မြောက်ဦး အဓိကရုဏ်းတွင် ခုနစ်ဦးသေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရ

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်ကို အမှုဖွင့်၊ ရဲတပ်ဖွဲ့ဝင်များ၏ တုံ့ပြန်မှုကို ခုံရုံးဖွဲ့စစ်မည်ဟုဆို
မြောက်ဦးမြို့တွင် ဇန်နဝါရီ ၁၇ ရက်က လုံခြုံရေးလှည့်လည်နေသော ရဲတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ − Development Media Group / အေအက်ဖီ)

မြောက်ဦးမြို့နယ်တွင် ပြုလုပ်မည့် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း  အထိမ်းအမှတ်စာပေဟောပြော ပွဲကို တားမြစ်ခြင်းအပေါ် မကျေ နပ်၍ ထောင်ချီသည့် လူစုလူဝေး နှင့် ရဲတပ်ဖွဲ့တို့အကြား ဖြစ်ပွား ခဲ့သော အဓိကရုဏ်း၌ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် အရပ်သား ခုနစ်ဦးသေဆုံးပြီး ၁၂ ဦး ဒဏ် ရာရရှိကာ လူစုလူဝေးက တိုက် ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂၀ ဦးခန့် ဒဏ်ရာရရှိကြောင်း အစိုးရ က သတင်းထုတ်ပြန်သည်။

ပြာသိုလကွယ်နေ့ (ဇန်နဝါရီ ၁၆ ရက်) တွင် မြောက်ဦးမြို့ နန်း တော်ကုန်းထက်၌ ကျင်းပရန် စီ စဉ်ထားသည့် စာပေဟောပြောပွဲ ကို သက်ဆိုင်ရာက တားမြစ်ခဲ့၍ ထောင်ချီသော ဒေသခံများသည် ယင်းနေ့ ည ၇ နာရီခန့်တွင် မြို့ ပေါ်ရပ်ကွက်များ၊ ခရိုင်အထွေ ထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ဦးတည် ကာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း မြောက်ဦးမြို့ နာရေးကူညီမှုအ သင်း ဥက္ကဋ္ဌ ဦးဦးမောင်သန်းက ဆိုသည်။

‘‘အခမ်းအနားမလုပ်ဖို့ သက် ဆိုင်ရာက မြို့ပေါ်သံဃာတွေ၊ ကျင်းပရေးကော်မတီဝင်တွေနဲ့ ညှိပါတယ်။ အဲဒီလိုညှိနှိုင်းပြီးတော့ မနက်ပိုင်းအစီအစဉ်ကို ပြုလုပ်ခွင့်ရခဲ့ပါတယ်။ ညနေပိုင်း အစီအစဉ်ကို ဆက်မလုပ်ဖို့ ဌာနဆိုင်ရာတွေက ပြောပေမယ့် လူထုကို ပြောခွင့်မပေးခဲ့ပါဘူး။ အဲဒါကြောင့် အခုလိုဖြစ်ပွားတာပါ’’ ဟု ၎င်းက ဆိုသည်။


ဇန်န၀ါရီ ၁၇ ရက်တွင် ပြုလုပ်သည့် ရခိုင်ပြည်နယ်ဆိုင်ရာညှိနှိုင်းအစည်းအဝေး (ဓာတ်ပုံ − နိုင်ငံတော်အတိုင်ပင်ခံရုံး)

အခမ်းအနား မပြုလုပ်ရန် အာ ဏာပိုင်များက ကြေညာချက်ထုတ်
ရခိုင်ဘုရင့်နိုင်ငံအချုပ်အ ခြာအာဏာကျဆုံးခြင်း ၂၃၃ နှစ် မြောက် အောက်မေ့ဖွယ်အခမ်း အနား၌ ဟောပြောပွဲများ၊ပြဇာတ် များဖြင့် မြောက်ဦးမြို့တွင် ကျင်းပရန် စီစဉ်ထားပြီး ဟောပြောပွဲ၌ ဒေါက်တာအေးမောင်နှင့် သံဃာ တစ်ပါးတို့က ဟောပြောရန် စီစဉ်ထားသည်။

အမ်းမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်သည် အောက်တိုဘာ ၁၅ ရက်ကလည်း ရသေ့တောင် မြို့နယ်၌ ပြုလုပ်သော စာပေ ဟောပြောပွဲတွင် ဟောပြောခဲ့ သည်။

