မောင်သန့်တို့ဆီက ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးပွဲ

ယခုအခါ မြို့တကာနယ်ရွာ အဆုံးတအုန်းအုန်း တကျွက်ကျွက်ဆင်နွှဲလျက်ရှိကြသည်ကား ရပ်ကျေးအုပ်ချုပ်ရေးမှူးရွေးပွဲများပဲ ဖြစ်ပါတယ်ဗျ။ ၂၀၁၇ နိုဝင်ဘာလအတွင်း သမ္မတရုံးက ထုတ် ပြန်လိုက်တဲ့ ညွှန်ကြားချက်အရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ၂၀၁၈ ဧပြီလအတွင်း အပြီးရွေး ချယ်ကြရမှာပါဗျ။ မောင်သန့်တို့ ဆီမှာလည်း ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၁ ရက်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အပြီးရွေးခဲ့ကြတယ်ခင်ဗျ။

 မောင်သန့်တို့ မြို့က ရပ် ကွက်ကြီး သုံးခုပဲရှိပါတယ်။ ရပ် ကွက်အုပ်ချုပ်ရေးမှူးရွေးပွဲကို တစ်နေ့တည်း၊ တစ်ချိန်တည်းမှာ သုံးနေရာခွဲပြီး လုပ်မယ်လို့ ကြို တင်သတင်းကြားထားတယ်ခင် ဗျ။ ဒါပေသိ ဇန်န၀ါရီ ၂၀ ရက်နေ့ ညမှာ နောက်တစ်နေ့အုပ်ချုပ်ရေး မှူးရွေးပွဲအတွက် မဲလာပေးကြဖို့ လိုက်ကြေညာတော့ ရပ်ကွက်နှစ် ခုကပဲ လိုက်ကြေညာသံကြားရပါ တယ်။ ရပ်ကွက်တစ်ခုကလိုက် ကြေညာသံမကြားရဘူးခင်ဗျ။ မောင်သန့်စိတ်ထဲ ‘‘သြော်...ရပ် ကွက်တစ်ခုက နောက်ရက်မှ လုပ်မယ်ထင်ပါရဲ့’’လို့ တွေးလိုက်မိပါ တယ်။ အဲဒီညက မောင်သန့်ဖေ့စ် ဘွတ်ခ်ဖွင့်ကြည့်လိုက်တော့ ဖေ့စ် ဘွတ်ခ်ပေါ်မှာ သူ့ရပ်ကွက်နဲ့ သူအုပ်ချုပ်ရေးမှူးလောင်းတွေရဲ့ ဓာတ်ပုံတွေနဲ့ သူတို့ရဲ့ အရည်အချင်းတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်လာခဲ့ရင် ရပ်ကွက်အတွက် သူတို့လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေ တင်ထားတာတွေ့ရပါတယ်ဗျ။

မောင်သန့်တို့ မြို့ကလည်း ခပ်သေးသေးဆိုတော့ ဘယ်ရပ် ကွက်ကပဲဖြစ်ဖြစ် တစ်မြို့လုံးသိ နေတာမို့ ဘယ်သူဖြစ်ရင်ကောင်း မယ်၊ ဘယ်သူဆိုရင်တော့ မ ကောင်းဘူးလို့ ဖေ့စ်ဘွတ်ခ်ထဲက ပုံတွေကြည့်ပြီး မောင်သန့်တွေးနေမိပါတယ်။ ဒီလိုနဲ့ နောက်တစ်နေ့ (ဇန်န၀ါရီ ၂၁ ရက်) ညနေ ၄ နာရီခွဲလောက်မှာ သတင်းတွေအကုန် ကြားရပါတယ်။ ရပ်ကွက်တစ်ခု ကတော့ အုပ်ချုပ်ရေးမှူးအဟောင်းက ၀င်အရွေးမခံလို့ ပြီးခဲ့တဲ့ ၂၀၁၆ ဇန်န၀ါရီလက ပြုလုပ်ခဲ့တဲ့ ရပ် ကျေးအုပ်ချုပ်ရေးမှူးရွေးပွဲမှာ အုပ်ချုပ်ရေးမှူးဟောင်းကို ပွတ် ကာသီကာရှုံးခဲ့တဲ့သူက အခုပြန် ရွေးတော့ အနိုင်ရပါတယ်။ တ ကယ်လို့သာ အုပ်ချုပ်ရေးမှူးအဟောင်းက ၀င်အရွေးခံဦးမယ်ဆို ရင် ပြောလို့မရပါဘူး။

