UNFC အဖွဲ့ဝင် မွန်ပြည်သစ်ပါတီနှင့် လားဟူအဖွဲ့ NCA လက်မှတ်ရေးထိုးမည်

ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန်တို့ ယမန်နေ့က တွေ့ဆုံပွဲတွင် လက်ဆွဲနှုတ်ဆက်နေစဉ် (ဓာတ်ပုံ−State Counsellor)

 ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ(UNFC) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ဖြစ်သော မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)  လက်မှတ်ရေးထိုးမည်ဖြစ်သည်။

ဇန်န၀ါရီ ၂၃ ရက်တွင် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် NMSP, LDU ခေါင်းဆောင်များ နေပြည်တော်၌ သီးခြားစီတွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် NCA တွင် လက်မှတ်ထိုးရန် သဘောတူညီ ခဲ့ခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည်က ယမန်နေ့တွင် NMSP နှင့် LDU ကိုယ်စားလှယ်အဖွဲ့တို့ ကို သီးခြားစီ လက်ခံတွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံမှုများအ ပြီးတွင် NMSP နှင့် LDU တို့က ပူးတွဲသတင်းထုတ်ပြန်ရာ အစိုး ရ၊ တပ်မတော်ခေါင်းဆောင်များ နှင့် NCA လက်မှတ်ထိုးရေးကိစ္စ အပါအ၀င် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း ဖော်ပြခဲ့ပြီး ၎င်းတို့ နှစ်ဖွဲ့အနေဖြင့် မကြာမီ NCA ၌ ပါဝင်လက်မှတ်ထိုးမည်ဟု ပါရှိ သည်။ ယင်းသတင်းထုတ်ပြန် ချက်ကို NMSP အထွေထွေအ တွင်းရေးမှူး နိုင်အောင်မင်းက ဖတ်ကြားခဲ့သည်။

NCA လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ပြီး ပြည်ထောင်စုအတွင်း ငြိမ်းချမ်းမှုရရှိရေး ငြိမ်းချမ်းမှုကို အခြေခံသည့် ဖွံ့ဖြိုးတိုးတက်မှုရရှိရန် ကူညီပေးသည့် မွန်နှင့်လားဟူတိုင်းရင်းသားတို့ကို များစွာကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ယခုကဲ့သို့ NCA လက်မှတ် ရေးထိုးရန် ဆုံးဖြတ်ခြင်းသည် နောင်လာနောက်သား အားလုံးအတွက်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။

‘‘ဒါကြောင့်မို့ ကျွန်မတို့နဲ့အ တူ ပြည်ထောင်စုသားအားလုံးက လည်း ၀မ်းမြောက်လိမ့်မယ်၊ ဂုဏ်ယူလိမ့်မယ်၊ ကျွန်မတို့ရဲ့ နိုင်ငံအတွက် ကူညီမစမှုကို ကျေးဇူးတင်လိမ့်မယ်လို့ ကျွန်မယုံကြည်ပါ တယ်’’ဟု ၎င်းကပြောသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကလည်း NMSP ကိုယ် စားလှယ်အဖွဲ့ကို သီးခြားလက်ခံ တွေ့ဆုံခဲ့သည်။

NCA တွင် ပါဝင်လက်မှတ် ရေးထိုးရန် ဆုံးဖြတ်ချက်ကို လှိုက် လှဲစွာကြိုဆိုကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NMSP ဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ်ပြော ကြားကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်သည်။

တပ်မတော်အနေဖြင့် ငြိမ်း ချမ်းရေးလမ်းကြောင်းပေါ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနှင့် လက်တွဲဆောင်ရွက်ရန် အသင့်ရှိပြီး တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များအနေဖြင့်လည်းသံသယမရှိဘဲ ယုံယုံကြည်ကြည် ဆောင်ရွက်စေလိုကြောင်း  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။

 အဆိုပါ တွေ့ဆုံပွဲတွင် NMSP ဥက္ကဋ္ဌက အစိုးရ၏ငြိမ်း ချမ်းရေးကော်မရှင်နှင့် UNFC ၏ ကိုယ်စားလှယ်အဖွဲ့( DPN)တို့အကြား NCA လက်မှတ်ရေးထိုးရေး ဆွေးနွေးညှိနှိုင်းမှု ရလဒ်များအ ပေါ် လက်ခံသင့်ကြောင်း ယူဆ၍ NCA တွင်ပါဝင်ရန် ဆုံးဖြတ်ခဲ့ ကြောင်း ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

NCA လက်မှတ်ရေးထိုးရာ တွင် အဆင်ပြေချောမွေ့စေရန် နှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတွက်လည်း အစိုးရနှင့် တပ်မတော်က အကူအ ညီများပေးစေလိုကြောင်း NMSP က တောင်းဆိုခဲ့သည်။

မွန်နှင့် လားဟူ အဖွဲ့တို့ NCA ထိုးမည့်ရက်ကို ထုတ်ဖော် ပြောကြားခြင်းမပြုသော်လည်း အမြန်ဆုံးလက်မှတ်ထိုးမည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက 7Day Daily သတင်း စာအား ပြောသည်။