‘‘၁၅ ရက်နေ့က နယ်လုံဝန် ကြီးက ငြိမ်းစုစီနဲ့ ပတ်သက်ပြီး တော့ ကြေညာချက်တစ်ခုထုတ် ထားတယ်။ အဲဒီကြေညာချက်က ရခိုင်ဘုရင့်နိုင်ငံ ကျဆုံးတဲ့နေ့ကို ခွင့်ပြုချက်မရဘဲ မလုပ်ဖို့တားတာ။ မနက်တုန်းက ဘုန်းကြီးတွေပင့်ပြီး ပွဲစပါတယ်။ ညနေမှာ ဒေါက်တာ အေးမောင်ရယ်၊ ဘုန်းကြီးတစ် ပါးရယ် ဟောပြောပွဲလုပ်မယ်။ လုပ်မယ်ဆိုတော့ ခရိုင်ကတား တယ်။ ဒါခွင့်ပြုချက်မရှိဘူးပေါ့။ တားတဲ့အခါမှာ ရောက်နေတဲ့ ပွဲ ခင်းထဲက လူတွေက ဆန္ဒပြတဲ့သ ဘော၊ အဲဒီမှာ ထိပ်တိုက်တွေ့တဲ့ သဘော။ ခဲနဲ့ဘာနဲ့ပေါက်ကြ တယ်။ ဖျက်ဆီးတာ နည်းနည်းရှိ တယ်။ အဲဒီအချိန်မှာ ပစ်တယ် ပေါ့’’ ဟု ဒေသခံဦးမြင့်ဌေးက ဖြစ်စဉ်ကိုပြောသည်။

 သေဆုံးသူ ခုနစ်ဦးကို မြောက်ဦးမြို့ သုသာန်၌ ယနေ့ (ဇန်နဝါရီ ၁၈  ရက်)တွင် ဂူသွင်း သင်္ဂြိုဟ်ရန် စီစဉ်ထားသည်။

မြောက်ဦးဖြစ်စဉ်နှင့် ပတ် သက်၍ နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး အစိုးရအဖွဲ့ တာ ဝန်ရှိသူများ ဇန်နဝါရီ ၁၇ ရက် နေ့လယ်တွင် နေပြည်တော်၌ ညှိနှိုင်း အစည်းအဝေးပြုလုပ်ပြီး မြောက်ဦးဖြစ်စဉ်ကို ည ၈ နာရီ တွင် သတင်းထုတ်ပြန်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က မြောက်ဦးမြို့နယ်၌ ဖြစ်ပွားခဲ့ သော လူစုလူဝေးဖြင့် အကြမ်းဖက် မှုကြောင့် ရခိုင်တိုင်းရင်းသားများ သေဆုံးမှု၊ ဒဏ်ရာရရှိမှုများနှင့် အတူ ရဲတပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိမှုများအတွက် ဝမ်းနည်းမိပါ ကြောင်း ပြောကြားသည်။

အဆိုပါဖြစ်စဉ်ဖြစ်ရပ်အမှန် ကို အမြန်ဆုံးစစ်ဆေးဖော်ထုတ် ပြီး ဥပဒေ ချိုးဖောက်သူများကို ဥပဒေနှင့် အညီ အရေးယူဆောင် ရွက်ရန်၊ တည်ငြိမ်အေးချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေးကို အ လေးထားဆောင်ရွက်ရန် ပြော ကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန် ကြီးချုပ် ဦးညီပုနှင့် ရဲချုပ်အောင် ဝင်းဦးတို့က ရှင်းလင်းတင်ပြရာ...

မြောက်ဦး ဟောပြောပွဲကို အာ ဏာပိုင်များ တားမြစ်ရသည့်အ ကြောင်းရင်း
ဇန်နဝါရီ ၁၅ ရက်တွင် ရသေ့ တောင်မြို့၌ မေယုရင်သွီး လူမှု ကူညီရေးအသင်းက ဦးဆောင်၍  စာပေဟောပြောပွဲ ပြုလုပ်ရာ ဒေါက်တာအေးမောင်နှင့် စာရေး ဆရာ ဝေဟင်အောင် (ခ) အောင် ကျော်ဝင်းတို့ ပါဝင်ဟောပြောခဲ့ သည်။

