ရုပ်ရှင်အကြိုခံစားခြင်း

ငယ်ကျွန်

- ဒီနေ့ရဲ့ ရုပ်ရှင်အညွှန်း ကဏ္ဍမှာ မိသားစုဒရာမာ ဇာတ်ကားတစ်ကားကို ညွှန်းပေးလိုက်ပါတယ်။

ကျော်သာက ဝတီဦးတို့ မိဘတွေက မွေးစားထားတဲ့သူပါ။ ဝတီဦးတို့က ချမ်းသာသလို စကားပြောလည်း မောက်မာပါတယ်။ ဝတီဦးကသူ့ဆီကို ပစ္စည်းတစ်ခုခုလာပေးရင် ဒူးထောက်ပြီးပေးမှ သဘောကျပါတယ်။ အဲဒီ့အထဲမှာ ကျော်သာလည်း ပါဝင်ခဲ့ပါတယ်။ ဝတီဦးတို့မိဘတွေက မွေးစားထားပေမယ့် ကျော်သာက ဝတီဦးအတွက်တော့ ငယ်ကျွန်တစ်ယောက် ပါ။

ဝတီဦးရဲ့ မိဘတွေက ဝတီဦးကို အိမ်ထောင်ချပေးဖို့ စဉ်းစားတဲ့အချိန်မှာ အပြင်လူတွေနဲ့ သဘောမတူဘဲ သူတို့မွေးစားထားတဲ့ ကျော်သာနဲ့ပဲ သဘောတူခဲ့ပါ တယ်။

အဲဒီ့အချိန်မှာကျော်သာက ပါမောက္ခတစ်ဦး ဖြစ်နေပါပြီ။ ဒါပေမဲ့ အဲဒီ့ကိစ္စကို ဝတီဦးသိတဲ့ အချိန်မှာ ပွဲကြမ်းခဲ့ပါတယ်။ အဲဒီ့ကိစ္စကြောင့် ဝတီဦးရဲ့အဖေ နှလုံးရောဂါဖောက်ခဲ့ပြီး မကွယ်လွန်မီမှာ ဝတီဦးကို ကျော်သာနဲ့ လက်ထပ်ဖို့ ကတိတောင်းခဲ့ပါတယ်။ ဝတီဦးလည်း ဖခင်စိတ်ချမ်းသာ အောင် ကတိပေးခဲ့ရပါတယ်။

ကျော်သာနဲ့ ဝတီဦး အိမ်ထောင်ပြုခဲ့ပေမယ့် ကျော်သာဘက်က ဝတီဦးကို အရင်အတိုင်းပဲ ဆက်ဆံရပါတယ်။ ဘာပေးပေး ဒူးထောက်ပြီးမှပေးရတဲ့ အစဉ်အလာကို မဖျက်နိုင်ခဲ့ပါဘူး။ သူတို့နှစ်ယောက်က သားလေးတစ်ယောက်
ရရှိခဲ့ပါတယ်။ သားလေးရဲ့ နာမည်က မောင်မောင်ပါ။ မောင်မောင်ကလည်း ဒေါ်ဝတီဦးရဲ့ အုပ်ထိန်းမှုအောက်မှာပဲ စည်းတွေဘောင်တွေနဲ့ ကြီးပြင်းလာခဲ့ပါတယ်။

တစ်ရက်မှာတော့  ယိမ်းဆိုတဲ့ ကောင်မလေး တစ်ယောက်နဲ့ မောင်မောင် ဆုံတွေ့ခဲ့ရပါတယ်။ ယိမ်းကလူဆင်းရဲပေမယ့် အရမ်းမာနကြီးပါတယ်။  ဆုံခဲ့တာက ယိမ်းအလုပ်လုပ်တဲ့ဆိုင် မှာ မောင်မောင်ရဲ့ သူငယ်ချင်း က ပစ္စည်း
တစ်ခုဝယ်ရင်း အဲဒီ့ပစ္စည်း ကျကွဲသွားတာက စခဲ့ တာပါ။ အဲဒါကို မောင်မောင်က အကူအညီပေးခဲ့ပါတယ်။

