တနင်္သာရီတိုင်းအတွင်း စီမံကိန်းများ လွှတ်တော်တင်ပြရန် အငြင်းပွားမှုဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးအဆုံးအဖြတ်ခံယူမည်

စီမံကိန်းများနှင့်ပတ် သက်၍ လွှတ်တော်သို့တင်ပြရန် လို၊ မလို တိုင်းအစိုးရနှင့် လွှတ် တော်အကြား အငြင်းပွားနေမှုကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပ ဒေဆိုင်ရာ ခုံရုံးသို့ ယခုလအတွင်း တင်သွင်း၍ အဆုံးအဖြတ်ခံယူရန် စီစဉ်နေကြောင်း တနင်္သာရီတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက 7Day Dailyသတင်းစာအား ယမန်နေ့က ပြောကြားသည်။ 


ဇန်နဝါရီ ၂၂ ရက်က ထား ဝယ်မြို့၌ ပြုလုပ်သည့် ရသုံးမှန်း ခြေငွေစာရင်းဆိုင်ရာ စာစောင် မိတ်ဆက်ပွဲအခမ်းအနားတွင် ဘတ်ဂျက်စီမံကိန်းများကိုသာ လွှတ်တော်သို့တင်ပြရန် လိုအပ်ပြီးပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို တင်ပြရန်မလိုဘဲရင်းနှီး မြှုပ်နှံမှုကော်မရှင် (MIC)၏ လုပ်ထုံးလုပ်နည်းအတိုင်းသာ ဆောင်ရွက်ရန်လိုကြောင်း တိုင်းအစိုးရအဖွဲ့ စီမံဘဏ္ဍာဝန်ကြီးက ပြောကြားခဲ့သည်။

ယင်းသို့ တိုင်းအစိုးရအဖွဲ့ ဝန်ကြီး၏ပြောကြားမှုအပေါ် ၎င်း က တိုင်းအတွင်း ဆောင်ရွက်မည့် စီမံကိန်းမှန်သမျှ အခြေခံဥပဒေ ပုဒ်မ ၂၅၁ အရ လွှတ်တော်သို့ တင်ပြ၍ လုပ်ဆောင်ရမည်ဟု ပြန် လည် တုံ့ပြန်ပြောဆိုခဲ့ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင် အေးက ရှင်းပြသည်။ 

‘‘အစိုးရ နားလည်တာက ဘတ်ဂျက်နဲ့ ပတ်သက်တဲ့စီမံကိန်း တွေပဲ တင်ဖို့လိုတယ်ဆိုပြီး နား လည်ထားတယ်လေ။ အစိုးရနဲ့၊ လွှတ်တော်နဲ့ အခြေခံဥပဒေပါ စာသားနဲ့ပတ်သက်ပြီး ငြင်းခုံမှုဖြစ် ပွားတဲ့သဘောဖြစ်လာတော့ ခုံရုံးကိုပို့ပြီးတော့ ဒီကိစ္စ ဘယ်လိုဆုံးဖြတ်ရမလဲမေးရတော့မယ်။အခြေ ခံဥပဒေရဲ့ စကားရပ်ဖွင့်ဆိုချက် အပေါ်မှာ ဖြစ်တဲ့ကိစ္စဖြစ်လို့ခုံရုံးဆုံးဖြတ်ချက်ယူတာ အကောင်း ဆုံးပဲ’’ဟု ၎င်းကပြောသည်။

လက်ရှိတွင် ဖွဲ့စည်းပုံအခြေ ခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်သွင်း နိုင်ရေး တိုင်းလွှတ်တော်ကိုယ် စားလှယ်များနှင့် တိုင်ပင်ဆွေးနွေး ပြီး ဆုံးဖြတ်ဆောင်ရွက်မည်ဖြစ် ကြောင်း​ ၎င်းက ပြောသည်။ 

ကျွန်းစုမြို့နယ် တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်က ‘‘ဒီအ တိုင်း အငြင်းပွားနေမယ့်အစား ခုံရုံးတင်လိုက်တော့ အဖြေတစ်ခု တိတိကျကျသိသွားပြီးတော့ ရှေ့ ဆက်ပြီးတော့ လုပ်ရကိုင်ရတာ အဆင်ပြေနိုင်မယ်။ လွှတ်တော် ဥက္ကဋ္ဌရဲ့ ဆောင်ရွက်ချက်ကို လက်မခံနိုင်စရာအကြောင်းမရှိ ဘူး။ ကျွန်တော်တို့ကြိုဆိုပါတယ်’’ ဟု ပြောသည်။ 

တိုင်းအစိုးရက ဒုတိယအ ကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်သက်တမ်း ၂ နှစ်ခန့် ရှိလာသည်အထိ လွှတ်တော်သို့ အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီမံကိန်းများ တင်ပြခြင်းမရှိသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၅၁ နှင့်အညီ လွှတ်တော်သို့ တင်ပြအတည်ပြု ချက်ရယူရန် ၂၀၁၇ စက်တင်ဘာ အတွင်း ပြုလုပ်သည့် တိုင်းလွှတ် တော် ဆဋ္ဌမပုံမှန်အစည်းအဝေး နောက်ဆုံးနေ့တွင် လွှတ်တော်ဥက္ကဋ္ဌက သတိပေးပြောကြားခဲ့ဖူး သည်။ 

ထို့အပြင် ဇန်နဝါရီ ၃၁ ရက် က ပြုလုပ်သည့် သတ္တမပုံမှန်အ စည်းအဝေးနောက်ဆုံးနေ့တွင် အစိုးရအား စီမံကိန်းများကို ဖွဲ့ စည်းပုံအခြေခံဥပဒေ ၂၅၁ နှင့် အညီ တင်ပြရန် ဒုတိယအကြိမ် ထပ်မံ သတိပေးပြောဆိုခဲ့ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင် အေးက ပြောသည်။ 

အဆိုပါကိစ္စနှင့်ပတ်သက်၍  တိုင်းအစိုးရ စီမံဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းထံ ဖေဖော်ဝါရီ ၄ ရက်က ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ပြန်လည်ဆက် သွယ်မှုမရှိခဲ့ပေ။

More in Politics Section