အောင်ဝင်းဇော်က အင်းစိန်အောင်စိုးနှင့် ရှေ့နေဦးရောဘတ်စန်းအောင်ကို တရားစွဲမည်ဟုပြော

ယမန်နေ့ ရုံးထုတ်တွင်တွေ့ရသော အောင်ဝင်းဇော် (ဓာတ်ပုံ − ကျော်ဇင်သန်း)

တရားလွှတ်တော်ရှေ့ နေ ဦးကိုနီလုပ်ကြံခံရမှုမှ စွပ်စွဲခံ ရသူ အောင်ဝင်းဇော်သည် တရား လွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင်နှင့် အင်းစိန်အောင်စိုး ကို နိုင်ငံသားများ၏ ပုဂ္ဂလိက ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှု ကို အကာအကွယ်ပေးရေးဥပဒေ ပုဒ်မ ၈(စ)ဖြင့် တရားစွဲဆိုမည် ဖြစ်ကြောင်း ယမန်နေ့က ရုံးထုတ်စဉ်ပြောကြားသည်။

ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံ ရမှုနှင့်ပတ်သက်၍ ဇန်နဝါရီ ၁၉ ရက်က ၃၉ကြိမ်မြောက် ရုံးချိန်း အဖြစ် ရုံးထုတ်လာစဉ် အောင် ဝင်းဇော်က အထက်ပါအတိုင်း မီဒီယာများအား ပထမဆုံးအကြိမ် အသိပေးပြောဆိုခဲ့သည်။

‘‘ဟိုတစ်နေ့က ထမင်းဝဝ စားထားဆိုတဲ့ကိစ္စ။ ကိုယ်တို့နှစ် ယောက်က ထမင်းဝဝစားထားဆို ပြီး ပြောတာမဟုတ်ပါဘူး။ နောက် ပြီး လက်ရှိအင်းစိန်အောင်စိုးရေး ထားတဲ့ အမှန်တရားဘက်တော် သားဆိုတဲ့ စာအုပ်မှာပါတဲ့ အောင်ဝင်းဇော်တို့နဲ့ သက်ဆိုင်တဲ့အချက် တွေဟာ မှန်ကန်မှုမရှိတဲ့အတွက် ကျွန်တော် တရားစွဲမှာပါ’’ဟု အောင်ဝင်းဇော်က ရုံးထုတ်လာ စဉ် သတင်းယူနေသော မီဒီယာ များအား ပြောသည်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ်သက် ၍ မြောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့သည့်အချိန်က စကာ ယခုအချိန်ထိ စွပ်စွဲခံရသူများဘက်က မီဒီယာအား ပထမဆုံး ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

‘‘မီဒီယာကို ကျွန်တော်တို့ လည်း လေးစားတယ်။ မီဒီယာကို ပေါက်တတ်ကရ ပြောတယ်ဆို တာ မဟုတ်ပါဘူး။ အဲဒီလိုမျိုး တော့ မပြောသင့်ပါဘူး။ မီဒီယာ နဲ့ တိုက်ပေးတယ်ဆိုတာ ပြည်သူ နဲ့ တိုက်ပေးတာပါ’’ဟု နေ့လယ် ထမင်းစားနားချိန် တရားရုံးအချုပ် ခန်းသို့ ခေါ်ဆောင်သည့်လမ်းတွင် အောင်ဝင်းဇော်က မီဒီယာများအား ထပ်မံပြောကြားသည်။ ရှေ့နေဦးအောင်ခိုင်က အထက်ပါကိစ္စရပ်များကို ၎င်းမသိရှိသေးကြောင်း ပြန်လည်ဖြေကြားသည်။

ပြီးခဲ့သည့် ၃၈ကြိမ်မြောက်ရုံးချိန်းအပြီးတွင် တရားခွင်အ တွင်း စာရွက်စာတမ်းအချို့ကို လက်မှတ်ထိုးသည့်ကိစ္စဖြင့် တရားလိုဘက်မှ ရှေ့နေအချို့နှင့် လုံခြုံရေးရဲအရာရှိ၊ ဇေယျာဖြိုး၏ ဇနီးတို့ ပြဿနာအနည်းငယ်ဖြစ် ပြီးနောက် အောင်ဝင်းဇော်က ‘‘ထမင်းဝအောင်စားထား’’ ဟုပြောကြားခဲ့ခြင်းဖြစ်ကြောင်း ဦးရောဘတ်စန်းအောင်က ပြော ကြားသည်။

