ဒေါက်တာအေးမောင်ကို ဖမ်းဆီးပြီး စစ်တွေထောင်ပို့

ဒေါက်တာအေးမောင်ကို ၎င်း၏နေအိမ်မှ ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို ယမန်နေ့က တွေ့ရစဉ် (ဓာတ်ပုံ − MPA)

အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဒေါက်တာအေးမောင်ကို ရဲတပ်ဖွဲ့က ယမန်နေ့ နေ့လယ်တွင် ဖမ်းဆီး၍ မွန်းလွဲပိုင်း၌ စစ်တွေအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။

ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ခွင့်တောင်းထားသူ ဒေါက်တာအေး မောင်ကို ဇန်နဝါရီ ၁၈ ရက် နေ့လယ်တွင် စစ် တွေမြို့ရှိ ၎င်း၏နေအိမ်၌ ဖမ်းဆီးခဲ့ပြီး စစ်တွေ အမှတ် (၁) ရဲစခန်းတွင် ချုပ်နှောင်ထားစဉ် မွန်းလွဲ ၂ နာရီခန့်က လူတစ်ရာခန့် စုဝေးရောက်ရှိလာ၍ ထောင်သို့ ပို့ဆောင်ခဲ့သည်ဟု ANP အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြော သည်။

‘‘ချုပ်ထားတော့ ၂ နာရီလောက်မှာ လူတစ် ရာလောက် လူစုလူဝေးဖြစ်လာတယ်။ ဒါနဲ့ အခုထုတ်ပြီးတော့ စစ်တွေထောင်ကြီးကို ပို့လိုက်ပြီ’’ ဟု ဦးထွန်းအောင်ကျော်ကပြောသည်။

စစ်တွေအကျဉ်း ထောင်ရှေ့ တွင် လူစုလူဝေးအနည်းငယ် ဖြစ်ပွားသော်လည်း ပြဿနာတစ် စုံတစ်ရာဖြစ်ပွားခြင်း မရှိကြောင်း ဒေသခံအချို့က ပြောသည်။

ရသေ့တောင် မြို့နယ်တွင် ဇန်နဝါရီ၁၅ ရက်က ပြုလုပ်သည့် ရခိုင်ဘုရင့်နိုင်ငံတော်  အချုပ်အခြာအာဏာကျဆုံးခြင်း (၂၃၃) နှစ်မြောက်ဝမ်းနည်းဖွယ် အထိမ်းအမှတ် စာပေဟောပြောပွဲ၌ ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို ၎င်းတို့၏ ဟောပြောချက်များနှင့် ပတ်သက် ပြီး ရသေ့တောင် ရဲစခန်းတွင် မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့်ခဲ့ပြီး စာရေး ဆရာ ဝေဟင်အောင်ကို ဇန်နဝါရီ ၁၆ ရက် ညနေကတည်းက ဖမ်း ဆီးထားသည်။

 ဇန်နဝါရီ ၁၆ ရက်တွင် ကျင်းပသည့် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့အစည်းအဝေးက ၎င်းတို့နှစ်ဦးကို နိုင်ငံတော်သစ္စာ ဖောက်ဖျက် ပုန်ကန်မှု ရာဇသတ် ကြီးပုဒ်မ ၁၂၁ (ခ) (ဂ)၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ် ကြီးပုဒ်မ ၅၀၅ (ခ) (ဂ)၊ မတရား အသင်း အက်ဥပဒေပုဒ်မ (၁၇) (၁) (၂) တို့ဖြင့် အမှုဖွင့်တရား စွဲဆိုရန် ဆုံးဖြတ်ခဲ့ကြောင်းအစိုးရ က ထုတ်ပြန်ထားသည်။

‘‘သူတို့တည်ဆဲဥပဒေနဲ့ အ ရေးယူပါလိမ့်မယ်။ လွှတ်တော်ရဲ့ ခွင့်ပြုချက်လည်း ရပါပြီခင်ဗျာ့။ တည်ဆဲဥပဒေနဲ့ မြန်မာနိုင်ငံရဲ တပ်ဖွဲ့က အရေးယူပါလိမ့်မယ်။ ချက်ချင်းအရေးယူမှာပေါ့ခင်ဗျာ’’ ဟု  ပြည်ထဲရေးဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန် ဦးတင်မြင့်က ဒေါက်တာအေးမောင်၏ အမှုဖြစ် စဉ်နှင့် ပတ်သက်၍ ယမန်နေ့က ပြောသည်။