စာရေးဆရာ ဝေဟင်အောင် က ‘ရခိုင်ပြည်နယ် အချုပ်အခြာ အာဏာကျဆုံးသွားသည်မှာ ၂၃၃ နှစ် ရှိခဲ့ပြီး လူမျိုးဆက်ငါးဆက်ခန့် ကင်းကွာခဲ့ကြောင်း၊ နိုင်ငံရေးတွင် လက်ဝါးဖြန့် တောင်း၍မရသော ကြောင့် လက်ညှိုးကွေးပြီး တောင်း သည့်အဖွဲ့ ပေါ်ပေါက်လာရခြင်း ဖြစ်ကြောင်း၊ ယခုအချိန်တွင် ထွန်းမြတ်နိုင်ဦးဆောင်သော AA တပ် မတော်သည်လည်း ရခိုင်နိုင်ငံ တော်နှင့် အချုပ်အခြာအာဏာ ပြန်လည်ရရှိရေး၊ ဗမာ့ကျွန် အဖြစ်မှ လွတ်မြောက်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်လျက် ရှိ ကြောင်း၊ ရသေ့တောင်မြို့နယ်သူ မြို့နယ်သားများအနေဖြင့်လည်း  ဗမာ့ကျွန်အဖြစ်မှ လွတ်မြောက် ရန် အားလုံးတွင် တာဝန်ရှိ ကြောင်း၊ ယခုအချိန်သည် နိုင်ငံ ရေးအကျပ်အတည်း ဖြစ်နေချိန် ဖြစ်၍ မိမိတို့အတွက် အခွင့်အရေး သာနေသည့် အချိန်ဖြစ်ကြောင်း၊ ဗမာ့ကျွန်ဘဝမှ လွတ်မြောက်နိုင် ရေးနှင့် လွတ်လပ်ရေးရရှိရေးအ တွက် တော်လှန်တိုက်ခိုက်ရန် အ ချိန်ကောင်းဖြစ်ကြောင်း၊ အားလုံး ပါဝင်ကြရန် လိုအပ်ကြောင်း’ စ သည်ဖြင့် ဟောပြောခဲ့သည်ဟု အစိုးရက ထုတ်ပြန်သည်။


တရားစွဲဆိုထားသည့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင် (ဓာတ်ပုံ − စိုင်းဇော်၊ Wai Hun Aung FB)

ထို့နောက် ဒေါက်တာအေး မောင်ကလည်း ‘ဗမာများအနေ ဖြင့် ရခိုင်လူမျိုးများကို ဗမာ့ကျွန် အဖြစ်လောက်သာ ထားရှိပြီး တန်းတူအခွင့်အရေး မပေး ကြောင်း၊ အချုပ်အခြာအာဏာ ရရှိရေးအတွက် နည်းလမ်းနှစ်ခု သာရှိကြောင်း၊ လက်နက်ကိုင် တော်လှန်ရေးနည်းနှင့် ဆောင် ရွက်နေသည့် ပုဂ္ဂိုလ်များရှိ ကြောင်း၊ လက်ရှိနိုင်ငံရေးအား နည်းချက်ကို အခွင့်ကောင်းယူ၍ ပန်းတိုင်ရောက်အောင် ဆောင် ရွက်သွားကြရန် တိုက်တွန်းလို ကြောင်း’ ဟောပြောခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ဒေါက်တာအေး မောင်က နောင်နှစ်များစွာရောက် တိုင်းမှာ အချုပ်အခြာအာဏာပြန် လည် ရယူလိုရေး စိတ်ဓာတ်မွေး ရန်၊ လက်နက်ကိုင်တော်လှန်ရေး နှင့် လူထုဗဟိုပြု နိုင်ငံရေးအား လုံး၏ ပန်းတိုင်သည် အချုပ်အ ခြာအာဏာကို ပြန်လည်ရယူနိုင် ရေးသာဖြစ်ကြောင်း၊ လူထုကို စည်းရုံးခြင်း၊ လက်နက်ကိုင်တော် လှန်ခြင်းတို့ ပြုလုပ်ပြီး အာဏာရ ယူရန် နည်းမျိုးစုံဖြင့် အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲကိုဆင် နွှဲပြီး ရည်မှန်းချက်ပန်းတိုင်သို့ သွားနေခြင်းဖြစ်ကြောင်း ဟော ပြောခဲ့သည်ဟု အစိုးရက ထုတ် ပြန်သည်။

ထိုသို့ ဟောပြောပွဲများကျင်း ပခြင်းနှင့် တစ်မျိုးသားလုံးထားရှိ သင့်သည့် ရည်မှန်းချက်ပန်းတိုင် ကို သိရှိပြီး အမျိုးသားရေးတစ်ရပ် အနေဖြင့် ပါဝင်ကူညီဆောင်ရွက် ရန် လိုအပ်ကြောင်း ဒေါက်တာ အေးမောင်က ပြောကြားခဲ့သည် ဟု သတင်းထုတ်ပြန်ချက်၌ ပါရှိ သည်။