‘‘စာမျက်နှာ  ၁၀ ရွက် လောက် လက်မှတ်ထိုးတဲ့ကိစ္စနဲ့ တရားသူကြီး ရုံးခန်းရောက်နေ တုန်း ဒီဘက်မှာလည်း ပွစိပွစိဖြစ် နေတယ်။ အဝင်မှာ တစ်ခါပြော တယ်။ အထွက်မှာလည်း တစ်ခါ ပြောတယ်။ သတင်းထောက်တွေ လည်း ကြားတယ်။ အဲဒီတော့ အဲ ဒီကြားတဲ့ ကိစ္စအပေါ်မှာ သူတို့က ဒီလိုတုံ့ပြန်ပြီးပြောတာ။ နောက် ပြီးတော့ မဆီမဆိုင် ကိုအောင်စိုး ပါပါသေးတယ်’’ဟု ၎င်းက ပြော ကြားသည်။

လုပ်ကြံမှုနှင့်ပတ်သက်၍ ၃၉ကြိမ်မြောက်  ရုံးချိန်းတွင် စီအိုင်ဒီမှ အမှုစစ်ရဲအရာရှိ ရဲမှူး တင်မောင်ဆွေကို စစ်ဆေးခဲ့ပြီး လာမည့်ရုံးချိန်း၌ ၎င်းကို ဆက် လက်စစ်ဆေးမည်ဖြစ်ကြောင်း တရားလိုဘက်မှ ရှေ့နေ ဦးနေလ က ပြောသည်။

တရားခွင်အတွင်း စစ်ဆေး စဉ် မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည့် ရဲချုပ်ဟောင်း ဦးဇော်ဝင်းနှင့် ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေတို့ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲမှ ပြောကြားချက်များကို သက်သေခံတင်သွင်းရာ စွပ်စွဲခံရသူများ ဘက်က ကန့်ကွက်သော်လည်း ရုံးတော်က သက်သေခံတင်သွင်း မှုကို လက်ခံခဲ့သည်။

‘‘သတင်းစာရှင်းလင်းပွဲ အ မှန်တကယ်လုပ်ကိုင်ခဲ့တယ်။ သတင်းစာရှင်းလင်းပွဲလုပ်တဲ့ ပုဂ္ဂိုလ်တွေအားလုံးကလည်း နိုင်ငံ တော်မှာ တာဝန်ရှိသူတွေဖြစ်ကြ တယ်။ လုပ်ခဲ့တဲ့အတွက်ကြောင့် သတင်းစာတွေမှာ ဖော်ပြတာ မှန် ကန်တယ်။ ဒါတွေအားလုံးက အ များနဲ့သက်ဆိုင်တဲ့ အထောက်အ ထားစာရွက်စာတမ်းတွေဖြစ်တဲ့ အတွက်ကြောင့် လက်ခံလို့ရတဲ့ အခြေအနေရှိပါတယ်။ ဒါဥပဒေ ပြဋ္ဌာန်းချက်နဲ့အညီ လက်ခံတာ ဖြစ်ပါတယ်’’ဟု ဦးနေလက ဆို သည်။

တရားလိုသက်သေခံတင် သွင်းမှုကို ရုံးတော်က လက်ခံ ခြင်းနှင့်ပတ်သက်၍ စွပ်စွဲခံရသူ ဘက်မှ ရှေ့နေဦးအောင်ခိုင်က ‘‘သတင်းစာမှာပါတိုင်း အမှန် တရားဆိုရင် သတင်းစာပဲတရား စွဲပြီး ထောင်ချလိုက်ပေါ့။ ရုံးကို သက်သေ ၈၀ လောက်ခေါ်ပြီး အပင်ပန်းခံစစ်နေသေးတယ်။ သတင်းကို သတင်းပဲလက်ခံတာ ပါ။ သတင်းပါ အချက်အလက် တွေ မှန်ခြင်း၊ မမှန်ခြင်းကို လက် ခံတာမဟုတ်ဘူး။ သတင်းစာရှင်း လင်းပွဲမှာပြောတဲ့စကားတွေက တရားရုံးရှေ့မှာ ကျမ်းကိုင်ပြီး ပြော တာမဟုတ်တဲ့အတွက် တရားမဝင်ဘူး’’ဟု ဆိုသည်။

လာမည့် ရုံးချိန်းကို ဇန်နဝါရီ ၂၅ ရက်သို့ ပြန်လည်ချိန်းဆိုပြီး အဆိုပါရုံးချိန်းကို နှစ်ရက်ဆက်တိုက်အမှုစစ်ဆေးမည်ဖြစ်သည်။