ဖိလစ်ပိုင်တွင် မေယွန်မီးတောင် ပြင်းထန်စွာ ပေါက်ကွဲမည့် အခြေအနေအပေါ် စိုးရိမ်မှုများ မြင့်တက်နေ

ဖိလစ်ပိုင် နိုင်ငံတွင် မေယွန် မီးတောင် ပြင်းထန်စွာ ပေါက်ကွဲထွက်မည့် အခြေအနေအတွက် စိုးရိမ်မှုများ ပိုမို မြင့်တက်လာကြောင်း သိရသည်။

သမိုင်းတလျှောက် ဖိလစ်ပိုင်၏ အလှုပ်ရှားဆုံး မီးတောင်တစ်ခုအဖြစ် ရှိခဲ့သည့် မေယွန်သည် လွန်ခဲ့သည့် သီတင်းနှစ်ပတ်အတွင်း စတင်ရုန်းကြွ လှုပ်ရှားလာခဲ့သည်။ ဇန်နဝါရီ ၂၂ ရက် ညပိုင်းနှင့် ၂၃ ရက် မနက်ပိုင်းတို့တွင် မီးတောင်က ချော်ရည်များ တောက်လျှောက် ပန်းထုတ်နေပြီး ပတ်ဝန်းကျင် တောင်စောင်းနေရာများထိ လွင့်စင်လျက် ရှိနေသည်။

မီးတောင်က မှုတ်ထုတ်သည့် ချော်ရည်များသည် အမြင့် မီတာ ၇၀၀ မျှထိ ရောက်ရှိခဲ့ကြောင်း သိရသည်။ မီးတောင်မှ မှုတ်ထုတ်သည့် ပြာပူများမှ ကောင်းကင်အမြင့် ၃ ကီလိုမီတာမျှထိ ပျံ့နှံ့နေပြီး ပတ်ဝန်းကျင်တွင် မီးခိုးလုံးများလည်း ဖုံးလွှမ်းနေသည်။

ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်တိုင်းတာရေး ဌာနက မေယွန်မီးတောင်၏ ပြင်းထန်စွာ ပေါက်ကွဲနိုင်ခြေ သတိပေးချက်ကို အဆင့် ၄ အဖြစ် သတ်မှတ်ကြောင်း ဇန်နဝါရီ ၂၂ ရက်က ထုတ်ပြန်ခဲ့သည်။ မီးတောင် သတိပေးမှုတွင် အဆင့် ၅ သည် အဆိုးဆုံး၊ အမြင့်ဆုံးဖြစ်ရာ လက်ရှိ အခြေအနေက ဒုတိယ အမြင့်ဆုံး သတိပေး ကြေညာချက်မျိုး ဖြစ်နေသည်။

မီးတောင်တည်ရှိရာ အယ်လ်ဘေးဒေသ အုပ်ချုပ်ရေး အဖွဲ့က မီးတောင် ပတ်ဝန်းကျင်တွင် နေထိုင်သူ သုံးသောင်းကျော်ကို ယာယီ ပြောင်းရွှေ့စေပြီး ကယ်ဆယ်ရေး စခန်းများတွင် ထားရှိကြောင်း ထုတ်ပြန်ခဲ့သည်။ မေယွန်သည် လာမည့် နာရီပိုင်းအတွင်း၊ သို့မဟုတ် ရက်ပိုင်းအတွင်း ပြင်းထန်စွာ ပေါက်ကွဲထွက်နိုင်ကြောင်း လေ့လာသူများက ယူဆနေသည်။

အယ်လ်ဘေး ဒေသသည် သဘာဝ ပတ်ဝန်းကျင် ရှုမျှော်ခင်း လှပပြီး ကမ္ဘာလှည့် ခရီးသည်များကို ဆွဲဆောင်နိုင်သည့် နေရာတစ်ခုအဖြစ် ထင်ရှားသော်လည်း လတ်တလောတွင်မူ သဘာဝ ဘေးအန္တရာယ် ဇုန်တစ်ခုအဖြစ် သတ်မှတ်ထားရသည်။

မေယွန်မီးတောင်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၅၀၀ မျှ သမိုင်းကြောင်းအတွင်း ပေါက်ကွဲမှု အကြိမ် ၅၀ ဝန်းကျင် ဖြစ်ပွားခဲ့ဖူးသည်။ ၂၀၁၃ ခုနှစ်ကလည်း မီးတောင် ပေါက်ကွဲမှုကြောင့် တောင်တက်သမား ၅ ဦး သေဆုံးဖူးသည်။ မေယွန်ကြောင့် ထိခိုက်သေကြေမှု အများဆုံးမှာ ၁၈၁၄ ခုနှစ်ကဖြစ်ပြီး ထိုစဉ်က မီးတောင်ပြာများသည် ကာဆာဝါမြို့ကို ဖုံးအုပ်သွားခဲ့သလို လူပေါင်း ၁၂၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရသည်။

Ref: Time