မြောက်ဦးအုပ်ချုပ်ရေးမှူးဟောင်း အသတ်ခံရမှု မသင်္ကာသူလေးဦးကိုဖမ်းဆီး

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် အသတ်ခံရသည့်အမှုနှင့်ပတ်သက်၍ မသင်္ကာသူလေးဦးကို ရန်ကုန်မြို့ တွင် ဖမ်းဆီးလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောသည်။

အမှုအတွက် သံသယရှိသော မြောက်ဦးမြို့နယ် တိမ်ညိုရွာသစ်ကျေးရွာမှ အမျိုးသားတစ်ဦးကို ရန်ကုန်မြို့ ရှစ်မိုင်လမ်းဆုံအနီးတွင် ဇန်နဝါရီ ၃၁ ရက်နေ့လယ် ၁၂ နာရီခွဲက ဖမ်းဆီးခဲ့သည်။ ထို့နောက် ကွင်း ဆက်အနေဖြင့် ပူးပေါင်းအဖွဲ့က သံသယရှိသူအချို့ကို သန်လျင်မြို့ နယ်ရှိ ကျေးရွာတစ်ရွာသို့ ယမန်နေ့ ညနေတွင် ဝင်ရောက်ရှာဖွေရာ ပုန်းခိုနေသူအမျိုးသားတစ်ဦးနှင့် အမျိုးသမီး နှစ်ဦးကို ထပ်မံဖမ်းဆီးမိကြောင်း သတင်းရရှိသည်။

ထို့နောက် ဖမ်းဆီးထားသူလေးဦးကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးသို့ ခေါ်ယူစစ်ဆေးနေဆဲဖြစ်သည်။

မြောက်ဦးအဓိကရုဏ်းဖြစ်ပွားပြီး ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် ပြောင်းရွှေ့ခန့်ထားသော ဦးဘိုဘိုမင်းသိုက်သည် ပုဏ္ဏားကျွန်းမြို့နယ် သရက်ချိုနှင့် ယိုးငူကျေးရွာကြားရန်ကုန်-စစ်တွေကားလမ်းတွင် လမ်းဘေးထိုးကျနေသည့် ကားအတွင်း ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ရဲတပ်ဖွဲ့က ဇန်နဝါရီ ၃၀ ရက်၌ တွေ့ရှိခဲ့သည်။ ၎င်း၏ရုပ်အလောင်းကို ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ သယ်ဆောင်ပြီး ကားကို ကရိန်းယာဉ်ဖြင့် သယ်ယူကာ အခင်းဖြစ်နေရာအနီး လမ်းဘေးတွင် ထားခဲ့စဉ် ကားသည်ယင်းနေ့ည ၈ နာရီကျော်တွင် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ဦးဘိုဘိုမင်းသိုက်ကို သတ် ဖြတ်ခဲ့သူများအား ပုဏ္ဏားကျွန်းမြို့ မရဲစခန်းကလူသတ်မှု၊ သေစေရန် ရည်ရွယ်၍ အကျိုးဖျက်ဆီးမှု၊ အား ပေးကူညီမှုပုဒ်မ ၃၀၂၊ ၄၄၀၊ ၁၁၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဇန်နဝါရီ ၃၁ ရက်တွင် သတင်းထုတ် ပြန်ထားသည်။

‘‘စုံစမ်းစစ်ဆေးမှုတွေ လုပ်နေဆဲဖြစ်ပါတယ်’’ ဟု ပုဏ္ဏားကျွန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာ ဝန်ကျရဲအရာရှိတစ်ဦးက ပြော သည်။

ဦးဘိုဘိုမင်းသိုက်သေဆုံးမှု နှင့် ပတ်သက်၍ သတင်းအမှား များထွက်ပေါ်နေသည့်အပေါ် မိသားစုဝင်များက စိတ်မကောင်း ဖြစ်နေပြီး  လူမှုကွန်ရက်တွင် သတင်းအမှားများ မဖော်ပြရန် မေတ္တာရပ်ခံကြောင်း ရခိုင်ပြည် နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောကြားသည်။

ဦးဘိုဘိုမင်းသိုက်သည် ဇန်န ဝါရီ ၁၂ ရက်က အဓိကရုဏ်းဖြစ်ပွားပြီးနောက် မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးအဖြစ်မှ ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရသူဖြစ်သည်။

Top News