ပဲစင်းငုံတစ်တင်းဈေး ယခင်နှစ်ကာလတူပေါက်ဈေးထက် ကျပ်နှစ်သောင်းခန့် ဈေးကျ

ပဲစင်းငုံတစ်တင်းဈေး သည် ယခင်နှစ်ကာလတူပေါက် ဈေးနှင့် နှိုင်းယှဉ်ပါက ကျပ်နှစ်သောင်းခန့် ကျဆင်းကြောင်း ပခုက္ကူ ကုန်သည်ပွဲစားများအသင်း အတွင်းရေးမှူး ဦးစိန်လွင်က ပြောကြားသည်။

ပြီးခဲ့သည့်နှစ် ဇန်နဝါရီက ပဲစင်းငုံတစ်တင်းလျှင် ကျပ်သုံးသောင်းခန့်ရှိပြီး ယခုနှစ်တွင် ကျပ်တစ်သောင်းသာ ပေါက်ဈေးရှိသည်။ယခုနှစ်တွင် ပဲစင်းငုံအထွက် နှုန်းလျော့ကျသည့်အပြင် ဈေး နှုန်း ကျဆင်းနေသဖြင့် တောင်သူများ စိုက်စရိတ် ကာမိရုံသာရှိပြီး အ ကျိုးအမြတ်မရှိကြောင်း​ ၎င်းက ဆိုသည်။

‘‘ပဲစင်းငုံအသီးရင့်တဲ့အချိန် ဇန်နဝါရီ ပထမပတ်ထဲမှာ မိုးရွာ သွားတော့ ပျက်တဲ့ စိုက်ခင်းက ပျက်တယ်။ ထွက်လာတဲ့ သီးနှံ တွေကလည်း အရည်အသွေးမကောင်းဘူး ဖြစ်သွားတယ်။ တောင်သူတွေမှာ ထိခိုက်နစ်နာမှု တွေရှိသလို ကုန်သည်တွေလည်း အရည်အသွေးကောင်းတဲ့ ပဲတွေ မရဘူးဖြစ်သွားတယ်’’ဟု ဦးစိန်လွင်က ဆိုသည်။

မိုးရွာသွန်းမှုကြောင့် မကွေး တိုင်းဒေသတွင် စိုက်ပျိုးသည့် ပဲစင်းငုံဧက ၅၀ ရာခိုင်နှုန်းခန့် အထွက်နှုန်းလျော့နည်းသည့်အပြင် တောင်သူများ အကျိုးအမြတ်ရရှိမှုနည်းသဖြင့် လာမည့်နှစ်၌ ပဲစင်းငုံစိုက်ဧက လျော့ကျနိုင်ကြောင်း မကွေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းက ခန့်မှန်းထားသည်။

လွန်ခဲ့သည့် ခြောက်လက ပဲ စင်းငုံတစ်တင်းလျှင် ကျပ်တစ်သောင်းရှစ်ထောင်ခန့် ပေါက်ဈေးရှိပြီး ယခုအခါ အရည်အသွေးပေါ် မူတည်၍ ကျပ် ၁၀,၀၀၀ နှင့် ကျပ် ၁၂,၀၀၀ ကြားသာ ပေါက်ဈေးရှိတော့ကြောင်း ပဲကုန်သည်များက ဆိုသည်။

ပဲစင်းငုံစိုက် တောင်သူများ ဆုံးရှုံးမှုကာမိရန် အစိုးရ သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် တောင်သူများထံမှ ပဲတိုက်ရိုက် ဝယ်ယူရန်နှင့် လိုအပ်ပါက ကုန်သည်များက ပူးပေါင်းဆောင်ရွက် နိုင်ကြောင်း ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီသို့ ဖေဖော်ဝါရီ ၁ ရက်က တင်ပြထား ကြောင်း မကွေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးထွန်းစိုင်းက ပြောသည်။

မြန်မာနိုင်ငံက ထွက်သည့် ပဲစင်းငုံပမာဏ၏ ၉၂ ရာခိုင်နှုန်း ကို အိန္ဒိယက ဝယ်ယူပြီး ပြည်တွင်း စားသုံးမှု အနည်းငယ်သာရှိသည်။

ပဲစင်းငုံကို စစ်ကိုင်း၊ မန္တလေးတိုင်းတို့တွင် စိုက်ပျိုးပြီး မကွေးတိုင်း၌ စိုက်ပျိုးမှုအများဆုံးဖြစ် သည်။ ပဲစင်းငုံစိုက်ဧက ငါးသိန်းခွဲ ခန့်ရှိကာ နှစ်စဉ် ပဲတန်ချိန် သုံးသိန်းခွဲခန့်ထွက်ရှိကြောင်း ဦးစိန်လွင် က ပြောသည်။