ကီဗင်ဒီဘရိုင်နှင့် မန်စီးတီးအသင်း စာချုပ်သက်တမ်း တိုးမြှင့်ချုပ်ဆို

လန်ဒန်- ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေသော မန်စီးတီးအသင်း၏ ကွင်းလယ်လူကီဗင်ဒီဘရိုင် (၂၆) နှစ်သည် အသင်းနှင့် ငါးနှစ်သက်တမ်းရှိ စာချုပ်သစ်တွင် လက်မှတ်ရေးထိုးရန် သဘောတူညီခဲ့သည်။

ဘယ်လ်ဂျီယံလက်ရွေးစင် ဒီဘရိုင်သည် ၂၀၁၅ က ဝုလ်ဘတ်မှ မန်စီးတီးသို့ ပြောင်းရွှေ့စဉ်အသင်း၌ ခြောက်နှစ်နေရန် ကနဦးသဘောတူခဲ့သည်။ သို့သော် လိဂ်ဂိုး ၃၈ ဂိုး ဖန်တီးပေးခြင်းအပါအဝင် စွမ်းဆောင်ရည်ကောင်း ပြသနိုင်သဖြင့် မန်စီးတီးက ယင်းသို့ စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်ခြင်းဖြစ်သည်။

‘‘ဒီစာချုပ်သစ်မှာ လက်မှတ်ရေးထိုးနိုင်ခဲ့လို့ ကျွန်တော် တကယ့်ကို ပျော်ရွှင်မိပါတယ်။ အရင်တုန်းက ပြောခဲ့သလိုပါပဲ။ ကိုယ့်အိမ်ကိုယ့်ရာလို ခံစားရတဲ့ မန်စီးတီးမှာနေဖို့ဆိုတာ ကျွန်တော်ရဲ့ အမြဲတမ်းဆန္ဒပါ။ မန်စီးတီးရဲ့ အစိတ်အပိုင်းဖြစ်ရလို့ ဂုဏ်ယူမိပြီး လာမယ့်နှစ်တွေအတွင်း ဘာဆုဖလားရနိုင်မလဲဆိုတာနဲ့ပတ်သက်လို့ တကယ်ကို စိတ်လှုပ်ရှားနေမိပါတယ်’’ဟု ဒီဘရိုင်က ပြောသည်။

မန်စီးတီးအနေဖြင့် ယခုနှစ်ရာသီတွင် ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ၁၂ မှတ်ဖြတ်၍ ဦးဆောင်ရာ၌ ၎င်း၏ အခန်းကဏ္ဍက ကြီးမားခဲ့သည်။ ကီဗင်ဒီဘရိုင်သည် ယခုနှစ် ရာသီမန်စီးတီးအတွက် ပြိုင်ပွဲစုံ ရှစ်ဂိုးသွင်းယူထားပြီး ၁၃ ဂိုး ဖန်တီးပေးထားသလို ချန်ပီယံလိဂ်တွင် ၁၆ သင်းအဆင့်၊ လိဂ်ဖလားတွင် အကြိုဗိုလ်လုပွဲနှင့် အက်ဖ်အေဖလားတွင် စတုတ္ထအဆင့်သို့ရောက်အောင် ပို့ဆောင်ရာ၌ အဓိကကစားသမားတစ်ဦးဖြစ်သည်။                 —Ref:Reuters