ဇန်န၀ါရီအတွင်း အခါလွန်မိုးကြောင့် ဆောင်းကြက်သွန်နီ ဧကခြောက်ရာကျော် ပျက်စီး

တူးဖော်ထားသော ကြက်သွန်နီများကို သန့်စင်ဖယ်ထုတ်စဉ် (ဓာတ်ပုံ −မျိုးမင်းဦး)

ယခုနှစ် ဇန်န၀ါရီတွင် မြန်မာနိုင်ငံအနှံ့ မိုးရွာသွန်းမှု ကြောင့် ကြက်သွန်နီစိုက်ခင်းဧက ၂,၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ကြောင်းစိုက်ပျိုးရေးဦးစီးဌာနစာရင်းများအရ သိရသည်။

ရေနစ်မြုပ်ခဲ့သည့် ကြက် သွန်နီစိုက်ဧက ၂,၅၀၀ ကျော်အ နက် ဧက ၆၀၀ ကျော်ပျက်စီးပြီး အများစုသည် ချောင်းအစပ်၊ မြစ် အစပ်ရှိ စိုက်ခင်းများဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွားမောင်က ဆိုသည်။

 ‘‘မြေနိမ့်တဲ့နေရာ ချောင်း စပ်၊ မြစ်စပ်မှာ အစိုဓာတ်ယူပြီး စိုက်တဲ့ ကြက်သွန်စိုက်ခင်းတွေ ပျက်စီးကုန်တာပါ။ စိုက်တာ ရက် မကြာသေးလို့ ရေနစ်တာနဲ့ ပျက် စီးတာပါ။ တစ်လ၊ နှစ်လသက် တမ်းရှိတဲ့ ကြက်သွန်နီတွေဆိုရင် တော်ရုံရေ၀ပ်တာလောက်ဆို ခံ နိုင်ရည်ရှိတယ်’’ဟု ဦးထွားမောင် က ပြောသည်။

စိုက်ပျိုးရေးဦးစီးဌာနတွင် ဖော်ပြထားသည့် ရေမြုပ်ပျက်စီးသည့် စိုက်ဧကစာရင်းသည် ဇန်န၀ါရီ ၆ ရက်အထိဖြစ်ပြီး ဒေသအသီးသီးက ထပ်မံတင်ပြသည့် ရေမြုပ်ပျက်စီးသည့် ဧကများမရှိတော့ကြောင်း ၎င်းက ဆိုသည်။

‘‘အခုဈေးကွက်ထဲကို ကြက် သွန်နီကားအစီး ၂၀ လောက်ဝင် တယ်။ ဈေးကလည်း တဖြည်း ဖြည်းကျနေတယ်။ ထပ်ကျနိုင် သေးတယ်လို့တော့ ခန့်မှန်းထား တယ်’’ဟု မြန်မာနိုင်ငံ ကြက်သွန် နီ၊ ကြက်သွန်ဖြူနှင့် စားဖိုချောင် သီးနှံစိုက်ပျိုးထုတ်လုပ်ရောင်းချ သူများအသင်း ဥက္ကဋ္ဌ ဦးခင်ဟန် က ပြောသည်။

 ဆောင်းကြက်သွန်နီများ ပျက်စီးသော်လည်း ဆောင်းကြက်သွန်နီထွက်ချိန်တွင် ကြက်သွန်နီဈေးနှုန်းထပ်တက်နိုင်မှုရှိ၊ မရှိကို ကြိုတင်ပြောဆို၍ မရသေးကြောင်း ၎င်းက ဆိုသည်။

ဆောင်းကြက်သွန်နီပျိုးပင် စတင်စိုက်ပျိုးသည့်အချိန်တွင် မိုး ရွာသွန်းမှုကြောင့် ပျိုးပင်များပျက် စီးပြီး ထပ်မံစိုက်ပျိုးရန် အချိန် မမီတော့သည့်အပြင် မျိုးစေ့လည်း မရှိတော့ကြောင်း ကြက်သွန်စိုက် တောင်သူများက ဆိုသည်။

မြန်မာနိုင်ငံ၌ ဆောင်းကြက်သွန်နီကို ဇန်န၀ါရီတွင် စတင်စိုက်ပျိုးပြီး မတ်လကုန်နှင့် ဧပြီလဆန်းပိုင်းတွင် ကြက်သွန် ထွက်မည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆောင်းကြက်သွန်နီစိုက်ဧက တစ်သိန်းလေးသောင်းကျော်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန စာရင်းများ၌ ဖော်ပြထားသည်။

လက်ရှိတွင် ကြက်သွန်နီ လက်လီဈေး တစ်ပိဿာ ကျပ် ၂,၀၀၀ မှ ၃,၅၀၀ အထိ ရှိပြီး ဘုရင့်နောင်ကုန်စည်ဒိုင်၌ လက်ကားဈေးနှုန်းအဖြစ် တစ်ပိဿာ ကျပ် ၁,၁၅၀ မှ ၁,၆၅၀ အထိ ရောင်းဝယ်နေကြောင်း သိရသည်။