နောက်ရပ်ကွက်တစ်ခုက တော့ အုပ်ချုပ်ရေးမှူးအဟောင်းက ၀င်ပြိုင်ပါတယ်။ အဲဒီရပ်ကွက်မှာ လက်ရှိအုပ်ချုပ်ရေးမှူးအဟောင်းအပါအ၀င် ကိုယ်စားလှယ်လောင်း လေးဦးအထိ ၀င်ပြိုင်ခဲ့ပါတယ်။ အဲဒီအထဲမှာ လူထုဘက်ကရပ်တည်ပြီး ပြည်ထဲရေးရဲ့ ခန့်အပ်ခံမြို့နယ်အုပ်ချုပ်ရေးမှူးတွေကို အကျိုးသင့်အကြောင်းသင့်ပြန် လှန်ထောက်ပြပြောရဲဆိုရဲရှိသူ တွေပါပါတယ်။ ဒါပေသိ တကယ် မဲပေးရွေးချယ်တဲ့အခါမှာတော့ ယခင်အုပ်ချုပ်ရေးမှူးအဟောင်းကပဲ မဲအပြတ်အသတ်နဲ့ အနိုင်ရ သွားပါတယ်။ ဘာလို့လဲဆိုတော့ အုပ်ချုပ်ရေးမှူးအဟောင်းနဲ့ ပလဲနံပမသင့်တဲ့ ဆယ်အိမ်မှူးတွေ၊ ရာအိမ်မှူးတွေက ရပ်ကွက်ထဲမှာ ကြိုတင်ပြီး မဲဆွယ်စည်းရုံးထားနိုင်လို့ပါပဲ။ မောင်သန့်တို့ လူမျိုးရဲ့ အကျင့်ကလည်း အရင်တုန်းက ဘယ်လိုပဲ မကောင်းတာလုပ်ထားလုပ်ထား အခုလောလောဆယ်ပေးနေ၊ ကျွေးနေရင် အဲဒီပေးတဲ့၊ ကျွေးတဲ့သူဘက်ပါသွားတတ်တာကိုးခင်ဗျ။

ဒါကြောင့် ထင်ပါရဲ့။ မောင် သန့်တို့ဆီက နောက်ရပ်ကွက်တစ်ခုကတော့ လက်ရှိအုပ်ချုပ်ရေးမှူး ကို ယှဉ်ပြီးပြိုင်မယ့်သူကို မရှိလို့ လူထုတွေမဲပေးစရာမလိုဘဲ လက်ရှိအုပ်ချုပ်ရေးမှူးအဟောင်းကပဲ ဥပဒေအရ အုပ်ချုပ်ရေးမှူးအသစ် ဖြစ်သွားရပါတယ်။ ဒါဟာ ဘာကို ပြသလဲဆိုတော့ လွှတ်တော်က တတိယအကြိမ်ပြင်ဆင်ပြဋ္ဌာန်း လိုက်တဲ့ ရပ်ကျေးအုပ်ချုပ်ရေး ဥပဒေမှာ အားနည်းချက်တွေရှိနေ တယ်ဆိုတာပါပဲ။ တကယ်ဆို တစ်အိမ်ထောင်တစ်မဲစနစ်ထက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်ရှိခဲ့ ရင် လူငယ်တွေထဲမှာ အဟောင်း ကို ပြောင်းချင်သူတွေ၊ အသစ်ကို ချစ်ချင်သူတွေပါလာနိုင်ပါတယ်။  အခုတော့ မောင်သန့်တို့မှာ အ ဟောင်းကို ကော်ပတ်စား၊ ရွေ ပေါ်ထိုးထားတဲ့ မသစ်တသစ်နဲ့  ညားရပါတယ်ခင်ဗျ။

