ရန်ကုန်လိုင်စင်ပါမစ်ကို COE စနစ်ဖြင့် သတ်မှတ်ပါက ကားဈေးတက်နိုင်ဟုဆို

ရန်ကုန်မြို့တွင် သွားလာနေသော မော်တော်ယာဉ်များကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

ရန်ကုန်လိုင်စင်ပါမစ် ကို အခွန်နှုန်းထားတစ်ခုသတ် မှတ်ပြီး ခံစားပိုင်ခွင့် လက်မှတ် (COE စနစ်)ဖြင့် တင်သွင်းခွင့်ပြု ပါက ကားဈေး မြင့်တက်လာနိုင် ကြောင်း မြန်မာနိုင်ငံတရားဝင်အ သိအမှတ်ပြုမော်တော်ယာဉ်ရောင်းချသူများအသင်း (AADA) ဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောကြားသည်။

‘‘COE စနစ်နဲ့ လေလံခေါ်ရင် ဈေးပိုပေးတဲ့သူပေးနိုင်မယ်။ ဈေး ပိုပေးထားတဲ့သူကလည်း ကား ပြန်ရောင်းရင် ဈေးပြန်တင်ရောင်း မယ်။ တော်ရုံသာမန်လူဝင်မပြိုင် နိုင်ဘူး။ ကားဈေးလည်း ပိုကြီးလာမယ်’’ဟု ၎င်းက ပြောသည်။

COE စနစ်သည် ရန်ကုန်လိုင် စင် ကားနံပါတ်ကို အစိုးရထံမှ လေလံဆွဲဝယ်ယူရမည့်စနစ်ဖြစ် သည်။ လက်ရှိတွင် ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သော ကား များနှင့် ယာဉ်အိုယာဉ်ဟောင်း အပ်နှံပြီး စလစ်ကပ်အစားတိုး တင်သွင်းသောကားများကိုသာ ရန်ကုန်လိုင်စင်ခွင့်ပြုပေးနေသည်။

COE စနစ်ဖြင့် လေလံအောင်သူများက ရန်ကုန်လိုင်စင်စလစ် ကို ဈေးကွက်အတွင်း တစ်ဆင့် ပြန်လည်ရောင်းချမှုများရှိလာနိုင် သဖြင့် စလစ်ဈေးတက်ပြီး ကား ဈေးတက်လာနိုင်ကြောင်း ဦးအောင်ဝင်းက ပြောသည်။ လက်ရှိ စလစ်ပေါက်ဈေးသည် ကျပ်သိန်း ၁၂၀ ခန့်ရှိသည်။

ယခုနှစ် ဧပြီ ၁ ရက်ကစတင် ၍ Certificate of Entitlement (ခံစားပိုင်ခွင့် လက်မှတ်) စနစ် ဖြင့် ရန်ကုန်လိုင်စင်ပါမစ်ကို အခွန်နှုန်းထားတစ်ခုသတ်မှတ်ပြီး တင် သွင်းခွင့်ပြုမည်ဟု ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်း သိန်းက အခမ်းအနားတစ်ခုတွင် ပြောကြားကြောင်း မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် တင်သွင်းဖြန့်ဖြူးရောင်းချရေးအ သင်း (MMDA) ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောသည်။

COE စနစ်ကျင့်သုံးရာတွင် ကားအမျိုးအစားအလိုက် ကဏ္ဍခွဲ ပြီး သတ်မှတ်ပေးရန် အကြံပြု ထားကြောင်း ဒေါက်တာ စိုးထွန်းက ပြောသည်။

COE စနစ်ကို ကမ္ဘာပေါ်တွင် စင်ကာပူတစ်နိုင်ငံသာ အသုံးပြု ပြီး ၎င်း၏ နိုင်ငံအကျယ်အ၀န်းအ ရ ကားအရေအတွက် များပြားမှုကို ထိန်းချုပ်ရာ၌ အဆင်ပြေသော်လည်း ရန်ကုန်မြို့အနေအထားအရ အဆင်မပြေနိုင်ကြောင်း ဦးအောင်ဝင်းက ပြောသည်။

‘‘ခရမ်း၊ သုံးခွတို့ မှော်ဘီ၊ တိုက်ကြီးမြို့နယ်ဘက်က ရေသန့်ပို့တဲ့ကားတွေ၊ လယ်ယာလုပ်ငန်း သုံးယာဉ်တွေ သုံးတဲ့သူတွေက COE ပေးရရင်မတန်ဘူး’’ဟု ၎င်း က ပြောသည်။

၂၀၁၈ မော်တော်ယာဉ်တင် သွင်းခွင့်မူဝါဒအရ တင်သွင်းရ မည့် ကားမော်ဒယ်ကန့်သတ်ထား သဖြင့် COE စနစ်ဖြင့် ကားဝယ်ယူရာတွင် ကားစီးရေအများအပြားဝင်ရောက်လာနိုင်ခြင်းမရှိကြောင်း ကားအရောင်းအ၀ယ် ပြုလုပ်သူ ဦးမင်းမင်းထွန်းက ပြောကြားသည်။