်ဦးကောဝိဒတို့ နှစ်ပါးသည် အောင်မင်္ဂလာကားဝင်းအတွင်း probox အဖြူရောင်အငှားယာဉ်(နံပါတ်မမှတ်မိ) အား ငှားရမ်းခဲ့ပြီး အဝေးပြေးကွင်းမှ နှစ်ဖာလုံခန့်အရောက်တွင် ကားပျက်သည်ဟု ယာဉ်မောင်းကပြောခဲ့၍ ဦးကောဝိဒက ကားဆင်းတွန်းပေးခဲ့သည်။ ထိုနောက် ကားစက်နှိုးပြီး အနည်းငယ်မောင်းနှင်ခဲ့ရာ ကားပျက်သည်ဟုထပ်မံပြောသဖြင့် ဆရာတော်နှစ်ပါးကားဆင်းတွန်းပေးစဉ် မောင်း၍ထွက်ပြေးသွားခြင်း ဖြစ်သည်။

အဆိုပါ ကားပေါ်တွင် ဆရာတော်နှစ်ပါး၏ သံဃာပစ္စည်းအသုံးအဆောင်များအပြင် ငွေကျပ်လေးသိန်းပါသွားခဲ့ကြောင်း သိရသည်။ ကားမောင်း၍ ထွက်ပြေးသွားသော ယာဉ်မောင်းအား ဆရာတော် ဦးနန္ဒာသာရက တရားလိုပြု၍ မင်္ဂလာဒုံရဲစခန်းတွင် ပုဒ်မ - ၃၇၉ ဖြင့် အမှုတိုင်ကြားထားကာ တရားခံအား ဖမ်းမိရေးအတွက် စုံစမ်းလျက်ရှိကြောင်း သတင်းရရှိသည်။ အလားတူ ယခင်က ရန်ကုန်မြို့အတွင်း အငှားယာဉ်မောင်းတို့မှ ကားပျက်သည်ဟုပြော၍ ခရီးသည်မှဆင်းတွန်းနေစဉ် မောင်းနှင်ထွက်ပြေးမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။