NCA မထိုးမီ ငြိမ်းချမ်းရေး ကော်မရှင်နှင့် UNFC ၏ နိုင်ငံရေး ဆိုင်ရာဆွေးနွေးညှိနှိုင်းရေး ကိုယ် စားလှယ်အဖွဲ့(DPN) တို့အကြား ညှိနှိုင်းထားသည့် UNFC အဆို ပြုချက် ရှစ်ချက်ကို ကော်မရှင်နှင့် NMSP အကြား၊ ကော်မရှင်နှင့် LDU အကြား လက်မှတ်ထိုးမည် ဟု ၎င်းကပြောသည်။

‘‘ဒါပြီးရင် ကျွန်တော်တို့က NCA ဆက်ထိုးမယ်။ ဒါပြီးရင် မွန် အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲ ကျင်းပမယ့်ကိစ္စတွေ၊ အဲဒါ တွေလည်း ကျွန်တော်တို့ဆွေးနွေး ပါတယ်။ ပြောရရင်တော့ ဒီငြိမ်း ချမ်းရေး Process မှာပေါ့။ ၂၁ ပင်လုံမှာဒီနှစ်ဖွဲ့ထပ်တိုးပြီးတော့ ပါလာတဲ့သဘောပါ’’ ဟု ဦးဇော် ဌေးက ပြောသည်။

ထို့အပြင် UNFC အဖွဲ့ဝင် အဖွဲ့အစည်းများဖြစ်သော ကရင် နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အပါအ၀င် NCA လက်မှတ်ရေးထိုးရန် ကျန်နေသည့်အဖွဲ့အစည်းများ ပါဝင်လာရေး ကြိုးစားမည်ဟု ၎င်းကဆိုသည်။

‘‘မြောက်ပိုင်းမှာရှိတဲ့ အဖွဲ့ တွေနဲ့လည်း တွေ့ဆုံဆွေးနွေးမှု တွေ ဆက်လုပ်သွားမယ်’’ ဟု ဦးဇော်ဌေးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်တို့နှင့် တွေ့ဆုံသည့် NMSP ကိုယ်စားလှယ်အဖွဲ့တွင် NMSP ဒုဥက္ကဋ္ဌ နိုင်ဟံသာပါဝင်ခြင်းမရှိ ပေ။ နိုင်ဟံသာသည် UNFC ဥက္ကဋ္ဌဖြစ်သည်။

NMSP ကိုယ်စားလှယ် အဖွဲ့တွင် ဥက္ကဋ္ဌ နိုင်ထောမွန်၊ အထွေထွေအတွင်းရေးမှူး နိုင်အောင် မင်း၊ စစ်ဦးစီးချုပ် နိုင်လယီက ကောင်း၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြ သည့် နိုင်ဝင်းလှနှင့် နိုင်ဗညား လယ်၊ ဗဟိုကော်မတီအဖွဲ့ ၀င် နိုင်အောင်မငေးတို့ ပါဝင်သည်။ LDU ကိုယ်စားလှယ်အဖွဲ့တွင် လည်း ဥက္ကဋ္ဌ ကြာခွန်ဆာ၊ ဒုတိ ယဥက္ကဋ္ဌကြာဆော်လမွန်နှင့် အဖွဲ့ ၀င် ကြာရှဲဘိုတို့ပါဝင်သည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့တို့သည် ၂၀၁၅ အောက်တိုဘာတွင် NCA လက်မှတ်ရေးထိုးခဲ့ရာယခု NMSP နှင့် LDU တို့ပါဝင်လာပါ က ၁၀ ဖွဲ့ဖြစ်လာမည် ဖြစ်သည်။ ထို့ကြောင့် ဇန်န၀ါရီနောက်ဆုံးပတ်(သို့မဟုတ်)ဖေဖော်ဝါရီအတွင်း ကျင်းပရန် စီစဉ်ထားသည့် ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့  ၁၀ ဖွဲ့ပါဝင်မည် ဖြစ်သည်။ NCA လက်မှတ်ထိုး ရှစ်ဖွဲ့မှာ KNU, RCSS, PNLO, CNF, ALP, ABSDF, DKAB နှင့် KNLA-PC တို့ ဖြစ် သည်။

NCA တွင် ပါဝင်လာရေး ဆက်လက်ညှိနှိုင်းရန် ကျန်နေ သည့် အဖွဲ့အစည်းများမှာ UNFC အဖွဲ့ဝင် ကရင်နီအမျိုးသားတိုး တက်ရေးပါတီ(KNPP)၊ ရခိုင်အ မျိုးသားကောင်စီ (ANC) နှင့် မြောက်ပိုင်းလက်နက်ကိုင် ခုနစ် ဖွဲ့ဖြစ်သော ‘၀’အဖွဲ့(UWSA)၊ ကချင်အဖွဲ့(KIO)၊ မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းအဖွဲ့(SSPP)၊ တအာင်းအဖွဲ့(TNLA)၊ ကိုးကန့် အဖွဲ့(MNDAA) ၊ ရခိုင်အဖွဲ့(AA) တို့ ဖြစ်သည်။

More in News Section