‘‘၁၂၁ (ခ) (ဂ) အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ။ သူက ပုဒ်မ ၁၂၂ နဲ့ ပြစ်ဒဏ်ပေးရတာ။ ပြစ်ဒဏ် ပေးခံရမယ်ဆိုရင်တော့ သေဒဏ် နဲ့ တစ်သက်တစ်ကျွန်းဒဏ် ပေး လို့ရတာပေါ့။ ကျူးလွန်ရင်ပေါ့’’ ဟု တရားလွှတ်တော်ရှေ့နေ ဦး ကျော်ဟိုးက ပြောသည်။

 နိုင်ငံတော် သစ္စာဖောက် ဖျက်ပုန်ကန်မှု ရာဇသတ်ကြီး ပုဒ်မ ၁၂၁ ဖြင့် အမှုဖွင့်ခံရလျှင် ပုဒ်မ ၁၂၂ ဖြင့် တရားစွဲဆိုရပြီး ပြစ်မှု ထင်ရှားပါက သေဒဏ် (သို့မ ဟုတ်) တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ချမှတ်နိုင်သည်။ နိုင်ငံ တော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ရာဇသတ်ကြီးပုဒ်မ ၁၂၁ (ခ) တွင် ပြည်ထောင်စု နိုင်ငံကိုဖြစ်စေ၊ ပြည်ထောင်စုအဖွဲ့  တစ်ခုကိုဖြစ်စေ စစ်မက်ပြိုင်ဆိုင်ရန် အခြားနိုင်ငံတစ်ခုခုကိုသော်လည်းကောင်း၊ လူတစ်ဦးဦးကိုသော်လည်း ကောင်း၊ ပြည်ထောင်စုအတွင်း၌ ဖြစ်စေ၊ အပ၌ဖြစ်စေ ကူညီလျှင် သို့တည်းမဟုတ် (ဂ)  ထိုသို့ စစ် မက်ပြိုင်ဆိုင်ရန် ပြည်ထောင်စုနိုင်ငံအတွင်း၌ဖြစ်စေ၊ အပ၌ဖြစ် စေ လူတစ်ဦးဦးကို လှုံ့ဆော်လျှင် သို့တည်းမဟုတ် လူတစ်ဦးဦးနှင့် ပူးပေါင်း ကြံစည်လျှင်ဟု အဓိ ပ္ပာယ်ဖွင့်ဆိုထားသည်။

နိုင်ငံတော်အကြည်ညိုပျက် စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)  ဖြင့် တရားစွဲဆိုခံရပြီး ပြစ်မှု ထင်ရှားပါက ၂ နှစ်အထိ ထောင် ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည် ဟု ဖော်ပြထားသည်။ မတရားအ သင်း ဆက်သွယ်မှုပုဒ်မ ၁၇ (၁)၊ ၁၇ (၂) အရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် သုံးနှစ်မှ ငါးနှစ်အထိ ချမှတ်နိုင်သည်။

ဒေါက်တာအေးမောင်အနေ ဖြင့် ယခုကဲ့သို့ ပုဒ်မများဖြင့် အမှု ဖွင့် တရားစွဲဆိုခြင်း ခံရပါက တရား ရုံး၌ ပြန်လည်ချေပနိုင်ကြောင်း ဦးကျော်ဟိုးက ပြောသည်။

‘‘သူက ဒီစကားလုံးကို ပြောခဲ့သလား။ မပြောဘူးလား။ မပြောဘူးဆိုလည်းပြီး ရောပေါ့။ ပြောတယ်ဆိုလည်း ဘာဖြစ်လို့ ပြောတာလဲ စကားဆက်က ရှိသေးတာကိုး။ ဘယ်လိုဆက်စပ်ပြီး ဘာလို့ပြောတာလဲ။ ဒါကြောင့်မို့ စွပ်စွဲတဲ့ ပုဒ်မနဲ့ မငြိစွန်းဘူး၊ ငြိစွန်းတယ်ဆိုတာ သူ့မှာ ချေပခွင့်ရှိတယ်’’ ဟု ၎င်းကဆိုသည်။