ဒေါက်တာအေးမောင်သည် ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူဖြစ် ပြီး လက်ရှိတွင် ပါတီဥက္ကဋ္ဌတာဝန် မှ နုတ်ထွက်စာ တင်ထားသည်။

ရသေ့တောင် ဟောပြောပွဲ နှင့် ပတ်သက်၍ ANP ပါတီ အ ထွေထွေအတွင်းရေးမှူး ဦးထွန်း အောင်ကျော်ထံ မေးမြန်းရာ ‘‘ဟောပြောပွဲမှာက ဒေါက်တာ အေးမောင်နဲ့၊ အဲဒီဆရာ ဦးဝေ ဟင်အောင်နဲ့ လုပ်ကြတယ်လို့ ကျွန်တော်တို့ တစ်ဆင့်ကြားရ တယ်။ ကျွန်တော်တို့က အဲဒီဟောပြောပွဲမှာတော့ မရှိဘူး။ အဲဒါ ကြောင့် သူဘာပြောလဲဆိုတာ တော့ အတိအကျမသိဘူး’’ ဟု ပြောသည်။

အဆိုပါဟောပြောပွဲကို ဦး ဆောင်ပြုလုပ်သည့် ရသေ့တောင် မြို့ မေယုရင်သွီးလူမှုကူညီရေးအ သင်း ဥက္ကဋ္ဌ ဦးဘသန်းကို ဆက် သွယ်မေးမြန်းရာ  ‘‘ကျွန်တော် တို့က ရောက်လာတဲ့မြို့ခံ၊ နယ်ခံ ပရိသတ်တွေကို ဧည့်ခံကျွေးမွေး ဖို့နဲ့ တခြားအစီအစဉ်တွေ လုပ် နေရတော့ သူတို့ပြောသွားတာ တွေကို လိုက်နားထောင်ဖို့ အချိန် မရခဲ့ဘူး’’ ဟု ဆိုသည်။

ထို့နောက် မြောက်ဦးမြို့နယ် နန်းတော်ရာကုန်း၌ ပြုလုပ်မည့် ဟောပြောပွဲတွင် ဆင်အိုးကြီး ကျောင်းတိုက် ဆရာတော်နှင့် ဒေါက်တာအေးမောင်တို့ ဟော ပြောမည့် ကိစ္စနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဇန်နဝါရီ ၁၅ ရက်စွဲဖြင့် ဟော ပြောပွဲ ပြုလုပ်မည်နေရာ၊ အ ဆောက်အအုံတို့ကို စီမံခန့်ခွဲခွင့် ရှိသူ၏ ခွင့်ပြုချက်ရယူဆောင် ရွက်စေရန်၊ လိုက်နာဆောင်ရွက် ခြင်းမရှိပါက ဥပဒေနှင့်အညီအ ရေးယူရန် အကြောင်းကြားခဲ့ သည်။

ထို့ကြောင့် ရှေးဟောင်းသု တေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မြောက်ဦးဌာနခွဲ) မှ ရှေးယခင် မြောက်ဦးဘုရင်နန်း တော်ဖြစ်သည့် နန်းတော်ရာကုန်း ပေါ်တွင် သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ အခမ်း အနားကျင်းပနေမှုကို ခွင့်မပြုနိုင် ကြောင်းနှင့် အခမ်းအနားမပြု လုပ်ရန် ညှိနှိုင်းမေတ္တာရပ်ခံ ကြောင်း အခမ်းအနားကျင်းပရေး ကော်မတီသို့ စာပို့အကြောင်း ကြားခဲ့သည်ဟု အစိုးရကထုတ် ပြန်သည်။

ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်တို့ ရုန်းရင်းဆန်ခတ်ဖြစ်
ဟောပြောပွဲ တားမြစ်ခြင်း ကြောင့် ဖြစ်ပေါ်လာသော လူစု လူဝေးကို လူစုခွဲရန် သတိပေးတား မြစ်သော်လည်း လိုက်နာမှုမရှိ၍ ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ ကြောင်း အစိုးရက သတင်းထုတ် ပြန်ပြီး ရခိုင်အမျိုးသားပါတီနှင့် ဒေသခံအချို့ကမူ ရဲတပ်ဖွဲ့၏ပစ် ခတ်ဖြေရှင်းမှုအပေါ် ဝေဖန်ခဲ့ သည်။

