တိမ်းရှောင်သူများ ပြန်လည်လက်ခံမည့်အစီအစဉ်ကို နိုင်ငံတကာဖိအားဖြစ်စေရန် ပြုလုပ်နေသူများရှိကြောင်း ၀န်ကြီး ဦးကျော်တင်ရှင်းလင်း

ပြင်ဆင်ချိန်လိုအပ်ချက်ကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်မှ ရွှေ့ဆိုင်းဟု ဆို

 ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင်သူများပြန် လည်လက်ခံမည့် အစီအစဉ်ကို ပိုမိုရှုပ်ထွေးခက်ခဲပြီး နိုင်ငံတကာ ဖိအားဖြစ်စေရန် ပြုလုပ်နေသူများရှိကြောင်း အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး   ၀န်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး   ဦးကျော်တင်က ပြောသည်။

ရခိုင်ပြည်နယ်ဆိုင်ရာအကြံ ပြုချက်များအပေါ် အကောင်အ ထည်ဖော်ဆောင်ရွက်ရေးကော်မ တီအစည်းအဝေးကို ဇန်န၀ါရီ ၂၂ ရက်က လူမှုဝန်ထမ်း၊  ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနရုံးတွင် ကျင်းပခဲ့ သည်။ ထို့နောက် ဇန်န၀ါရီ ၂၃ ရက်က ပြုလုပ်သည့် ဘင်္ဂါလီများစိစစ် လက်ခံခြင်းနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲတွင် ၀န်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

‘‘တချို့တွေက ဒီကမပြန် အောင် တိုက်တွန်းနေတဲ့ ပုဂ္ဂိုလ် တွေရှိတယ်ပေါ့။ တချို့က ဒီပြဿ နာကို ပြေလည်မှာကို စိုးရိမ်နေတဲ့ သူတွေရှိတယ်။ ကျွန်တော်တို့ အစိုးရက ဒီပြဿနာကို မျှမျှတတ နဲ့ ပြေလည်အောင်ကြိုးစားဆောင် ရွက်နေတာပေါ့။ တချို့ကတော့ ဒီပြဿနာကို ပြေလည်အောင်မ လုပ်ဘဲနဲ့ ပိုမိုပြီးတော့ ခက်ခဲရှုပ် ထွေးလာပြီးတော့ နိုင်ငံတကာ Tension ရောက်အောင် ကြိုးပမ်း ဆောင်ရွက်နေတဲ့သူမျိုးတွေရှိ တယ်ပေါ့’’ဟု ၎င်းက ပြောသည်။

ထွက်ပြေးသူများကို မူလ သတ်မှတ်ထားသည့် ဇန်န၀ါရီ ၂၃ ရက်တွင်စတင်လက်ခံရန် မြန်မာ နိုင်ငံဘက်က အဆင်သင့်ဖြစ် သော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်မှ လျှောက်လွှာပုံစံများကို ဖြည့်စွက် ရမည့် လုပ်ငန်းစဉ်လိုအပ်ချက် များကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ် သည်ဟု ဦးကျော်တင်က ပြော သည်။

UNHCR နှင့် ပူးပေါင်းဆောင် ရွက်ရန်သဘောတူညီချက်ကို ဇန် န၀ါရီ ၂၂ ရက်တွင် လက်မှတ်ထိုး လိုက်သောကြောင့် မကြာမီအချိန် ကစတင်၍ ပုံစံစတင်ဖြည့်စွက် သည့် လုပ်ငန်းများကိုဆောင်ရွက် နိုင်မည်ဖြစ်ပြီး ယင်းအတွက် ကြောင့် အချိန်ယူခဲ့ရခြင်း ဖြစ် သည်ဟု နှစ်နိုင်ငံဖွဲ့စည်းထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ Working Group ကော်မရှင်နာက မြန်မာအစိုးရထံအကြောင်းကြား ထားကြောင်း ၎င်းက ရှင်းပြသည်။

‘‘အစောဆုံးပြန်ခေါ်နိုင်မယ့် အုပ်စုတွေ၊ ကျွန်တော်တို့ဘက်က စစ်ပြီးသားတွေပေးလိုက်တာ တောင်မှ အဲဒါတွေဖြည့်စွက်ဖို့ အချိန်အနည်းငယ်လိုမယ်။ နောက်ပြီး ဖြည့်စွက်ပြီးရင် မိသားစုစာရင်းကို မြန်မာဘက်ကို ပေးပို့ရမယ်။ မြန်မာဘက်က ပြန်စစ်ပြီး ပြန်လာ ရင် အဲဒီလူတွေကို နယ်စပ်ဘက် ကို သယ်ပို့ရမယ်။ မပို့ခင်မှာ UNHCR က ဒီလူတွေတစ်ဦးချင်း စီကို ဆန္ဒအလျောက်ပြန်ချင်တာ လား၊ တိုက်တွန်းလို့ ပြန်ချင်တာ လားဆိုတာမေးရမယ်။ ဆန္ဒအလျောက်ပြန်ချင်တဲ့ သူကိုပဲ စိစစ်ပြီး ဒီဘက်သွားခွင့်ပေးမယ်။ တကယ်လက်တွေ့မြေပြင်မှာ အကောင်အထည်ဖော်မယ့် လုပ်ငန်းတွေက များပြားပါတယ်။ အဲဒီလိုလုပ်ငန်းတွေရှိတာကြောင့် သူတို့ဘက်မှာ ပြင်ဆင်ချိန်တော်တော်လေးလိုအပ်နေသေးတယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်ဘက်က ၀န်ခံပြောကြားခြင်း ဖြစ်ပါတယ်’’ဟု ဦးကျော်တင်က ပြောသည်။

