ဦးတင်ဧ (သို့မဟုတ်) ပင်လုံဗိသုကာတစ်ဦး ဦးရွှေအုံး (ညောင်ရွှေ)

‘ရန်ကုန်တက္ကသိုလ်တွင် ကိုတင်ဧ နာမည်ကို ကြားဖူးနေသော်လည်း လူချင်းအနေဖြင့် ဂျိုးဖြူခရီးစဉ်တွင်မှ ဆုံတွေ့ခဲ့ရသည်။ ပျော်ပွဲစားခရီးအပြန် ရှမ်းကျောင်းသားများနှင့် တိုက်ကြီးမှ လူငယ်တစ်အုပ် စကားများကြပြီး ခိုက်ရန်ဖြစ်ပွားတော့မည့် အခြေအ နေတွင် ကိုတင်ဧက ၀င်ရောက်ဖျန်ဖြေပေးမှုကြောင့် အဆင်ပြေသွားခဲ့ပြီး ချောမောစွာ ပြန်ခဲ့လေသည်။ ကိုတင်ဧ၏ စေ့စပ်ဖြေရှင်းသည့် အရည်အသွေးကို မျက်ဝါးထင်ထင်မြင်ခဲ့ရပါသည်။


၁၉၄၆ ခုနှစ် ရွှေတိဂုံအလယ်ပစ္စယံ အစည်း အဝေးတွင် ဖဆပလအဖွဲ့နှင့် တွေ့ဆုံပြီး တောင်တန်းဒေသအကျိုးအတွက် လာရောက်ညှိနှိုင်းကြသည်။ တရားဝင်တက်ရောက်ခြင်းမဟုတ်ဘဲ တိတ်တဆိတ် ခိုးလာရသော အခြေအနေဖြစ်သည်။ ဖဆပလနှင့် တွေ့ဆုံဆွေးနွေးရာတွင် ဦးဘဆွေ (ဆိုရှယ်လစ်)နှင့် ပြဿနာတက်တော့သည်။

‘ခင်ဗျားတို့ ဒီအတိုင်းမနေနဲ့၊ ပြည်နယ်တွေဟာ ကုန်းတွင်းပိတ် Land Lock ဖြစ်နေလို့ ပြည်မနဲ့ လာမ ပေါင်းရင် မရဘူး’ဟူသော စကားကြောင့် ကိုတင်ဧ သည် ဒေါပွစိတ်တိုပြီး ပြန်သွားလေသည်။ နောက် မကြာမီ ကိုဖေခင်(ဗမာ-မွတ်ဆလင်ကွန်ဂရက်)အားဖဆပလအမှုဆောင်ရာထူးတိုးပေးပြီး ညှိနှိုင်းရန် တာ ၀န်ပေးစေလွှတ်လိုက်သည်။ ကိုဖေခင်ကို ရာထူးတိုး စေလွှတ်ခြင်းကို ဦးကျော်ငြိမ်းက ကန့်ကွက်ခဲ့ပါသေး သည်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က ပါတီနဲ့ တာဝန်ဝတ္တရားရှိမှသာ လေးစားမည်ဟုဆိုကာ ဦးကျော် ငြိမ်းကန့်ကွက်ချက်ကို ပယ်ချခဲ့သည်။

၁၉၄၇ ခုနှစ် ပင်လုံညီလာခံတွင် ကိုတင်ဧသည် ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ (ရပလ) ခေါင်းဆောင် ဖြစ်နေသည်။ ပင်လုံညီလာခံတွင် ခွဲထွက်ခွင့်နှင့် ပတ် သက်၍ ဗိုလ်ချုပ်က ယူဂိုဆလားဗီးယားနှင့် ရုရှားနိုင်ငံ တွင် ခွဲထွက်ခွင့်ပေးထားသောကြောင့် တောင်တန်း သားများ တောင်းဆိုသော ခွဲထွက်ပိုင်ခွင့်ကို လက်ခံ သောကြောင့် အဆင်ပြေခဲ့သည်။ ခွဲထွက်ခွင့်ကို ဦး ကျော်ငြိမ်း၊ ဦးဘဆွေတို့က ကန့်ကွက်နေသေးသည်။ နောက်ဆုံးခွဲထွက်ပိုင်ခွင့်ကို ဆယ်နှစ်အကြာမှဟူ သော မူကြမ်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ပါရှိသွားလေသည်။