အခင်းမဖြစ်ပွားမီ ညနေ  ၆ နာရီခန့်တွင် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနက ဟောပြောပွဲခွင့် မပြုကြောင်း တားမြစ်ခဲ့ရာ ဟော ပြောပွဲ ကျင်းပရေးအဖွဲ့က အခမ်း အနား၌ ထွန်းညှိထားသော လျှပ် စစ်မီးကို ဖြတ်တောက်ခဲ့သည်။

ထို့နောက် ဟောပြောပွဲလာ ရောက်သူ ပရိသတ် ၄၀၀ ခန့်က စတင်စုဝေးအော်ဟစ်ခဲ့သည်။

ည ၈ နာရီခွဲခန့်တွင်နန်း တော်ရာကုန်း၌ လူအင်အား ၅,၀၀၀ ခန့်စုဝေးရောက်ရှိလာခဲ့ ပြီး ရန်ကုန်-စစ်တွေကားလမ်း အတိုင်း ‘ရခိုင်ပြည်နယ်လွတ် မြောက်ရေး ဒို့အရေး’ ဟု အော် ဟစ်ကြွေးကြော်၍ ခရိုင်ရုံးတည်ရှိ ရာသို့ လမ်းလျှောက်ဆူပူဆန္ဒပြခဲ့ ရာ ည ၉ နာရီကျော်တွင် အင်အား ၁၀,၀၀၀ ခန့်ဖြစ်လာ၍ ခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး နှင့် ခရိုင်ဥပဒေအရာရှိတို့က လူစု ခွဲရန် Hand Speaker များဖြင့် ၁၅ ကြိမ်ခန့်သတိပေးတားမြစ်ခဲ့ သည်ဟု အစိုးရကဆိုသည်။

လူစုလူဝေးသည် ရဲတပ်ဖွဲ့ ၀င်နှစ်ဦးထံမှ သေနတ်လုယူရန် ကြိုးစားခြင်း၊ လေးခွ၊ အုတ်ခဲ ကျိုး၊ ကျောက်ခဲများဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို ပစ်ပေါက်ဆဲ ဆိုရန်ပြုကာ ခရိုင်အုပ်ချုပ်ရေးမှူးရုံးခြံဝင်းတံခါး ဖျက်ဆီးဝင်ရောက် လာသည့်အပြင် လူစုလူဝေးထဲမှ အချို့သည် ခရိုင်ရုံးနိုင်ငံတော် အလံတိုင်တွင် အသင့်ပါလာ သည့် ရခိုင်ပြည်နယ် အလံကို လွှင့်ထူခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထို့ပြင် လူစုလူဝေးသည် ခရိုင် အုပ်ချုပ်ရေးမှူးရုံးအတွင်း ၀င်ရောက်၍ ရုံးရှိပစ္စည်းများ၊ ယာဉ်လေးစီးနှင့် ဆိုင်ကယ် ငါးစီးတို့ကို ဖျက်ဆီးကာ အကြမ်းဖက်မှုများဆက်လုပ်လာ၍ ခရိုင်စီမံခန့်ခွဲရေးအဖွဲ့၏ သဘောတူညီချက်ဖြင့် ဘီအေ-၆၃ မောင်းပြန်ရိုင်ဖယ်ဖြင့်အချက် ၂၀ ခန့်၊ ၁၂ဗို့ ပြောင်းချောသေနတ်ဖြင့်အချက်  ၄၀ ခန့်အပေါ်ထောင်၍ သတိပေး ပစ်ခတ်ခဲ့သည်ဟုဆိုသည်။

လက်နက်များကို လုယူရန်ကြိုး စား၍ ကျည်အစစ်များဖြင့် ပစ်ခတ်ဟုဆို
အချို့သည် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လက်နက်များ လုယူရန်ကြိုးစားလာ၍ တာဝန် ရှိသူများက ကျည်အစစ်၊ကျည်အမှန်များဖြင့် ပစ်ခတ်ရမည်ဖြစ် ကြောင်း အကြိမ်ကြိမ်သတိပေး သော်လည်း ပိုမိုဆိုးရွားစွာလာ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လူစု လူဝေးအတွင်း တီ -၅၆ နှင့် ဘီ အေ-၉၄ သေနတ်တို့ဖြင့် ၁၀ ချက်ခန့် ပစ်ခတ်ရှင်းလင်းခဲ့ ကြောင်း အစိုးရကသတင်းထုတ် ပြန်သည်။ အခင်းဖြစ်ပွားချိန်တွင် ခရိုင်ရုံးအတွင်း ၀င်ရောက်လာ သည့်လူစုလူဝေးဦးရေ လေး ထောင်ခန့်ရှိပြီး ရဲတပ်ဖွဲ့ဝင်အင် အား ၃၀ဦးခန့်သာရှိဟု ဆိုသည်။

