ပြည်ပအ၀ယ်ရှိသော်လည်း အုန်းသီးအထွက်နှုန်းလျော့၍ မတင်ပို့နိုင်သေးဟုဆို

ကြည့်မြင်တိုင်ဆိပ်ကမ်းသို့ သယ်ယူလာသော အုန်းသီးများကို ကမ်းပေါ်သို့ ပစ်ပေးနေစဉ် (ဓာတ်ပုံ −စိုင်းဇော်)

အိမ်နီးချင်းနိုင်ငံများက ၀ယ်ယူရန် ကမ်းလှမ်းသော်လည်း ပြည်တွင်းအုန်းသီး အထွက်နှုန်း နည်းပါးနေသေး၍ မတင်ပို့နိုင် သေးကြောင်း မြန်မာနိုင်ငံအုန်းသီး အစုအဖွဲ့အထွေထွေအတွင်းရေး မှူး ဒေါ်စန်းစန်းဟန်က ပြောကြားသည်။

အုန်းသီး စားသုံးမှုနှုန်းနှင့် ထွက်ရှိနှုန်းတူနေသဖြင့် ပြည်ပသို့ တင်ပို့နိုင်ရန် အဆင်မပြေသေးကြောင်း ၎င်းက ဆိုသည်။

‘‘ကျွန်မတို့ ကုမ္ပဏီကို ထိုင်း ဘက်က ပို့သလောက်ယူမယ်ဆို ပြီး လာရောက်ကမ်းလှမ်းတာမျိုး တွေရှိတယ်။ ဒါပေမဲ့ တင်ပို့လို့မရ သေးဘူး။ ဒီဘက်မှာပဲ လုံလောက် ရုံရှိတာ။ တင်ပို့လိုက်ရင် ဈေး ကွက်မှာ အုန်းသီးဈေးတက်တာ၊ ရှားမှာ ဖြစ်ကုန်လိမ့်မယ်’’ဟု ဒေါ် စန်းစန်းဟန်က ပြောကြားသည်။

၂၀၀၈ နာဂစ်မုန်တိုင်းအပြီး တွင် အုန်းပင်များ ပျက်စီးခဲ့ပြီး အုန်းသီး ထွက်ရှိမှုနှုန်း တစ်နှစ်လျှင် အလုံးရေ သိန်းနှစ်ထောင်ကျော်ကျဆင်းခဲ့ကြောင်း အုန်းသီးအစုအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က ပြောကြားသည်။

‘‘ပြည်ပကို အခုတင်ပို့နေ တာတွေမရှိဘူးတော့ မဟုတ်ဘူး။ နည်းနည်းတော့ရှိတယ်။ အလုံး ရေ သိန်း ၁၀ ဂဏန်းပဲရှိတော့ အများကြီးထိခိုက်မှုတော့မရှိဘူး။ ဒါပေမဲ့ အုန်းသီးစိုက်ဧကတွေ တိုး ချဲ့ဖို့လိုနေပြီ။ အုန်းသီးအစုအဖွဲ့ က အုန်းပင်တွေစိုက်ထားတာရှိ ပေမယ့် နောက်သုံးနှစ်လောက် တော့ စောင့်ရဦးမယ်’’ဟု ဦးမျိုး အောင်က ပြောကြားသည်။

၂၀၀၈ မတိုင်မီ ပြည်တွင်းအုန်းသီးထွက်ရှိမှုသည် တစ်နှစ်လျှင် အလုံးရေ သိန်းခြောက်ထောင်ကျော်ရှိသော်လည်း နာဂစ်မုန်တိုင်းအပြီးတွင် သိန်းလေးထောင်ကျော်သာရှိကြောင်း ၎င်းက ဆိုသည်။ မြန်မာနိုင်ငံတွင် အုန်းသီးစိုက်ပျိုးသူများသည် အုန်းသီးကို မြေတွင်ချကာ စိုက်ပျိုးပြီး မျိုး ကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုး မှု၊ အုန်းပင်ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းကြောင်း ဒေါ်စန်းစန်းဟန်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် အုန်းသီး စိုက်ဧက တစ်သိန်းသုံးသောင်း ကျော်ရှိပြီး အုန်းသီးဆွတ်ခူးနိုင် သည့် စိုက်ဧက တစ်သိန်းကျော်ရှိကြောင်း အုန်းသီးအစုအဖွဲ့စာ ရင်းများ၌ ဖော်ပြထားသည်။

စိုက်ပျိုးသည့် အုန်းသီးအမျိုး အစား၊ ပြုပြင်ထိန်းသိမ်းမှုပေါ်မူ တည်၍ အုန်းသီးစိုက် တစ်ဧကလျှင် အလုံးရေ တစ်ထောင်ကျော်မှ ငါးထောင်ကျော်အထိ ထွက်ရှိသည်။ အုန်းသီးထွက်ရှိမှု အများဆုံးသည် ဧရာဝတီတိုင်းဒေသကြီးဖြစ်ကာ အနည်းဆုံးသည် ရှမ်း ပြည်နယ်မြောက်ပိုင်းဖြစ်ကြောင်း အုန်းသီးအစုအဖွဲ့စာရင်းများတွင် ဖော်ပြထားသည်။