 ဘာပဲဖြစ်ဖြစ် အတည်ပြု ထားတဲ့ ဥပဒေအရ မောင်သန့်တို့ မကြိုက်လည်း နောက်ထပ် ၂ နှစ် ခွဲတော့ အောင့်အည်းသည်းခံနေရ မှာပဲခင်ဗျ။ ဒီတော့ အသစ်ဖြစ် လာတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး တွေကို မောင်သန့်ပြောချင်ပါ တယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှူး ဆိုတာ ရပ်ကျေးလူထုနဲ့ အစိုးရ အကြားက ပေါင်းကူးဆက်သွယ် ပေးရသူတွေပါခင်ဗျ။ ဒါကြောင့် ရပ်ရွာလူထုတွေရဲ့ လိုအပ်ချက် တွေကို အစိုးရနားပေါက်အောင် ပြောသင့်ပြောထိုက်၊ တင်ပြသင့် တင်ပြထိုက်တာတွေကို ရဲရဲဝံ့ဝံ့ တင်ပြပေးဖို့ လိုပါတယ်။ ဟိုအရင်မဆလ၊ န၀တ၊ နအဖလက်ထက် တွေက ရပ်ရွာလူကြီးတွေလို ကိုယ့်အထက်ကလူကြီးတွေ မျက်နှာ လုပ်ပြီး ရပ်ရွာလူထုကို ဖိထောင်း တာမျိုးမလုပ်မိစေဖို့ သတိပေးချင် ပါတယ်ခင်ဗျ။

နောက်ပြီး အခုရာသီဟာ ဘာသာရေး၊ လူမှုရေးနဲ့ ဆက်စပ် နေတဲ့ ပွဲလမ်းသဘင်ပေါတဲ့ ရာသီပါဗျ။ မင်္ဂလာဆောင်တွေက ဖွင့် တဲ့ ဆောင်းဘောက်စ်သံတွေ၊ ဘာ သာရေးအကြောင်းပြုတဲ့အလှူအ တန်းတွေက အသံချဲ့စက်သံတွေ ကို နေ့စဉ်နဲ့အမျှ ကြားနေရပါ တယ်။ တစ်ချိန်တည်းမှာပဲ အခြေ ခံပညာကျောင်းတွေရဲ့ စာမေးပွဲ တွေစစ်ဆေးတဲ့ ရာသီလည်းဖြစ် ပါတယ်။ ကျောင်းတွင်းစစ်အတန်းတွေဖြစ်တဲ့ ၅၊ ၆၊ ၇၊ ၉ တန်းတွေ က ဖေဖော်ဝါရီ ၆ ရက်မှာ စစစ် တော့မှာပါဗျ။ ကျောင်းပြင်ပစစ် အတန်းတွေဖြစ်တဲ့ ၄၊ ၈ တန်းတွေက ဖေဖော်ဝါရီ ၁၉ ရက်၊ တက္က သိုလ်ဝင်တန်းစာမေးပွဲက မတ်လ ၇ ရက်ဆိုစတင်စစ်ဆေးတော့မှာ ပါ။ ဒါပေသိ အသံချဲ့စက်သံတွေ က နေ့စဉ်အချိန်နဲ့ အမျှ ဟိုက၊ ဒီက မပြတ်အောင်ကြားနေရပါ တယ်ဗျ။

မနက်အစောကြီး ၄ နာရီ ထိုးပြီးခါစရှိသေး။ ‘အခါတော် ပေးတာက’ လုပ်နေပါပြီ။ ည ၉ နာရီခွဲ၊ ၁၀ နာရီထိုးခါနီးအထိ လည်း ကြားချင်မှန်းမသိ၊ မကြား ချင်မှန်းမသိ တီးလုံးနောက် သီချင်းကုန်းကြောင်း လျှောက်တဲ့ကာရာ အိုကေဆိုသံတွေကို ကြားနေရဆဲ ပါဗျ။ ရပ်ကျေးအုပ်ချုပ်ရေးဥပဒေ အရ အသံချဲ့စက်အသုံးပြုခွင့်ကို ရပ်ကျေးအုပ်ချုပ်ရေးမှူးများထံ က တောင်းခံရမှာဖြစ်ပါတယ်ဗျ။ ခွင့်ပြုချက်မရှိဘဲ အသုံးပြုရင် တည်ဆဲဥပဒေအရ အရေးယူမှာ ပါ။ ခွင့်ပြုချက်ပေးတဲ့အခါမှာ လည်း အများပြည်သူများအား အနှောင့်အယှက်မဖြစ်စေရေးအ တွက် ခွင့်ပြုသည့်ဥပစာအတွင်း အများပြည်သူကြားသိရုံမျှသာ ဖွင့်ခွင့်ပြုဖို့ ပြဋ္ဌာန်းထားပါတယ်ဗျ။ ဒါ့အပြင် အသံချဲ့စက်အသုံးပြုချိန် ကိုလည်း ပုံမှန်အားဖြင့် မနက် ၆ နာရီမှ ည ၉ နာရီအထိသာခွင့်ပြု ရမှာပါဗျ။

