ငါးနှစ်အောက် ကလေးငယ်တွေအတွက် အသင့်တော်ဆုံး စမတ်ဖုန်း App များ

ကလေးတွေကို စမတ်ဖုန်းတွေ ပေးကိုင် သင့်၊မသင့်ဆိုတာက ခေတ်သစ် လူ့အဖွဲ့အစည်းက မိဘတွေကြားမှာတွေဝေစရာ၊ အငြင်းပွားစရာကိစ္စတစ်ခုပါ။သုတေသီတွေက ငယ်ရွယ်သေးတဲ့ ကလေးတွေဟာ စမတ်ဖုန်းတွေအပေါ် အလွန်အကျွံစွဲလမ်း အာရုံကျမိရင် လိုအပ်တဲ့ ပတ်ဝန်းကျင် လေ့လာသင်ယူမှုတွေမှာ နှောင့်နှေးသွားနိုင်တယ်လို့ သတိပေးထားပါတယ်။ ဒါပေမဲ့ မိဘတွေက ကလေးတွေရဲ့ စမတ်ဖုန်းအသုံးပြုမှုကို စနစ်တကျထိန်းကွပ်ပေးပြီး ကလေးတွေနဲ့ သင့်တော်တဲ့ App လေးတွေ ရွေးချယ်ထည့်သွင်းပေးထားမယ်ဆိုရင်တော့ သင်ယူမှုမှာ ပိုမိုထိရောက်တဲ့ ကောင်းကျိုးမျိုး ဖြစ်စေနိုင်မယ်လို့ ဆိုပါတယ်။

အခုဆောင်းပါးမှာတော့ အခမဲ့ရရှိနိုင်ပြီး အသက် (၃) နှစ်နဲ့ (၅)နှစ်ကြားအရွယ် ကလေးတွေရဲ့ သင်ယူနိုင်စွမ်းကို နှိုးဆွထောက်ပံ့ပေးနိုင်မယ့် အရည်အသွေးမြင့် ပညာရေး App တချို့ကို စုစည်းဖော်ပြလိုက်ပါတယ်။


Elmo Loves 123s

Android ရော iOS အတွက်ပါ ထုတ်လုပ်ထားပြီး ကလေးတွေကို ကိန်းဂဏန်းတွေနဲ့ပတ်သက်လို့ အခြေခံကျေညက်အောင် သင်ကြားပေးနိုင် မယ့် App ဖြစ်ပါတယ်။ Elmo ဆိုတဲ့ လက်ထိုးရုပ်ကလေးက အရောင်အသွေး စုံလင်တဲ့ ကားချပ်လေးတွေကို အသုံးချပြီး ကလေးငယ်တွေရဲ့ ကိန်းဂဏန်းမှတ်သားနိုင်စွမ်းကို ပျိုးထောင်အားဖြည့်ပေးမှာဖြစ်ပါတယ်။ကာတွန်းရုပ်ပုံလေးတွေကြောင့်လည်း ကလေးတွေရဲ့စိတ်ကို ပိုပြီး ဆွဲဆောင်နိုင်ပါတယ်။ အခမဲ့ Download လုပ်ယူနိုင်ပြီး ပိုကောင်းတဲ့ Feature တွေကိုလည်း စိတ်ကြိုက်ဖြည့်တင်း ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။


Endless Alphabet

အင်္ဂလိပ် စာလုံးလေးတွေကို စတင်မှတ်သားနိုင်တဲ့ (၃)နှစ်ဝန်းကျင် အရွယ်လောက်ကစပြီး အသုံးပြုနိုင်ပါတယ်။ ချစ်စရာ ကာတွန်းရုပ်လေးတွေနဲ့ သက်ဆိုင်ရာ စာလုံးတွေကို တွဲဖက်ပေးထားပြီး ကလေးတွေရဲ့ ဉာဏ်ရည်နဲ့ကိုက်ညီမယ့် ပဟေဠိကစား နည်းလေးတွေလည်း ထည့်သွင်းပေး ထားပါတယ်။ စာလုံးတစ်လုံးစီကို နေရာရွှေ့ပြီး မှန်ကန်တဲ့ စာလုံးပေါင်း အစုအဖွဲ့မျိုးဖန်တီးရတာမျိုး ကစားနည်းတွေ ထည့်ပေးထားပါတယ်။ အင်္ဂလိပ်စာ အခြေခံကို စသင်ပေးဖို့ အသင့်တော်ဆုံး App တစ်ခုပါပဲ။ Android ရော iOS အတွက်ပါအခမဲ့ ရယူနိုင်ပြီး ပိုကောင်းတဲ့Feature တွေကို ကိုးဒေါ်လာလောက်နဲ့ ဝယ်လို့ရပါတယ်။


PBS Kids

ခေတ်ကာလ ကလေးငယ်တွေက ကိုယ်တိုင်စူးစမ်း လုပ်ကိုင်လိုစိတ် ပိုများလာပါတယ်။ ဖုန်းထဲက ဗီဒီယိုတွေဆိုရင်လည်း မိဘတွေပြတာ ထက် သူတို့ဘာသာ မွှေနှောက်ပြီး ကြည့်ချင်ကြတယ်။ ဒီအတွက် YouTube လို App တွေမှာ ကလေးတွေအတွက် အဆင်ပြေမယ့် ကန့်သတ်Feature တွေ ထည့်ပေးထားပေမယ့် ကလေးသီးသန့် အဆင်ပြေတဲ့ Appမျိုးတော့ မဟုတ်ပါဘူး။ PBS Kids က ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ Netflix လို အွန်လိုင်း Streaming ဗီဒီယိုဝန်ဆောင်မှုတွေထဲက ကလေးတွေနဲ့ သင့်တော်တဲ့ ဗီဒီယိုတွေကို သီးခြားစုပေးထားပြီး အသုံးပြု ရတာလည်း အရမ်းရိုးရှင်း လွယ်ကူပါတယ်။ ဒီ App ကိုလည်း အခမဲ့ ရရှိနိုင်ပြီး Android ရော၊ iOS အတွက်ပါ အဆင်ပြေပါတယ်။