ဒေါက်တာ အေးမောင်က လည်း ‘‘ကျွန်တော်ကတော့ ဥပဒေကြောင်းအရ ပြန်တုံ့ပြန်သွားမှာ ပါ’’ ဟု ၎င်းအား ရဲတပ်ဖွဲ့ဝင်များ လာရောက်ဖမ်းဆီးစဉ် ကားပေါ် သို့ မတက်မီပြောကြားသည်။

ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့၏ ရသေ့တောင်မြို့နယ် ဟောပြော ပွဲတွင် ဟောပြောသည့်အချက် များကို အစိုးရက ဇန်နဝါရီ ၁၇ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။

စာရေးဆရာ ဝေဟင်အောင် ဟောပြောရာတွင် ‘‘ရခိုင်ပြည်နယ် အချုပ်အခြာအာဏာကျဆုံးသွားသည်မှာ နှစ်ပေါင်း (၂၃၃) နှစ်ရှိခဲ့ပြီး လူမျိုးဆက်ငါးဆက်ခန့် ကင်းကွာခဲ့ကြောင်း၊ နိုင်ငံရေးတွင် လက်ဝါးဖြန့်တောင်း၍မရသောကြောင့် လက်ညှိုးကွေးပြီးတောင်းသည့်အဖွဲ့ ပေါ်ပေါက်လာရခြင်းဖြစ်ကြောင်း၊ ယခုအချိန်၌ထွန်းမြတ်နိုင်ဦးဆောင်သော AA တပ်မတော်သည်လည်း ရခိုင်နိုင်ငံတော်နှင့် အချုပ်အခြာ ပြန်လည်ရရှိရေး၊ ဗမာ့ကျွန်အဖြစ်မှ လွတ်မြောက်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်နေကြောင်း၊ ရသေ့တောင် မြို့နယ်သူ၊ မြို့နယ်သားများ အနေဖြင့်လည်း  ဗမာ့ကျွန်အဖြစ်မှ လွတ်မြောက်ရန် အားလုံးတွင် တာဝန်ရှိကြောင်း’’ စသည့် အချက်များ ပါဝင်ပြီး လက်ရှိအချိန်သည် ဗမာ့ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် တော်လှန်ရန် အချိန်ကောင်းဖြစ်သည်ဟု ဟောပြောခဲ့ကြောင်း အစိုးရ သတင်းထုတ်ပြန်ခဲ့သည်။

ဒေါက်တာအေးမောင်၏ ဟောပြောချက်တွင် ‘‘ဗမာများ အနေဖြင့် ရခိုင်လူမျိုးများကို ဗမာ့ကျွန်အဖြစ်လောက်သာ  ထား ရှိပြီး တန်းတူအခွင့်အရေး မပေး ကြောင်း၊ အချုပ်အခြာအာဏာရ ရှိရေး နည်းလမ်း ၂ ခုသာရှိ ကြောင်း၊ လက်နက်ကိုင် တော် လှန်ရေးနည်းနှင့် ဆောင်ရွက်နေ သည့် ပုဂ္ဂိုလ်များရှိကြောင်း၊ မိမိ မှာ နောက်တစ်နည်းဖြစ်သော လူထုဗဟိုပြု နိုင်ငံရေးနည်းဖြင့် ဆောင်ရွက်နေကြောင်း၊ လက်ရှိ နိုင်ငံရေး အားနည်းချက်ကို အခွင့် ကောင်းယူ၍ ပန်းတိုင်ရောက် အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း စသည့်အ ချက်များ ပါဝင်သည်ဟု အစိုးရက သတင်းထုတ်ပြန်သည်။