စနစ်တကျ လေ့ကျင့်ထား သော မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေ ဖြင့် ဟောပြောပွဲကျင်းပရာနန်း တော်ရာကုန်းမှ အလှမ်းကွာဝေး သည့် ခရိုင်အုပ်ချုပ်ရေးမှူးရုံးသို့ လာရာလမ်းတွင် လူစုလူဝေးကို တားဆီးရမည့် နေရာများစွာရှိ သော်လည်း တားဆီးခြင်းမပြု သည်မှာ ထူးခြားသည်ဟု ANP အထွေထွေအတွင်းရေးမှူး ဦး ထွန်းအောင်ကျော်က ပြောသည်။

‘‘နောက်တစ်ခုက လူစုခွဲ မယ်ဆိုရင် မီးသတ်ပိုက်တို့၊ မျက် ရည်ယိုဗုံးတို့စသည်အားဖြင့် လုပ် ထုံးလုပ်နည်းနဲ့လုပ်တာတွေအ များကြီးနည်းလမ်းတွေရှိတယ် လေ။ အဲဒီလိုမဖြေရှင်းဘဲနဲ့ ဘာ ဖြစ်လို့ လူအုပ်ထဲကို လက်နက် ကျည်ဆန်တွေနဲ့ အဲဒီလိုဖြေရှင်း ရတာလဲဆိုတာက တော်တော် ကြီးကို စဉ်းစားရခက်တဲ့ကိစ္စတစ် ခုပေါ့’’ ဟု ဦးထွန်းအောင်ကျော် က ပြောသည်။

ဒေသခံဦးမြင့်ဌေးက ပြည် ထဲရေးဝန်ကြီးဌာန၏ လုပ်ကိုင် ဆောင်ရွက်ပုံသည် ကြမ်းတမ်း သည်ဟု မှတ်ချက်ပြုသည်။

‘‘တက်ကြွသူက လူငယ် လေးတွေပေါ့။ သူတို့က ခရိုင်အုပ် ချုပ်ရေးမှူးရုံးဝင်းအထိကို ကျူး ကျော်သလိုက တစ်ကြောင်းပါ တယ်။ ပြီးတော့ အလံတိုင်တွေ ဘာတွေချိုးတာတို့ပါသွားတယ်။ ပြီးတော့ စောင့်တဲ့ရဲကိုလည်း နည်းနည်းပါးပါးခဲနဲ့ထုတာတို့ပါ တယ်။ ကားတွေဘာတွေရိုက်ခွဲ တာပါတယ်။ ဒါပေမဲ့လည်း ကျွန် တော်တို့ကတော့ ပြည်ထဲရေးဝန် ကြီးဌာနရဲ့ လုပ်ပုံကိုင်ပုံကြမ်း တမ်းတယ်လို့မြင်ပါတယ်’’ ဟု ပြောသည်။

အခင်းဖြစ်ပွားချိန်တွင်ဟောပြောပွဲစီစဉ်သူများ မတွေ့ရခြင်းကလည်း တာဝန်မဲ့သည့် လုပ် ရပ်ဖြစ်ကြောင်း ၎င်းကဆိုသည်။ ‘‘ပွဲလုပ်တဲ့လူ တာဝန်မယူတာ။ အကြမ်းဖက်တာတွေ၊ အင်အား သုံးဖြေရှင်းတာတွေ ဒါတွေက မဖြစ်သင့်ဘူး’’ ဟု ဦးမြင့်ဌေးက ပြောသည်။

မြောက်ဦး ဖြစ်စဉ်ကြောင့် လက်ရှိအစိုးရကို ရခိုင်လူထုက အာဏာရှင်ပုံစံမျိုးမြင်သွားစေနိုင် ကြောင်း ဦးမြင့်ဌေးက ပြောသည်။

‘‘အခုလက်ရှိလုပ်နေတဲ့ ဇန် န၀ါရီ ၂၃ ရက်နေ့မှာ ဒုက္ခသည် စခန်းတွေဘာတွပြန်ဖွင့်မယ့်ကိစ္စ တွေရှိမယ်။ အခြားပင်လုံညီလာခံ လိုဟာမျိုးရှိတယ်။ ဒါတွေအကုန် လုံးကို အကျိုးသက်ရောက်ဖို့ ဒီ လိုမျိုးများ စီစဉ်တာလားဆိုတဲ့ သံ သယရှိတာတွေလည်းရှိပါတယ်’’ ဟု ၎င်းကဆိုသည်။