 အဲဒီကိစ္စကြောင့် မောင်မောင်နဲ့ ယိမ်းတို့ရင်းနှီးမှုရခဲ့ပြီး ချစ်သူတွေဖြစ်ခဲ့ပါတယ်။ အ ဆင့်အတန်းချင်းကွာတဲ့ မောင်မောင့်ကို ယိမ်းက မချစ်သင့်မှန်းသိပေမယ့် သူ့ဘက်က အရမ်းချစ်ခဲ့တာကြောင့် အဖြေပြန်ပေးခဲ့တာပါ။ ဒါပေမဲ့
မောင်မောင်နဲ့ ယိမ်းကိစ္စကို ဒေါ်ဝတီဦးသိသွားတဲ့ အချိန်မှာ ပြဿနာတွေ စလာခဲ့ပါ တယ်။

ဒေါ်ဝတီဦးက သူ့သားကိုအကောင်းဆုံးတွေပဲ ဖြစ်စေချင်သလို သူ့သားနဲ့ တူတဲ့တန်တဲ့မိန်းကလေး ဒီလောကမှာ မရှိဘူးလို့ တွေးထားသူပါ။ အဲဒါကြောင့် မောင်မောင့်ကို ယိမ်းနဲ့ သဘောမတူနိုင်တဲ့အကြောင်း ပြောခဲ့ပါတယ်။
ယိမ်းကတော့ မောင်မောင့်ကို သူ့ကိုချစ်ရင် သူ့ဘဝထဲကိုဝင်ခဲ့ဖို့ ပြောပါတယ်။ အဲဒါကြောင့် သူတို့နှစ်ယောက်နှစ်ဦးသဘော တူ လက်ထပ်ဖို့ စီစဉ်ခဲ့ပါတယ်။

အဲဒီနေ့မှာပဲ ဒေါ်ဝတီဦးက မောင်မောင်တို့ နှစ်ယောက်ကို အချိုသတ်ပြီး ခေါ်ခဲ့ပါတယ်။ နောက်ပြီးတော့ မောင်မောင့်ကို သူတို့နှစ်ဦးအတွက် စီစဉ်ထားတဲ့ လက်စွပ်သွားယူဖို့ဆိုပြီး ဖယ်ထုတ်ခဲ့ပါတယ်။ မောင်မောင်ထွက်သွားတဲ့အချိန်မှာ   ဒေါ်ဝတီဦးက ယိမ်းကိုသူ့သားနဲ့ သဘောမတူနိုင်တဲ့အကြောင်းနဲ့ မောင်မောင့်အတွက် ယိမ်းရဲ့မျက်နှာကို အဆုံးရှုံးခံနိုင်မလား မေးခဲ့ပါတယ်။ချစ်သူကို အရမ်းချစ်တဲ့ ယိမ်း လည်း သူ့အချစ်ကို သက်သေပြဖို့အတွက် သူ့မျက်နှာကို ပုလင်းကွဲနဲ့ ခြစ်ပြီး သက်သေပြခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်ဝတီဦးဆီက သူရခဲ့တာကတော့ ရူးနေတယ်ဆိုတဲ့ စကားလုံးပါပဲ။

သားကိုအရမ်းချစ်တဲ့ အမေနဲ့ချစ်သူကိုအရမ်းချစ်တဲ့ ယိမ်းတို့ကြားမှာ မောင်မောင် ဘယ်လို စခန်းဆက်သွားမှာလဲ။ တစ်ခုခုဆို သေးသေးတင်မခံတတ်တဲ့ ယိမ်းကရော ဒေါ်ဝတီဦးကို ဘယ်လို လက်စားချေမလဲဆိုတာတွေကို တော့ ဇန်နဝါရီ ၂၆ ရက်က စတင်ပြီး ရန်ကုန်၊ မန္တလေးအပါအဝင် အမြို့မြို့အနယ်နယ်က ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမယ့် ငယ်ကျွန်ဇာတ်ကားမှာ ဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ ကျော်သာအဖြစ် လူမင်း၊ မောင်မောင်အဖြစ် အောင်ရဲလင်း၊ ဒေါ်ဝတီဦးအဖြစ် စိုးမြတ်သူဇာ၊ ယိမ်းအဖြစ်  ရွှေမှုံရတီတို့က ပါဝင်သရုပ်ဆောင် ထားပါတယ်။ မြိတ်တင်အောင်ရဲ့ ဝတ္ထုကို အင်းကြင်းဟန် ဇာတ်ညွှန်းရေးသားပြီး ဒါရိုက်တာဝင်းထွန်းထွန်းက ရိုက်ကူးပုံဖော်ထားပါတယ်။