The Wheels on the Bus by TabTale

The Wheels on the Bus ဟာ နိုင်ငံတကာကို တွင်တွင်ကျယ်ကျယ် ပျံ့နှံ့နေတဲ့ ကလေးသီချင်းတစ်ပုဒ်ပါ။ ဒီသီချင်းနာမည်ကို အ စွဲပြုပြီး သင်ယူမှုအထောက်အပံ့ Appတစ်ခုအဖြစ် TabTale က ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဉာဏ်စမ်း ပုစ္ဆာလေးတွေ၊ ကွယ်ဝှက်ထားတဲ့ ပစ္စည်းကို လိုက်ရှာစေတဲ့ ဂိမ်းလေးတွေကို ပေါင်းစပ်ထားပြီး သင်္ချာဉာဏ် လှုံ့ဆော်ပေးမယ့် အခြေခံပုစ္ဆာလေးတွေပါ ထည့်သွင်းထားပါတယ်။ ဒီ App မှာလည်း အခမဲ့ Download လုပ်နိုင်တဲ့အပိုင်းနဲ့ ငွေကြေးနဲ့ ဖြည့်တင်း ဝယ်ယူနိုင်တဲ့ Feature တွေ ပါဝင်နေပါတယ်။ ဒါပေမဲ့ အခမဲ့ရယူနိုင်တဲ့ အဆင့်မှာတောင် အတော်လေးစုံလင်ကောင်းမွန်နေပါပြီ။


Think & Learn Code-a-pillar

ခူကောင် ကာတွန်းရုပ်လေးက ဝင်္ကပါဆန်ဆန် ပတ်ဝန်းကျင်မှာ ထွက် ပေါက်ရှာ သွားလာရတဲ့ဂိမ်းလေးကို အခြေခံရေးဆွဲထားပါတယ်။ ခူကောင်လေးက ကလေးတွေဆီက အကူအညီကို တောင်းခံပြီး ထွက် ပေါက်ကို လိုက်ရှာနေမှာ ဖြစ်ပါတယ်။ ငယ်ရွယ်တဲ့ ကလေးတွေရဲ့ စဉ်းစားချိန်ဆနိုင်စွမ်းနဲ့ ကိုက်ညီအောင် ဒီဂိမ်းကို ရေးဆွဲပေးထားပြီး ကလေးတွေရဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းကို တစ်ဖက်တစ်လမ်းက အ ထောက်အပံ့ ဖြစ်စေပါလိမ့်မယ်။ အခမဲ့ရယူနိုင်သလို တချို့သော Featureတွေကိုတော့ ပိုက်ဆံနဲ့ ဝယ်ယူရမှာပါ။ Android အတွက်ရော iOS အ တွက်ပါ ဒီ App ကို ထုတ်လုပ်ထားပါတယ်။


Bee-Bot

iOS အတွက်ပဲ ထုတ်ထားတဲ့ အခမဲ့ App လေးကတော့ ကလေးငယ် တွေရဲ့ အရပ်မျက်နှာ အခြေခံနားလည်မှုကို သင်ကြားပို့ချပေးသွားမှာ ဖြစ်ပါတယ်။ ပြီးတော့ Programming အခြေခံ ထိတွေ့မှုလေးတွေလည်း ရရှိစေနိုင်တယ်။ Bee-Bot မှာ အဆင့် ၁၂ ခုပါရှိပြီး ပျားကောင်လေးကို မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် လမ်းကြောင်းရှာဖွေပြီး အရပ်မျက်နှာ ရွေးချယ် ပို့ဆောင်ပေးရမှာပါ။ လေးနှစ်ဝန်းကျင် ကလေးငယ်တွေအ တွက် သင့်တော်အောင် ရေးဆွဲထားတဲ့ App တစ်ခုဖြစ်ပါတယ်။


Shapes Toddler Preschool

Android ရော iOS အတွက်ပါ ထုတ်ပေးထားတဲ့ အခမဲ့ App တစ်ခုဖြစ်ပါတယ်။ ဂျီဩမေတြီ အခြေခံပုံသဏ္ဌာန်တွေ၊ အရောင်အဆင်းတွေနဲ့ နံပါတ်တွေအကြောင်း ကလေးကြိုက် အခင်းအကျင်းလေးတွေနဲ့ သင်ကြားပေးမှာ ဖြစ်ပါတယ်။ ကလေးငယ်တွေ ထိန်းသိမ်းကိုင်တွယ်ရတာ လွယ်ကူအောင် စီမံပေးထားပြီး ကဏ္ဍသုံးဆယ်လောက်ထိ ခွဲခြားသတ် မှတ်ပေးထားပါတယ်။ App ကလည်း ကလေးတွေ ခပ်လွယ်လွယ် အသုံးပြုနိုင်အောင် သေချာစီမံ ရေးဆွဲထားတာ ဖြစ်ပါတယ်။ ဂိမ်းတွေ၊ဉာဏ်စမ်းတွေ၊ ပဟေဠိတွေပါဝင်ပြီး သင်ယူမှုကို ပိုမို ထိရောက်လွယ်ကူအောင် နည်းလမ်းအမျိုးမျိုးနဲ့ စီမံပေးထားတာ ဖြစ်ပါတယ်။

—Ref: Geeks with Junior, Digital Trends