လှုံ့ဆော်သူများ ပါဝင်ပတ်သက် သူများကို အရေးယူမည်၊ ရဲတပ် ဖွဲ့ဝင်များ၏ ဆောင်ရွက်ချက်ကို ခုံရုံးဖွဲ့စစ်ဆေးမည်
မြောက်ဦးဖြစ်စဉ်နှင့်ပတ် သက်ပြီး ဦးဆောင်လှုံ့ဆော်သူ များနှင့် ပါဝင်ပတ်သက်သူများကို ဆက်လက်ဖော်ထုတ်ပြီး ဥပဒေ နှင့်အညီ အရေးယူဆောင်ရွက် မည်ဖြစ်သကဲ့သို့ ရဲတပ်ဖွဲ့ဝင်များ ၏ ဆောင်ရွက်ချက်များသည် လုပ်ထုံးလုပ်နည်းနှင့်ညီညွတ်မှု ရှိ၊ မရှိစုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ စည်းစစ်ဆေးမည်ဖြစ်ကြောင်း အ စိုးရက သတင်းထုတ်ပြန်သည်။ အရပ်သားသေဆုံးမှုများနှင့် စပ် လျဉ်း၍ သက်ဆိုင်ရာရဲစခန်းတွင် သေမှုသေခင်းဖွင့်ထားကြောင်း ဖော်ပြသည်။

ထို့ပြင် ရသေ့တောင်ဟော ပြောပွဲတွင် ဟောပြောသည့် စာ ရေးဆရာဝေဟင်အောင်ကို ဥပ ဒေနှင့်အညီ အမှုဖွင့်ဆောင်ရွက် ထားကြောင်းနှင့် ဒေါက်တာအေး မောင်ကို ဥပဒေနှင့်အညီဆက် လက် ဆောင်ရွက်မည်ဖြစ် ကြောင်း သတင်းထုတ်ပြန်သည်။

ဒေါက်တာအေးမောင်ကို အရေး ယူရန် လွှတ်တော်ဥက္ကဋ္ဌခွင့်ပြု
ဒေါက်တာအေးမောင်ကို ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်ရန် ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ ခွင့်ပြု ချက်ရရှိပြီဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

ဒေါက်တာအေးမောင်သည် အခင်းဖြစ်ပွားရာ ညကမြောက် ဦးမြို့နှင့် ဆယ်မိုင်ခန့်အကွာရှိ တိမ်ညိုရွာတွင် ရောက်ရှိနေ သည်။ ဒေါက်တာအေးမောင် သည် အဆိုပါရွာ၌ဟောပြောပွဲ ပြုလုပ်ရန်စီစဉ်ခဲ့ရာ အာဏာပိုင် များက ခွင့်မပြုခဲ့ပေ။

ဒေါက်တာအေးမောင်အ ဖမ်းခံရခြင်းရှိ၊ မရှိနှင့်ပတ်သက်၍ ဦးထွန်းအောင်ကျော်က ‘‘သူ့အ ခြေအနေက အေးအေးဆေးဆေး ပါခင်ဗျ။ ဒေါက်တာအေးမောင် အဖမ်းမခံရပါဘူးခင်ဗျာ။ သူတိမ် ညိုမှာ။ အဲဒီမှာလည်း ဟောပြော ပွဲ မဖြစ်ခဲ့ဘူးဗျ’’ ဟု ဇန်န၀ါရီ ၁၇ ရက်ညနေ ၅ နာရီခွဲကျော်တွင် ပြောသည်။

ဒေါက်တာအေးမောင်အ ပေါ် အမှုဖွင့်အရေးယူဆောင် ရွက်မည့်ဖြစ်စဉ်ကို ANP အနေ ဖြင့်စောင့်ကြည့်မည်ဖြစ်ကြောင်း ယင်းပါတီ၏ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်ဦးအောင် ကျော်ဇံက ပြောသည်။

ပြည်ထောင်စုလွှတ်တော် ဆိုင်ရာဥပဒေတွင် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဦးသည် ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခြင်း ခံရပါက ပြစ်ဒဏ်စီရင်ခြင်းမခံရမီ နာယက၏ခွင့်ပြုချက်ဖြင့် လွှတ် တော်နှင့် လွှတ်တော်ပူးပေါင်း ကော်မတီအစည်းအဝေးများသို့ တက်ရောက်ခွင့် ရှိကြောင်း ပြဋ္ဌာန်းထားသည်။

