ပြည်ကြီးတံခွန်မြို့နယ်တွင် စည်ပင်နှင့် JICA ပူးပေါင်း၍ ရေမီတာများ အခမဲ့ တပ်ဆင်ပေးမည်

မန္တလေးမြို့ ပြည်ကြီး တံခွန်မြို့နယ်ရှိ ရပ်ကွက်ငါးခုတွင် မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီနှင့် ဂျပန်အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီ (JICA)တို့ ပူးပေါင်း၍ ရေမီတာအလုံး ၃,၀၀၀ ကျော် အခမဲ့တပ်ဆင်ပေးမည်ဟု စည် ပင်ကော်မတီဝင် ဒေါ်မြင့်မြင့်သန်း က ပြောကြားသည်။

မန္တလေး စည်ပင်သာယာ နယ်နိမိတ်အတွင်း မြို့နယ်ခြောက် မြို့နယ်ပါဝင်ပြီး ပြည်ကြီးတံခွန် နှင့် အမရပူရမြို့နယ်တို့တွင် စည်ပင်သာယာက ရေဖြန့်ဝေပေးနိုင် ခြင်းမရှိသေးပေ။ လက်ရှိတွင် မန္တလေးမြို့ ရေပေးဝေမှုအဆင့် မြှင့်တင်ရေးစီမံကိန်းကို မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် JICA တို့ ပူးပေါင်း ဆောင်ရွက်နေပြီး ယင်းစီမံကိန်း အရ ပြည်ကြီးတံခွန်မြို့နယ်၌ ၃၀ ရာခိုင်နှုန်းအထိ ရေဖြန့်ဝေပေး နိုင်ရေး ဆောင်ရွက်နေသည်။

ယင်းစီမံကိန်းအရ ပြည်ကြီး တံခွန်မြို့နယ် (ဂ)၊ (ဃ)၊ (င)ရပ်ကွက် သင်ပန်းကုန်းနှင့် ငွေတော်ကျီကုန်းရပ်ကွက်တို့ကို JICA က ရေမီတာများ အခမဲ့တပ်ဆင်ပေးမည် ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ပြီးခဲ့သည့် နှစ်ဒီဇင်ဘာနောက်ဆုံးပတ်တွင် ကြေညာထားသည်။

JICA အစီအစဉ်ဖြင့် ရေမီ တာအလုံးရေ ၈,၀၀၀ ချထားပေး မည်ဖြစ်ပြီး စီမံကိန်းစတင်ချိန်က စာရင်းကောက်ယူထားသည့် အ လုံးရေ ၅,၀၀၀ ခန့်ရှိပြီး ကျန်သည့် အလုံးရေ ၃,၀၀၀ လာရောက် လျှောက်ထားနိုင်ရန် ပြီးခဲ့သည့် ဒီဇင်ဘာက စတင်ကြေညာထား သော်လည်း လက်ရှိအချိန်အထိ လာရောက်လျှောက်ထားသူ မရှိ ကြောင်း ဒေါ်မြင့်မြင့်သန်းက ပြော သည်။  

‘‘အခုလောလောဆယ် လာ လျှောက်တာ မရှိသေးဘူး။ အိမ် ပိုင်ဆိုင်မှုအထောက်အထားမရှိ တောင် နေထိုင်တာမှန်တယ်ဆို ရင် လျှောက်လို့ရတယ်။ ဒါကို ဘာကြောင့် လျှောက်တဲ့သူမရှိ သေးလဲ မသိဘူး’’ဟု ၎င်းက ပြော သည်။ ရေမီတာတပ်ဆင်ရန် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများတွင် လျှောက်လွှာတစ် စောင်လျှင် ကျပ် ၁၀၀ ဖြင့် ဝယ်ယူ လျှောက်ထားနိုင်မည်ဖြစ်သည်။

JICA ၏ကူညီထောက်ပံ့မှု အစီအစဉ်ဖြင့် မန္တလေးမြို့တော် ရေပေးရေး အဆင့်မြှင့်တင်မှုစီမံ ကိန်းကို ကျပ်သန်း ၂,၀၀၀ ကျော် အကုန်အကျခံ ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၁၈ နှစ်လယ်တွင် စတင်ရေပေးဝေမည်ဟု မန်းစည်ပင် တာဝန်ရှိသူတစ်ဦးက ပြောသည်။

မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီသည် JICA ၏အကူအညီဖြင့် ပြည်ကြီး တံခွန်မြို့နယ်တွင် ၃၀ ရာခိုင်နှုန်း ရေဖြန့်ဖြူးပေးမည့်အစီအစဉ်နှင့် အာရှဖွံ့ဖြိုးမှုဘဏ်(ADB)နှင့် ပြင် သစ်နိုင်ငံ ဖွံ့ဖြိုးရေးတိုးတက်ရေး အဖွဲ့ (AFD)တို့၏ကူညီထောက်ပံ့ မှုဖြင့် အမရပူရမြို့နယ်ကို ရေဖြန့်ဖြူးပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေသည်။ ထို့အပြင် အထက်ပါနိုင်ငံတကာ အကူအညီများဖြင့် ၂၀၂၀ ပြည့်နှစ်၌ မန္တလေမြို့  လေးမြို့နယ် (အောင်မြေသာစံ၊ ချမ်း အေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်)တွင် ၉၀ ရာခိုင်နှုန်းဖြစ်သော လူဦးရေခုနစ်သိန်းကို ၂၄ နာရီမပြတ် ရေပိုက်လိုင်းစနစ်ဖြင့် သန့်ရှင်းသောရေဖြန့်ဖြူး ပေးနိုင်ရန် ရည်မှန်းဆောင်ရွက်နေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားသည်။

More in Regional Section