ဗိုလ်ချုပ်က တောင်တန်းသားတွေကို ၁၀ နှစ်အ တွင်း မစည်းရုံးနိုင်လျှင် သောက်သုံးမကျတဲ့လူတွေ ဖြစ်မှာဟု ဖဆပလကို ရည်ညွှန်းပြောဆိုခဲ့သည်။ မှတ်တမ်းမတင်သော ဆွေးနွေးချက်ဖြစ်ပေမယ့် Gentle-man Agreement နှုတ်ကတိအဖြစ် သမိုင်းဝင်သွားလေသည်’ဟု မွန်အမျိုးသားခေါင်းဆောင် နိုင်ငွေသိမ်း၏ အမှာစကားဖြင့် ထွက်ရှိလာသော ရှမ်းအမျိုးသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးတင်ဧ (ရှမ်းပြည်)၏အတ္ထုပ္ပတ္တိစာအုပ်တွင် ပြည်ထောင်စုအရေး၊ ဖက် ဒရယ်မူအရေးနှင့် ရှမ်းတိုင်းရင်းသားများ၏ အခက် အခဲများ၊ အိပ်မက်များနှင့် ဘ၀ရပ်တည်ချက်များ ထင်ဟပ်နေသည်။ ယခုစာအုပ်ပြုစုသူ ဦးရွှေအုံး (ညောင်ရွှေ)သည် ကိုလိုနီခေတ်ရှမ်းပြည်အခြေအနေ၊ ဦးတင်ဧ၏ တက္ကသိုလ်ကျောင်းသားဘ၀၊ နိုင်ငံရေးသမားဘ၀၊ ပြည်ထောင်စုတည်ဆောက်ရေးတွင် ဦးဆောင်ပါဝင်ခဲ့သူ (ဒု-ပင်လုံညီလာခံကာလ)၊ ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်း၊ အခြေခံဥပဒေရေးဆွဲခြင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်သားဘ၀၊ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ၁၄ နှစ်ခရီးနှင့် ကိုတင်ဧ၏ကဏ္ဍ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်နှင့် စာပေလုပ်ငန်းဆောင်ရွက်ချက်များ အစရှိသော ကဏ္ဍများခွဲကာ ရေးထားသည်။ စာအုပ်နှင့်ပတ်သက်၍ အငြိမ်းစား သမိုင်းကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာစိုင်းအောင်ထွန်းက ‘ဦးရွှေအုံး ရေးသားထားသော ဦးတင်ဧ၏ အတ္ထုပ္ပတ္တိမှတ်တမ်းသည် ရှမ်းပြည်နိုင်ငံရေးလောကတွင် အလွန်ရှိအပ်သော နိုင်ငံရေးမှတ်တမ်းစာအုပ်တစ်အုပ်အဖြစ် မှတ်ယူသင့်ပါသည်။ ဤအတ္ထုပ္ပတ္တိမှတ်တမ်းကို ရှမ်းပြည်နယ်သူနယ်သားများ၊ နိုင်ငံရေးတွင် စိတ်ဝင်စားသူများအတွက် အလွန်တန်ဖိုးရှိသော လက်စွဲစာအုပ်တစ်အုပ်အဖြစ် ထားရှိရန် လိုအပ်ပါသည်’ဟု ရေးထားသည်။ စာအုပ်တွင် ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် နိုင်ငံ့ခေါင်းဆောင် အချို့၏ ရှားပါးဓာတ်ပုံများပါဝင်ပြီး အပြင်အဆင်သေသပ်စွာ ထုတ်ဝေထားကာ နန်းဒေ၀ီစာပေက တန်ဖိုး ၇,၀၀၀ ကျပ်ဖြင့် ဖြန့်ချိသည်။