ပြန်လည်လက်ခံရန် ဆောင်ရွက်ရမည့်အဆင့်တိုင်းကို သေ ချာစွာစည်းကမ်းနှင့်အညီ ညီညွတ် အောင် လုပ်ဆောင်ထားပြီး ဘင်္ဂ လားဒေ့ရှ်နိုင်ငံဘက်က ပြန်လည် လက်ခံရန်အစီအစဉ်ကို ညှိနှိုင်း လိုပါကလည်း ပြန်လည်ညှိနှိုင်း ပေးရန်အဆင်သင့်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာ ၀င်းမြတ်အေးက ပြောသည်။

‘‘ဒီကိစ္စက ညှိနှိုင်းပြီးဆော် ရွက်ရမယ့် ကိစ္စတစ်ခုဖြစ်တဲ့အ တွက်ကြောင့် ဘင်္ဂလားဒေ့ရှ်ဘက် က ဒီကိုပို့မယ့် အစီအစဉ်နဲ့ပတ် သက်ပြီးတော့ ညှိနှိုင်းလာလို့ရှိ ရင် ညှိနှိုင်းချက်အပေါ်မှာသဘော တူညီချက်ရယူပြီးတော့ ဆက် လက်ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်’’ဟု ဒေါက်တာ ၀င်းမြတ် အေးက ပြောသည်။

ထို့အပြင် ဒုက္ခသည်များပြန် လည်လက်ခံပါက ၎င်းတို့လုံခြုံ ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အပါအ၀င် နယ်ခြားစောင့်ရဲတပ် ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ နှင့် ပူးပေါင်း၍ လုံခြုံရေးအင်အား အပြည့်အစုံဖြင့် ပြန်လည်စိစစ်မည့် စခန်းနေရာ၊ နယ်မြေလုံခြုံရေး များကို စီမံချက်များဖြင့် စနစ် တကျဆောင်ရွက်ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က ပြော သည်။

‘‘ပြန်လည်ဝင်ရောက်လာ မယ့် ပုဂ္ဂိုလ်များသည် ကျွန်တော် တို့ မည်သည့်ဘာသာဝင်၊ လူမျိုး ဖြစ်ပါစေ ပြန်လည်လက်ခံရေး၊ စိစစ်ရေးအဖွဲ့က လက်ခံလာတဲ့ သူတွေရဲ့ လုံခြုံရေးကို စနစ်တကျ ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ စီမံ ချက်များလည်း ရေးဆွဲထားပြီး ဖြစ်ပါတယ်’’ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့် ခွာသူများပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များကို မြန်မာအစိုးရ က ကုန်းလမ်းမှ ၀င်ရောက်လာ မည့်သူများအတွက် တောင်ပြို လက်ဝဲယာယီလက်ခံရေးစခန်း ၌ လည်းကောင်း၊ ရေလမ်းမှ ၀င် ရောက်လာမည့်သူများအတွက် ငါးခူရယာယီစခန်းတွင် လည်း ကောင်း ပြန်လည်လက်ခံရန်စီစဉ်  ထားပြီး ကြားစခန်းအဖြစ် လှဖိုး ခေါင်းစခန်းကိုလည်း အသုံးပြု မည်ဟု ထုတ်ပြန်ကြေညာထား သည်။

‘‘သတ်မှတ်ချိန် ဇန်န၀ါရီ ၂၃ ဆိုတဲ့အတိုင်း သဘောတူညီချက် ကို မချိုးဖောက်အောင် ကိုယ့် ဘက်က ပြင်ဆင်ထားခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်တော့ တာဝန်ကျေပါတယ်။ သူတို့ဘက်က အခက်အခဲရှိတာကိုတော့ ကျွန်တော်တို့ဘက်က နားလည်ရမယ်။ သူတို့ဘက်က ဘယ်တော့ရယ်ဒီဖြစ်မလဲ၊ ဖြစ်တဲ့နေ့အကြောင်းကြားလာရင် လက်ခံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်’’ ဟု ဦးကျော်တင်က ပြောသည်။

မြန်မာအစိုးရက ယာယီ စခန်းတစ်ခု၌ တစ်ပတ်လျှင် ငါး ရက်လက်ခံမည်ဖြစ်ပြီး တစ်ရက် လျှင် လူဦးရေ ၃၀၀ နှုန်းစိစစ်လက်ခံဆောင်ရွက်မည် ဖြစ်သည်။ မောင်တောဒေသတွင် ဖြစ်ပွားခဲ့ သော အကြမ်းဖက်တိုက်ခိုက်မှု များနှင့် ပတ်သက်၍ လူဦးရေ ခြောက်သိန်းကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ တိမ်းရှောင်ခဲ့ကြောင်းကုလနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ဆိုသည်။