နိုင်ငံတော်အကြည်ညိုပျက် စေမှုဖြင့် အမှုဖွင့်ခံထားရသော ဒေါက်တာအေးမောင်ကို 7Day Daily သတင်းစာက ၎င်း၏လက် ကိုင်ဖုန်းကို ယမန်နေ့ကအကြိမ် ကြိမ်ဆက်သွယ်သော်လည်း  အ ဆက်အသွယ်မရခဲ့ပေ။

ဒေါက်တာအေးမောင်၏ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရပ်တည်ခွင့်နှင့်ပတ်သက်၍ ANP ပါတီ၏ ပြည်သူ့လွှတ်တော်အ မတ်ဦးဖေသန်းက ‘‘ပြစ်ဒဏ်စီရင် ခြင်းခံရပြီဆိုရင်တော့ လွှတ်တော် အမတ်မဟုတ်တော့ဘူးပေါ့’’ ဟု ပြောသည်။

ဒေါက်တာအေးမောင်နှင့် စာရေး ဆရာဝေဟင်အောင်တို့ကို ပုဒ်မ သုံးခုစီဖြင့် အမှုဖွင့်ရန်စီစဉ်
ရသေ့တောင်မြို့နယ်စာပေ ဟောပြောပွဲတွင် ဒေါက်တာအေး မောင်နှင့် စာရေးဆရာဝေဟင် အောင်တို့၏ ဟောပြောချက်များ နှင့်ပတ်သက်၍ဇန်န၀ါရီ ၁၆ ရက် ၌ကျင်းပသည့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အစည်းအဝေးက ၎င်း တို့နှစ်ဦးကို နိုင်ငံတော်သစ္စာ ဖောက်ဖျက်ပုန်ကန်မှုရာဇသတ် ကြီးပုဒ်မ ၁၂၁(ခ)၊ (ဂ)၊ နိုင်ငံ တော်အကြည်ညိုပျက်စေမှုရာဇ သတ်ကြီးပုဒ်မ ၅၀၅(ခ)၊(ဂ)၊ မတရားအသင်းအက်ဥပဒေပုဒ်မ (၁၇)(၁)(၂)တို့ဖြင့် အမှုဖွင့်တ ရားစွဲဆိုရန် ဆုံးဖြတ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဇန်န ၀ါရီ ၁၇ ရက်ညတွင် သတင်း ထုတ်ပြန်သည်။

ထို့ကြောင့် ၎င်းတို့နှစ်ဦးကို ရသေ့တောင်မြို့နယ်ရဲစခန်းက ဇန်န၀ါရီ ၁၆ ရက်ညနေတွင် မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁)ဖြင့် လတ်တလောအမှုဖွင့် ပြီး စာရေးဆရာဝေဟင်အောင် ကို စစ်တွေမြို့နယ်ရဲစခန်းအချုပ် ၌ ဖမ်းဆီးချုပ်နှောင်ထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော် ပြသည်။

နိုင်ငံတော် သစ္စာဖောက် ဖျက်ပုန်ကန်မှုရာဇသတ်ကြီးပုဒ်မ ၁၂၁ ဖြင့် အမှုဖွင့်ခံရလျှင် ၁၂၂ ဖြင့် တရားစွဲဆိုရပြီး ပြစ်မှုထင်ရှား ပါက သေဒဏ်(သို့မဟုတ်)တစ် သက်တစ်ကျွန်းအထိ ပြစ်ဒဏ် ချမှတ်နိုင်ကြောင်း ဥပဒေပညာ ရှင်တစ်ဦးက ပြောသည်။

နိုင်ငံတော်အကြည်ညိုပျက် စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုခံရပြီး ပြစ်မှုထင် ရှားပါက ၂ နှစ် အထိ ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်စလုံး ဖြစ်စေချမှတ်ရမည် ဟု ဖော်ပြထားသည်။

မြောက်ဦးဖြစ်စဉ်တွင်အရပ်သားများသေဆုံးဒဏ်ရာရခဲ့မှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရက ဖြေရှင်းပေးရန်စစ်တွေ မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ ၌ ဇန်န၀ါရီ ၁၇ ရက်နေ့လယ်က ဒေသခံအချို့ ဆန္ဒပြခဲ့သည်။