အစိုးရ၏ သတင်းထုတ်ပြန် မှုနှင့်ပတ်သက်၍ ဒေါက်တာအေး မောင်က ‘‘ကျွန်တော်တို့က ပြော ခဲ့တဲ့ အသံဖိုင်ရှိပါတယ်။ ရခိုင် လိုပြောတာကို မြန်မာလိုစာလုံးစီ ပြီးရိုက်နေကြတာပေါ့ဗျာ။ ကျွန် တော်တို့အသံဖိုင်ကို ခင်ဗျားတို့ လက်ခံတဲ့ ရခိုင်တစ်ယောက်ကို ဘာသာပြန်ခိုင်းရင်တောင် ရပါ တယ်။ ကျွန်တော်တို့ ပြောခဲ့တာ က အဖွင့်လေး အပိတ်လေးနဲ့ ပါ။ ဘာကြောင့်ဒီလိုဖြစ်တယ်။ ဘာကြောင့်ဒီလိုဖြစ်တယ်။ အဲဒီ လို လုံးကောက်လေးတွေနဲ့ ရှေ့ ကစာလုံး နောက်က စာလုံးကို ပြောင်းပြန် လုပ်လိုက်ရင်တော့ ဖြင့် တစ်မျိုးဖြစ်မှာပေါ့ဗျာ။ ဆိုလို တာက ဝါကျသုံးခုကိုပေါင်းပြီးမှ အကြောင်းအရာတစ်ခုဖြစ်လာ တယ်ဗျ။ ဝါကျတစ်ခုကို ဆွဲထုတ် ပြီးတော့မှ သူလိုချင်တဲ့ဟာနဲ့ ပေါင်းလိုက်တဲ့အခါကျတော့ ပိုမို တင်းမာတဲ့ စကားလုံးဖြစ်သွား တာပေါ့’’ ဟုဆိုသည်။

လွတ်လပ်စွာ ထုတ်ဖော် ပြောကြားခြင်းကို အသိအမှတ်ပြု စေလိုကြောင်း၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ မူလအ ခွင့်အရေးကို ပေးစေချင်ကြောင်း လည်း ၎င်းကဆက်ပြောသည်။

ANP ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဖေသန်းက ‘‘သူပြောတာဘယ်လောက်အ တိမ်အနက် ရှိတယ်ဆိုတာ ကျွန်တော်မသိသေးဘူး။ အမှုစစ်တဲ့အခါမှ ပေါ်လာမှာပေါ့’’ ဟု မှတ်ချက်ပြုသည်။

ဒေါက်တာ အေးမောင်ကို နိုင်ငံတော် ပုန်ကန်မှုဖြင့် အမှုဖွင့် ရန် စီစဉ်ခြင်းသည် ပြင်းထန်လွန်း ကြောင်း ၎င်းက ဆိုသည်။

ANP အထွေထွေအတွင်း ရေးမှူး ဦးထွန်းအောင်ကျော်က ‘‘ပါးစပ်နှင့်ပြောရုံနဲ့ ဒီလိုကြီးလေး တဲ့ ပုဒ်မတွေတပ်ပြီး နိုင်ငံတော် ပုန်ကန်တာတို့၊ နိုင်ငံတော်ကို အကြည်ညို ပျက်စေတာတို့ နောက်ပြီးတော့ မတရားအသင်းနဲ့ ဆက်နွယ်တဲ့ ပုဒ်မတွေ တပ်တာတို့က တကယ်ဒေါက်တာအေးမောင် ကျူးလွန်တာ မဟုတ်ဘူးဆိုရင် ဒီလိုပြုမူဆောင်ရွက်တာဟာ ဒီမိုကရေစီဘောင်ကို ကျော်လွန်တာဖြစ်လိမ့်မယ်’’ ဟု ဆိုသည်။

ပါတီအနေဖြင့် ဒေါက်တာ အေးမောင်ကို ယခုကဲ့သို့ အရေး ယူဆောင်ရွက်ခြင်းနှင့် ပတ်သက် ပြီး သတိကြီးကြီးထားပြီး လေ့လာ သုံးသပ်နေကြောင်း ၎င်းကဆို သည်။

ဒေါက်တာအေးမောင် သည် ANP ပါတီဥက္ကဋ္ဌ တာဝန်မှ နုတ်ထွက်ခွင့် တင်ထားသူဖြစ်ပြီး ၎င်းကို နုတ်ထွက်ခွင့်မပြုသေးသော်လည်း ပါတီတာဝန်များကိုမူ ရပ်ဆိုင်းထားကြောင်း ANP ပါတီက ဆိုသည်။

More in News Section