မောင်သန့်တို့ဆီမှာတော့ ဘယ်အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြု ချက်နဲ့ ဖွင့်နေကြသလဲမသိဘူး ခင်ဗျ။ ညဆိုလည်း ၉ နာရီလည်း မရပ်၊ ၁၀ နာရီလည်းမနား၊ မနက်ဆိုလည်း ၀ီရိယကောင်းကောင်းနဲ့ ၄ နာရီဒေါင်ဆိုကတည်းက ထဖွင့်ကြတော့တာပါပဲဗျ။

အသံချဲ့စက်ဥပဒေကို နား မလည်ဘူးဆိုရင်လည်း အသံချဲ့ စက်ဖွင့်ဖို့ ခွင့်ပြုမိန့်လာတောင်း ကတည်းက ရပ်ကျေးအုပ်ချုပ်ရေး မှူးတွေက ရှင်းပြရမှာပါဗျ။ ကိုယ် အုပ်ချုပ်တဲ့ ရပ်ကွက်၊ ကျေးရွာအ တွင်း အသံချဲ့စက်လုပ်ငန်းလုပ် ကိုင်သူအားလုံးကို ခေါ်ပြီး လုပ် ငန်းလိုင်စင်ရှိ၊ မရှိ၊ မရှိရင် လိုင်စင် လုပ်ဖို့ လိုင်စင်မရှိဘဲ ဖွင့်ခွင့်မရှိတဲ့ အကြောင်းကြိုတင်ရှင်းပြရပါ မယ်။ ပြီးတော့ ခွင့်ပြုမိန့်ကိုလည်း သုံးရက်ကြိုလျှောက်ဖို့၊ ဥပဒေပါ စည်းမျဉ်းစည်းကမ်းနဲ့အညီ အသုံးပြုပါမယ်ဆိုမှ ခွင့်ပြုပေးရမှာဖြစ် ပါတယ်။ ဒီလိုမဟုတ်ဘဲ ပတ်ဝန်း ကျင်က နားမခံသာလို့ လှမ်းတိုင်မှ ‘‘တိုင်လို့ပိတ်ခိုင်းရတာပါ’’ဆိုပြီး ကိုယ့်တာဝန်မဟုတ်သလို ပတ်ဝန်းကျင်ကို လွှဲချမယ်ဆိုရင်တော့ နဂိုကတည်းက အုပ်ချုပ်ရေးမှူး ၀င်အရွေးမခံသင့်ပါဘူးလို့ ဆိုချင် ပါတယ်ခင်ဗျ။

အခုတော့ ဥပဒေအရ တစ်အိမ်ထောင်တစ်မဲဆိုတော့ အိမ်ထောင်ဦးစီးတွေက အလုပ်သွား၊ အိမ်ရှင်မတွေက မဲသွားပေး။ မောင်သန့်တို့ မြန်မာလူမျိုးတွေရဲ့ အကျင့်အတိုင်းပြီးပြီးရောဆိုပြီး ရပ်ကွက်အကျိုး တကယ်လုပ်သူလား၊ အယောင်ပြလား မစဉ်းစား။ လောလောလတ်လတ်လူကြီးလို့ မြင်ထားတဲ့ အဟောင်းကိုပဲ အားနာနာနဲ့ ပြန်ရွေးကြတော့ အဟောင်းတွေ ၀င်အရွေးမခံတဲ့ ရပ်ကွက်လောက်ပဲ အသစ်တက်ခွင့်ရကြပါတယ်ဗျ။

အင်း...ဒီလိုနဲ့ပဲ မောင်သန့် တို့တစ်တွေဟာ အဟောင်းတွေ နဲ့ပဲ နေသားကျလာခဲ့ကြတော့ အသစ်ဆိုတာ အဟောင်းကို ရွေ ပေါ်ထိုး၊ ကော်ပတ်စားထားတာ လို့ပဲ နားလည်နေကြပါတော့တယ်ဗျ။  ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)