ဒေါ်အောင်ဆန်းစုကြည်လမ်းညွှန်ချက်အရ ပြည်သူများ၏ တိုင်ကြားချက်စိစစ်ဆောင်ရွက်မည်ဟု ကယားအစိုးရထုတ်ပြန်

 ဒေါ်အောင်ဆန်းစုကြည် ၏ လမ်းညွှန်မှာကြားချက်အရ ကယားပြည်နယ်အစိုးရအနေဖြင့် ပြည်သူများ၏ တိုင်ကြားမှုများကို သေချာစွာစိစစ်၍ မှန်ကန်ပါက တရားဥပဒေနှင့်အညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြည်နယ်အစိုးရက ဇန်န၀ါရီ ၃၁ ရက်ဖြင့် သတင်းထုတ်ပြန်သည်။

‘‘တိုင်ကြားစာနဲ့ပတ်သက်ပြီး တော့ တိုင်တဲ့သူတွေမှန်ဖို့လိုတာ ပေါ့နော်။ တိုင်ကြားစာကို စိစစ်လို့မှန်ကန်ရင်တော့ အကုန်လုံးကို အရေးယူပေးမယ်။ တိုင်ကြားစာ က မှန်ကန်တယ်၊ အချက်အလက်တွေလည်း မှန်တယ်ဆိုရင် တိုင် ကြားသူဘယ်သူဆိုတာတွေ သ တင်းပေါက်ကြားမှုမဖြစ်အောင် စနစ်တကျလုပ်ပြီး ကာကွယ်ပေး မယ်။ အဲဒီလိုလည်း လုပ်ထား တယ်’’ဟု ကယားပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်စိုးက ရှင်းပြသည်။

လွိုင်ကော်မြို့၌ ဒီဇင်ဘာ ၂၉ ရက် နံနက်က ကျင်းပသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ကယားပြည်နယ်ရှိ ဒေသခံတိုင်းရင်းသား လူငယ်များ၏ ငြိမ်းချမ်းရေးစကား ၀ိုင်းတွင် ပါဝင်သည့်ဒေသခံ ကိုမာ ရီးယိုက ဒေသခံများ၏ တောင် ယာ၊ လယ်ယာမြေအချို့ တပ်ပိုင် မြေအဖြစ် သတ်မှတ်ခံထားရမှုနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ် အနေဖြင့် ပြည်သူများ၏ တိုင်ကြားစာများကို ထိရောက်စွာအရေးယူ ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံ တောင်းဆိုခဲ့သည်။

ထို့နောက် နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ၀န်ကြီးချုပ်သည် ပြည် သူများ၏ တိုင်ကြားစာများကို သေချာစွာ ဖတ်ရမည်ဖြစ်ပြီး ကိုယ်တိုင်မဖတ်နိုင်လျှင် ဖြောင့်မတ် သည့်သူများပါဝင်သည့် တိုင်စာ ဖတ်မည့် အဖွဲ့ဖွဲ့စည်းထားရန် မှာကြားသည်။

ထို့ကြောင့် ပြည်နယ်အစိုးရ ထံ ပြည်သူများမှ တိုင်ကြားစာပေးပို့လာပါက အစိုးရအဖွဲ့ တိုင်ကြားစာလက်ခံဌာနတွင် မှတ်တမ်းတင်ရေးသွင်း၍ တိုင်စာလက်ခံရရှိကြောင်း တိုင်ကြားသူထံဦးစွာ ပြန်ကြားစာ    ပေးပို့ဆောင်ရွက်မည်ဟု ထုတ်ပြန်ချက်တွင်   ဖော်ပြထား သည်။

တိုင်ကြားမှုကို သေချာစွာ စုံစမ်းစိစစ်ပြီး မှန်ကန်ပါက တရားဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး တင်ပြတိုင်ကြားမှု များ မှန်ကန်မှုမရှိပါက မှန်ကန်မှု မရှိကြောင်း ပြန်ကြားဆောင်ရွက် မည်ဟု ဖော်ပြထားသည်။