အိမ်ပေါ်တက်ဓားခုတ်ခံရသည့် အမျိုးသမီးသုံးဦးအနက် တစ်ဦးသေဆုံး

ဓားခုတ်မှု ကျူးလွန်သူကို ကြိုးတုပ်ကာ ဖမ်းဆီးထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ − Han Ko FB)

သားအမိသုံးဦးကို အမျိုးသားတစ်ဦးက နေအိမ်ပေါ် တက်၍ ဓားဖြင့်ခုတ်သဖြင့် အမျိုး သမီးတစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။ 

 လေးမျက်နှာမြို့နယ် ဗောဓိကျေးရွာနေ အသက် (၄၈)နှစ်အရွယ် ဒေါ်ခင်မာကြူနှင့်  သမီးနှစ်ဦးနေအိမ်တွင်ရှိနေစဉ် ဖေဖော်ဝါရီ ၄ ရက် နံနက် ၁၁ နာရီခွဲခန့် က အမျိုးသားတစ်ဦး နေအိမ်အတွင်းဝင်ရောက်ကာ ဓားဖြင့်ခုတ်ခဲ့သည်။ 

‘‘ဘာကြောင့်ရယ်လို့တော့ သေချာမသိဘူး။ ခုတ်တဲ့သူက သေသွားတဲ့ သူရဲ့ သားနာမည်ကို မေးပြီး ဝင်လာတော့ ရေနွေးတွေ ဘာတွေတောင် ချတိုက်နေသေး တယ်။      သေသွားတဲ့ သူရဲ့ ယောက်ျားကလည်း  နွားစာသွား ကျုံးနေတုန်းဖြစ်တာ။   အိမ်က ကြမ်းခင်းဆိုတော့ ခုတ်တဲ့သူက အပေါက်ကျွံသွားတော့ ဝိုင်းဖမ်း လိုက်တာ။ အိမ်နောက်က ကောင်လေးတစ်ယောက်တောင် လက် မှာ ဒဏ်ရာရသွားသေးတယ်’’ ဟု ဗောဓိကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။  

နေအိမ်ပေါ်တက်ကာ အမျိုး သမီးသုံးဦးကို ဓားဖြင့်ခုတ်သည့် ခင်မောင်ဝင်း(ခ)ကရင်လေး၏ လက်အတွင်းမှ ဓားကို ဒေါ်ခင်မာ ကြူ၏ခင်ပွန်းနှင့် ၎င်း၏ယောက်ဖ တော်စပ်သူတို့က ဝင်လုကာ ဖမ်းဆီးနိုင်ခဲ့ပြီး ယောက်ဖတော်စပ်သူ ၏လက်တွင် ဓားဒဏ်ရာရရှိခဲ့ ကြောင်း ၎င်းက ဆက်လက်ပြော သည်။ 

ဒေါ်ခင်မာကြူနှင့် ၎င်း၏ သမီး(၂၂)နှစ်အရွယ် မအေးမူခိုင်နှင့် (၁၈)နှစ်အရွယ် မအေးမို့မို့ခိုင်တို့နှစ်ဦးတွင် ဓားဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် လေးမျက်နှာပြည်သူ့ဆေးရုံသို့  တင်ပို့ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက  သတင်းထုတ်ပြန်သည်။ 

ထို့နောက် ဒဏ်ရာရရှိသူ အ မျိုးသမီးသုံးဦးကို ဟင်္သာတဆေး ရုံသို့ လွှဲပြောင်းတင်ပို့ပြီး  ဖေဖော်ဝါရီ ၄ ရက် ညနေ ၆ နာရီတွင် ဒေါ်ခင်မာကြူ သေဆုံးခဲ့ကြောင်း အဆိုပါအုပ်ချုပ်ရေးမှူးက ပြောသည်။ 

‘‘၁၀ တန်းကောင်မလေးက ဟင်္သာတကနေ ရန်ကုန်ဆေးရုံ ကြီးကို ထပ်တင်လိုက်ရတယ်။ သူက ခေါင်းထိပ်ကို အခုတ်ခံလိုက်ရတာကိုး။ အကုန်လုံးက ရုတ်တရက်ဆိုတော့ ဘာမှမသိရသေးဘူးဖြစ်နေတာ။ ဘာကြောင့် အခုလိုလုပ်လဲဆိုတာကို  အဖြေရှာမရဘူးဖြစ်နေတယ်’’ဟု ၎င်းက ဆိုသည်။ 

ဓားဖြင့်ခုတ်သူ အသက် (၃၇)နှစ်အရွယ် ခင်မောင်ဝင်း(ခ) ကရင်လေးကို လေးမျက်နှာမြို့မ ရဲစခန်းက လူသတ်မှုပုဒ်မ ၃၀၂၊ ဘေးဖြစ်စေသော လက်နက်ဖြင့် အပြင်းအထန်နာကျင်စေမှုပုဒ်မ ၃၂၆၊ အလိုအလျောက်နာကျင် စေမှုပုဒ်မ ၃၂၄ တို့ဖြင့် အမှုဖွင့် ကာ ဖမ်းဆီးစစ်ဆေးနေသည်။